မစ္စရန်ဟီးလီနဲ့ မစ္စတာဘန်ကီမွန်တို့ သိထားဖို့က ဖြစ်နေတဲ့ပြဿနာဟာ ရခိုင်တိုင်းရင်းသားလူမျိုးများနဲ့ ဘင်္ဂါလီရိုဟင်ဂျာများကြားက ပြဿနာ မဟုတ်ပါခင်ဗျာ

မစ္စရန်ဟီးလီနဲ့ မစ္စတာဘန်ကီမွန်တို့ သိထားဖို့က ဖြစ်နေတဲ့ပြဿနာဟာ ရခိုင်တိုင်းရင်းသားလူမျိုးများနဲ့ ဘင်္ဂါလီရိုဟင်ဂျာများကြားက ပြဿနာ မဟုတ်ပါခင်ဗျာ
Published 18 January 2015
နေထွန်းနိုင်

(၁)
ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရောက်ခဲ့ပြီးတိုင်း“ဘင်္ဂါလီရိုဟင်ဂျာ” ပြဿနာကို အမြဲ မီးထိုးပေးပါတယ်။ သူတို့ ခြေလှမ်းတွေကို စောင့်ကြည့်ဖန် များလာတဲ့အခါ သူတို့ရဲ့ ပြောဆို၊ လုပ်ကိုင်မှုတွေက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။ 
 
ပြီးခဲ့တဲ့ နိုဝင်ဘာက နေပြည်တော်မှာ လုပ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် တက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ၊ သတိပေးစရာတွေ အများကြီး ရှိတဲ့အထဲက ဘင်္ဂါလီကိစ္စကို မီးထိုးပြီး ပြန်သွားပါတယ်။ 
 
ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ တိုက်တွန်းချက် ထွက်လာပါတယ်။ တစ်ဖက်သတ် ဆန်လွန်းတဲ့ တိုက်တွန်းချက်ပါ။ 
 
၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ ပထမဆုံး လာခဲ့ဖူးပါတယ်။ ဇန်နဝါရီ ၇ ရက်ကနေ ၁၆ ရက်အထိ ကြာမြင့်တဲ့ မစ္စရန်ဟီးလီရဲ့ ခရီးစဉ် အဆုံးသတ်မှာလည်း ဘင်္ဂါလီ ကိစ္စကိုပဲ မီးမွှေးပါတယ်။ 
 
ဇန်နဝါရီ ၁၆ ရက်၊ သူ မပြန်ခင် လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ခရီးစဉ်အတွက် သတင်း ထုတ်ပြန်ချက်ကို သူကိုယ်တိုင် ဖတ်ပြခဲ့ပါတယ်။ ထုတ်ပြန်ချက်ရဲ့ သုံးပုံတစ်ပုံ နီးပါးက ရခိုင်ပြည်နယ် အခြေအနေနဲ့ ဘင်္ဂါလီ အရေးပဲ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ် ကိုးရက်တာ ကာလမှာ သုံးရက်က ရခိုင်ပြည်နယ်မှာ အချိန်ကုန်ခဲ့ပါတယ်။ 
 
(၂)
 
ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ရင် ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပါ ကျွန်တော်တို့ ထောက်ပြနေတာက သတင်း အမှားတွေ ရနေသလား ဆိုတဲ့ အချက်ပါ။ သတင်းအမှားကို မှားမှန်း သိပေမဲ့ သတင်းမှန် လုပ်ချင်သူတွေလည်း သူတို့ဆီမှာ ရှိနေပါတယ်။ စိုးရိမ်စရာပါ။ 
 
မစ္စရန်ဟီးလီက သူ့ရဲ့ မြန်မာနိုင်ငံ ဒုတိယ ခရီးစဉ်အစမှာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေး သမားတွေနဲ့ ဦးစွာတွေ့ပါတယ်။ ပြဿနာ မရှိပါဘူး။ 
 
ရခိုင်က ပြန်လာပြီး ပုဂ္ဂလိက မီဒီယာသမား တစ်ချို့ကို တွေ့ချိန်မှာတော့ မေးခွန်း ထုတ်စရာ ပေါ်ပါတယ်။ ဘယ်လိုစံနှုန်း သတ်မှတ်ချက် ထားပြီး ရွေးချယ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းပါ။ 
 
