မြိတ်မြို့၏ အဓိကပင်မစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော ရေထွက်ကုန်ပစ္စည်း တင်ပို့မှု နှစ်အလိုက် သိသာစွာ ကျဆင်းလာ

မြိတ်မြို့၏ အဓိကပင်မစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော ရေထွက်ကုန်ပစ္စည်း တင်ပို့မှု နှစ်အလိုက် သိသာစွာ ကျဆင်းလာ
Published 18 January 2015
ဇော်မိုးဦး

မြိတ်မြို့၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှာ နှစ်အလိုက် သိသာစွာ ကျဆင်းလာနေကြောင်း မြိတ်စစ်ဆေးရေးစခန်းမှ သတင်းရရှိသည်။ရေထွက်ကုန်ပစ္စည်းများ အဓိက တင်ပို့ခဲ့သော မြိတ်မြို့မှ ပြီးခဲ့သည့် ငါးနှစ်အတွင်း တင်ပို့သည့် ကုန်ချိန်များစွာ ကျဆင်းခဲ့ရသလို သုံးနှစ်အတွင်း ရေထွက်ပစ္စည်းများ ပြည်ပသို့ တိုက်ရိုက်တင်ပို့မှုမှ ရရှိသည့် ငွေမှာလည်း သိသာစွာ ကျဆင်းလာနေခဲ့ကြောင်း သိရသည်။ မြိတ်မြို့မှ ရေထွက်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေကြပြီး ကုန်ကြမ်းအဖြစ်သာ တင်ပို့မှုများကြောင်း သိရသည်။“ဒီနှစ်အတွက် လျာထားတာကတော့ အမေရိကန်ဒေါ်လာ ၉၅ သန်းပါ။ ဆောင်ရွက်ထားနိုင်တဲ့ အခြေအနေက ၇၉ ဒသမ ၂၂ ရာခိုင်နှုန်း ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာတော့ ၈ ဒသမ ၉၄၄ သန်း ဆောင်ရွက်ထားပြီးပါပြီ။ တင်ပို့မှုတွေကို မြိတ် FOB စခန်းကနေ စစ်ဆေးပြီး တင်ပို့ပေးရပါတယ်” ဟု မြိတ်စစ်ဆေးရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ပင်လယ်ပြင်အတွင်း ရေသယံဇာတများ တစ်နှစ်ထက်တစ်နှစ် ရှားပါးလာနေသလို ကမ်းဝေးငါးဖမ်းလှေကြီးများက ကမ်းနီးသို့ ဝင်ဆွဲခြင်းများ ပြုလုပ်နေကြောင်း တံငါသည်များက ပြောကြားသည်။ ငါးမဖမ်းရ သတ်မှတ်ထားသည့် နေရာများ၊ ကမ်းနီးနေရာများသို့ ငါးဝင်ဖမ်းခြင်းများကြောင့် ငါးမျိုးစိတ်များ ရှားပါးလာသလို ဒီရေတောများ တဖြည်းဖြည်း ရှားပါးလာခြင်း၊ ငါးဖမ်းရာသီ သတ်မှတ်မှု မှားယွင်းနေခြင်းများမှာလည်း သယံဇာတ ရှားပါးလာသည့် အဓိက အကြောင်းချက်များဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။“ပင်လယ်ထဲမှာ ဌာနဆိုင်ရာတွေက လိုက်လည်း ကြည့်မနေနိုင်ပါဘူး။ ငါးဖမ်းလှေကြီးတွေကလည်း ငါးမဖမ်းရနေရာတွေမှာ ငါးပိုပေါတဲ့အတွက် အကျင့်ပျက်တဲ့ ဝန်ထမ်းတွေနဲ့ ညှိပြီး ငါးဝင်ဆွဲကြတယ်။ ပင်လယ်ထဲကနေ တိုက်ရိုက်တင်ပို့လိုက်ကြတယ် ဆိုတာက မရိုးနိုင်တဲ့ ပုံပြင်တွေပါ။ အခုထိလည်း ရှိနေပါသေးတယ်။ ဒါတွေကို မဖော်ထုတ်နိုင်သေးသရွေ့တော့ ဘာမှထူးလာမှာ မဟုတ်ပါဘူး။ မကြာခင်မှာ မြန်မာ့ပင်လယ်ပြင်ကြီးလည်း ထိုင်းပင်လယ်လို ဖြစ်သွားပါလိမ့်မယ်” ဟု ရေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။မြိတ်စစ်ဆေးရေးစခန်းမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့မှုတွင် ၂၀၁၀-၁၁ ခုနှစ်က ရေယာဉ်အစင်းရေ ၁၁၆၈ စင်းဖြင့် ကုန်ချိန် ၁၀၈၆၆၇ ဒသမ ၆၃၂ တန်၊ ၂၀၁၁-၁၂ ခုနှစ်တွင် အစင်းရေ ၁၀၄၂ စင်းဖြင့် ကုန်ချိန် ၁၀၃၅၁၉ ဒသမ ၄၅၇ တန်၊ ၂၀၁၂-၁၃ ခုနှစ်တွင် အစင်းရေ ၁၀၈၅ စင်းဖြင့် ကုန်ချိန် ၁၀၁၇၅၅ ဒသမ ၆၅၁ တန်၊ ၂၀၁၃-၁၄ ခုနှစ်တွင် အစင်းရေ ၉၇၉ စင်းဖြင့် ကုန်ချိန် ၉၀၄၇၅ ဒသမ ၀၂၉ တန်၊ ၂၀၁၄-၂၀၁၅ နိုဝင်ဘာလအထိ အစင်းရေ ၅၇၉ စင်းဖြင့် ကုန်ချိန် ၆၁၃၂၆ ဒသမ ၂၀၅ သာ တင်ပို့နိုင်ခဲ့ခြင်းကြောင့် တင်ပို့နိုင်မှုပမာဏ ကျဆင်းလာနေကြောင်း သိရသည်။ရေထွက်ပစ္စည်း ပြည်ပသို့ တိုက်ရိုက်တင်ပို့မှုမှလည်း ပြီးခဲ့သည့် သုံးနှစ်အတွင်း သိသာစွာ ကျဆင်းခဲ့ပြီး ၂၀၁၂-၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၂ ဒသမ ၂၆၉ သန်းရှိရာမှ ၂၀၁၃-၁၄ ခုနှစ်တွင် ၁၀၀ ဒသမ ၅၄၃ သန်း၊ ယခု ဘဏ္ဍာရေးနှစ်တွင် ၉၅ သန်းသာ လျာထားနိုင်တော့ကြောင်း သိရသည်။

Most Read

Most Recent