မစ္စရန်ဟီးလီးနဲ့ တွေ့ဆုံခဲ့တဲ့ မီဒီယာသမား ခြောက်ဦး ရှိပါတယ်။   ဦးသီဟစော၊ ဦးဆန်နီဆွေ၊ ဦးစည်သူအောင်မြင့်၊ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ ဦးတိုးဇော်လတ် နဲ့ ဦးကျော်စွာမိုးတို့ ဖြစ်ပါတယ်။ 
 
သူတို့ကို ပြန်ပြီး ဆန်းစစ်တဲ့ အခါ ဦးသီဟစောက မြန်မာတိုင်းမ် ဂျာနယ်က ဖြစ်ပါတယ်။ ဦးဆန်နီဆွေက မဇ္ဈိမ သတင်းစာရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်ပါတယ်။  အရင် ထောက်လှမ်းရေး ခေတ်က ထုတ်ဝေခဲ့တဲ့ မြန်မာတိုင်းမ် ဂျာနယ်ကို ပူးတွဲ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပြီး အရင် ထောက်လှမ်းရေး အရာရှိချုပ်ရုံး၊ နိုင်ငံတကာ ဆက်ဆံရေးဌာန ဌာနကြီးမှူး ဗိုလ်မှူးချုပ် သိန်းဆွေ (အငြိမ်းစား) ရဲ့ သား ဖြစ်ပါတယ်။ မဇ္ဈိမ သတင်းဌာနဆိုတာ တစ်ချိန်က မြန်မာအစိုးရ အတိုက်အခံ မီဒီယာတစ်ခု အဖြစ် အိန္ဒိယမှာ တည်ထောင်ခဲ့တာပါ။ အခုချိန်မှာ အဲဒီဂုဏ်ဒြပ် မရှိတော့ပါဘူး။
 
နောက်တစ်ဦးက ဦးစည်သူအောင်မြင့်ပါ။ သူ့ကို ဘယ်လို အနေနဲ့ ဖိတ်ကြားခဲ့သလဲ မသိပါ ဘူး။ မဇ္ဈိမ သတင်းစာရဲ့ ပင်တိုင် ဆောင်းပါးရှင် ဖြစ်တာမို့ မဇ္ဈိမ တစ်ခုတည်းက နှစ်ဦး တက်တယ်လို့ ယူဆရင်လည်း ရနိုင်ပါတယ်။ မသီတာ (စမ်းချောင်း) က   PEN Myanmar ရဲ့ ဥက္ကဋ္ဌ၊ ပဲ့တင်သံ သတင်းဂျာနယ်ကို ဦးဆောင်သူတစ်ဦး ဖြစ်ပါတယ်။ ဦးတိုးဇော်လတ်က DVB သတင်းဌာနကပါ။ ဦးကျော်စွာမိုးက ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းက အယ်ဒီတာ ဖြစ်ပါတယ်။ 
 
မစ္စရန်ဟီးလီ တွေ့ခဲ့တဲ့ မီဒီယာသမား အများစုက မွတ်ဆလင် အရေးကို စောင်းပေး ပြောကြသူတွေ ဖြစ်ပါတယ်။ ဧရာဝတီ သတင်းဌာနဆိုရင် ဘင်္ဂါလီတွေ ဘက်ကချည်း ရပ်တည် ရေးသားလို့ လူထုကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတာ ရှိပါတယ်။ 
 
(၃)
 
သူတို့ ခြောက်ဦးထဲမှာ ပါတဲ့ ဦးစည်သူအောင်မြင့်က အထူး ပြောစရာ မလိုပါဘူး။ အစ္စလာမ်မစ် အစွန်းရောက်တွေ တည်ထောင်ထားတဲ့  မွတ်ဆလင် ဝါဒဖြန့်ချိရေး Mmedia က သူတို့ ဝက်ဘ်စာမျက်နှာမှာ နေရာပေး ဖော်ပြလောက်ရတဲ့ အထိ ဆောင်းပါးများစွာ ရေးခဲ့ပါတယ်။ 
 
၂ဝ၁၃ ခုနှစ်ထဲမှာ သူရေးခဲ့တဲ့ စာတွေအရ ဘင်္ဂါလီ အရေးမှာ ရခိုင် တိုင်းရင်းသားတွေကို အပြစ် ဖို့ချင်တဲ့ ရည်ရွယ်ချက်တွေ တွေ့ရပါတယ်။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၇ ရက်ထုတ် မြန်မာတိုင်းမ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့“လောင်မြိုက်နေဆဲ ရခိုင်” ဆောင်းပါးမှာ ဒီအချက်ကို အထင်အရှား တွေ့ရပါတယ်။ 
 
၂ဝ၁၄ ခုနှစ်မှာတော့ ရခိုင် တိုင်းရင်းသားတွေကို အပြစ်ဖို့ချင် ရုံမကဘဲ အစွန်းရောက်သူတွေ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်အောင်ကိုပါ သူက ပုံဖော်လာပါတယ်။ ၂ဝ၁၄ ခုနှစ် ဧပြီ ၃ ရက်ထုတ် မြန်မာတိုင်းမ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “ရခိုင် ပြဿနာ ဘယ်သူ့မှာ တာဝန်ရှိသလဲ” ဆောင်းပါးနဲ့ ၂ဝ၁၄ ခုနှစ် ဧပြီ ၄ ရက်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြတဲ့ “ရခိုင် ဒီမိုကရေစီ ကျဆုံးခန်း” ဆောင်းပါးတွေမှာ ဒီအချက်ကို တွေ့လာ ရပါတယ်။ 
 
၂ဝ၁၅ ခုနှစ် ရောက်ချိန်မှာလည်း သူ့ဘက်က အမြင် ပြောင်းသွားခဲ့တာ မရှိပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမပတ်မှာ VOA မြန်မာပိုင်း သတင်းဌာန ဝက်ဘ်ဆိုက်မှာ ဦးစည်သူအောင်မြင့် ရေးသားခဲ့တဲ့ “နိုင်ငံတကာ မိသားစုရဲ့အသံကို နားထောင်ပါ”ဆိုတဲ့ အတွေးအမြင် ဆောင်းပါးကို ဖော်ပြပါတယ်။ ဒီဆောင်းပါးရဲ့ဆိုလိုရင်းက ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ထုတ်ဖော် ပြောဆိုလိုက်တဲ့ ကုလသမဂ္ဂ တိုက်တွန်းချက်ကို ထောက်ခံ ရေးသားတဲ့ သဘော ဆောင်ပါတယ်။ 
 
ဘင်္ဂါလီ အရေး ထောက်ခံ ရေးသားသူတွေ ကြားမှာ နေရာပေး ခံခဲ့ရပေမဲ့ ရခိုင် တိုင်းရင်းသားတွေ ကြားတော့ ဦးစည်သူအောင်မြင့်ရဲ့ ရေးသားချက်တွေက တစ်ဖက်သတ် စွပ်စွဲချက်တွေလို ဖြစ်ခဲ့ပါတယ်။ 
 
ဒီနေရာမှာ ရခိုင်ပြည်နယ်ကို ဦးစည်သူအောင်မြင့် ရောက်ဖူးသလား၊ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေ ကြားထဲသွားပြီး အသေးစိတ် လေ့လာ ဖူးသလားဆိုတာ မေးခွန်းထုတ်ရပါမယ်။ 
 
၂ဝ၁၂ ခုနှစ် ရခိုင် ပဋိပက္ခရဲ့ အမြင့်ဆုံး ရေချိန်၊ စစ်တွေမြို့ မီးဟုန်းဟုန်း တောက်နေချိန်မှာ ရခိုင်ပြည်နယ်ကို ကျွန်တော်သွားပြီး သတင်းယူခဲ့ပါတယ်။ နှစ်ဖက် အခြေအနေ၊ ကိုယ်စားပြု အသံတွေကို ရခဲ့ပါတယ်။ ရခိုင် တိုင်းရင်းသားတွေဟာ အစွန်း ရောက်သူတွေ မဟုတ်ပါဘူး။ 
 
(၄)
 
ဘင်္ဂါလီ အရေးမှာပဲဖြစ်ဖြစ်၊ တရုတ်အရေးမှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ Eleven Media Group  ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ အမျိုးသား လုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွား ရှုထောင့် တစ်ခုတည်းကပဲ ရပ်တည်ပါတယ်။ သေချာတဲ့ အချက်က ဘင်္ဂါလီတွေဟာ မြန်မာ တိုင်းရင်းသား ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ 
 
ဒါကြောင့်ပဲ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း၊ မီဒီယာ တစ်ချို့ဟာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ရဲ့ အကြံပြု ပြောဆိုချက်တွေကို နားထောင်လေ့ မရှိပါဘူး။
 
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကာလမှာ မစ္စတာ ဘန်ကီမွန်က သတင်းဌာန ဆယ်ခုနဲ့ သီးသန့် သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ Eleven Media Group  ကို မခေါ်ပါဘူး။ သူ့အတိုင်းပဲ မစ္စရန်ဟီးက ပုဂ္ဂလိက မီဒီယာ သမားတွေနဲ့ တွေ့ပါတယ်။ Eleven Media Group  မပါပါဘူး။ 
 
ဒီအတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပြန်ကြားရေး အရာရှိကို မေးပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ မီဒီယာ၊ စာဖတ် ပရိသတ် အားပေးမှု အများဆုံး ရထားတဲ့ မီဒီယာတစ်ခုကို ဘာကြောင့် မဖိတ်သလဲလို့ မေးပါတယ်။ ဖိတ်ကြားမှု တွေအတွက် ဘယ်လိုစံနှုန်း သတ်မှတ်သလဲဆိုတာ သိချင်တာပါ။ 
 
“ပြောလို့ မရပါဘူး” ဆိုတဲ့ တစ်ခွန်းက လွဲပြီး သူ့ဘက်က ပြန်ဖြေခဲ့တာ မရှိပါဘူး။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ ပြန်ကြားရေး တာဝန် ယူထားပေမယ့် လိုအပ်တဲ့ မေးခွန်းတိုင်း ပြန်ဖြေပေးလေ့ မရှိတာက ထုံးစံလို ဖြစ်နေတဲ့ အတွက် သူ့အဖြေကို မအံ့ဩမိပါဘူး။ 
 
(၅)
 
ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေ ခွဲခြား ဆက်ဆံခံရတယ် ဆိုတဲ့စကားကို ကုလသမဂ္ဂက အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ရခိုင် တိုင်းရင်းသားတွေလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ခွဲခြား ဆက်ဆံခံရမှုကို ခံနေ ကြရတာပါပဲ။ ဒါက တစ်ချက် ဖြစ်ပါတယ်။ 
 
နောက်တစ်ချက်က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ က မြန်မာနိုင်ငံသား လုံးဝမဟုတ်တဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာ အဖြစ် ခေါ်ပါတယ်။ မြန်မာနိုင်ငံသား စာရင်း သွင်းစေချင်ပါတယ်။ ဒီဇင်ဘာက ထွက်ပေါ်ခဲ့တဲ့ ကုလသမဂ္ဂ တိုက်တွန်းချက်မှာ ဒီအချက် ပါဝင်ပါတယ်။ 
 
ဘင်္ဂါလီတွေကို နိုင်ငံသား အခွင့်အရေးပေးဖို့နဲ့ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ မြန်မာအစိုးရကို တိုက်တွန်းတာပါ။ 
 
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတာကို မြန်မာ အစိုးရက တရားဝင် ထုတ်ဖော် ပြောကြား ထားပါတယ်။ ဘင်္ဂါလီ အသုံးအနှုန်းကို လက်ခံပေမယ့် သူတို့ရဲ့ နိုင်ငံသား ဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ပဲ ဆုံးဖြတ်ပါတယ်။ 
 
မြန်မာ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကလည်း အစိုးရနဲ့ အတူတူပါပဲ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူး။ 
 
ဒါပေမဲ့ ကုလသမဂ္ဂက ဒါကို လက်မခံပါဘူး။
 
အခေါ်အဝေါ် အငြင်းပွားမှု ရှိနေပေမဲ့ အစီအရင်ခံစာ တင်သွင်းတဲ့ အခါ ရိုဟင်ဂျာလို့ပဲ သုံးစွဲမယ်လို့ မစ္စ ရန်ဟီးလီက ပြောပါတယ်။  အိမ်ရှင် နိုင်ငံဖြစ်တဲ့ မြန်မာ ပြည်သူ လူထုကလည်း မကြိုက်၊ ရခိုင် တိုင်းရင်းသား တွေလည်း မကြိုက်တဲ့ အသုံးအနှုန်းကို ဆက်သုံးမယ်လို့  သူက ဆိုခဲ့တာပါ။ 
 
ရိုဟင်ဂျာတွေကို ဘင်္ဂါလီလို့ သတ်မှတ် ပေးလိုက်ရင် သူတို့တွေရဲ့ နိုင်ငံသား အခွင့်အရေး အပါအဝင် အခွင့်အရေးများစွာ ဆုံးရှုံးသွားမယ်လို့ မစ္စ ရန်ဟီးလီက ပြောခဲ့ပါတယ်။ 
 
ရိုဟင်ဂျာ ဖြစ်ဖြစ်၊  ဘင်္ဂါလီ ဖြစ်ဖြစ် အခေါ်အဝေါ်ကို မငြင်းလိုတော့ပါဘူး။ ကြိုက်သလို ခေါ်နိုင်ပါတယ်။ အစိုးရက ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းကို တရားဝင် သတ်မှတ်ထားတယ်။ နိုင်ငံသား စိစစ်တဲ့အခါ ဘင်္ဂါလီလို့ ပြောသူကိုပဲ စိစစ်မယ်လို့ ဆိုထားပါတယ်။ 
 
နိုင်ငံသား စိစစ် ခံယူချင်တယ် ဆိုရင် ဘင်္ဂါလီလို့ ပြောရမှာပါပဲ။ ရိုဟင်ဂျာပြောရင် ချန်ထားမှာ ဖြစ်ပါတယ်။ ဒီအတွက် အစိုးရနဲ့ ရှင်းကြပါ။  ဒါပေမဲ့ ရိုဟင်ဂျာ ဖြစ်စေ၊ ဘင်္ဂါလီ ဖြစ်စေ မြန်မာနိုင်ငံသား ခံယူချင်တယ် ဆိုရင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတိုင်း ဆုံးဖြတ်ခံရမှာ ဖြစ်ပါတယ်။ 
 
(၆) 
 
သေချာတာက ရိုဟင်ဂျာ တိုင်းရင်းသား ဆိုတာ မြန်မာနိုင်ငံမှာ လုံးဝ မရှိခဲ့ပါဘူး။ ရိုဟင်ဂျာ လူမျိုးဆိုတဲ့ အသုံးအနှုန်းတော့ ရှိခဲ့ဖူးပါတယ်။ 
 
မြန်မာ့ စွယ်စုံကျမ်း အတွဲ ၉၊ စာမျက်နှာ ၈၉ မှာ “မေယု နယ်ခြားခရိုင်” အကြောင်းကို ဖော်ပြခဲ့ပါတယ်။ မေယု နယ်ခြားခရိုင် ဆိုတာ တစ်ချိန်တုန်းက ဘူးသီးတောင်၊  မောင်တော၊ ရသေ့တောင် အနောက် မြောက်ဒေသတွေ ပါဝင်တဲ့ ခရိုင် တစ်ခုကို ပြောတာပါ။ မေယု နယ်ခြားခရိုင် ဖော်ပြချက်မှာ စာပိုဒ်တစ်ခု ပါဝင်ပါတယ်။
 
“မေယု နယ်ခြားခရိုင်တွင် လူဦးရေ ၄ သိန်းကျော် ၅ သိန်းနီးပါး ရှိ၏။ များသောအားဖြင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းနှင့် တံငါ လုပ်ငန်းများဖြင့်သာ အသက်မွေးကြသည်။ လူများစု (၇၅ ရာခိုင်နှုန်းခန့်) မှာ ရိုဟင်ဂျာ လူမျိုးဖြစ်၍ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီးစသော တိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်လျက် ရှိသည်”ဆိုပြီး ဖော်ပြခဲ့တဲ့ စာပိုဒ် ဖြစ်ပါတယ်။ 
 
ဘင်္ဂါလီ လိုလားသူတွေဘက်က ဒီဖော်ပြချက်ကို ပြောဆိုပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ရှိခဲ့တယ်လို့ ပြောကြပါတယ်။ စာပိုဒ်ပါ ဖော်ပြချက်အရ ရိုဟင်ဂျာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလို့ မသုံးခဲ့ပါဘူး။ လူမျိုးလို့ပဲ သုံးခဲ့ပါတယ်။ 
 
မြန်မာ တိုင်းရင်းသား မျိုးနွယ်စုထဲမှာ ရိုဟင်ဂျာ မရှိပါဘူး။ သူတို့တွေက တစ်ဖက် နိုင်ငံကနေ ရောက်လာကြသူတွေပါ။ ကိုလိုနီခေတ်မှာ ဝင်လာခဲ့တယ်။ အင်အား ကြီးလာချိန်မှာ မွတ်ဆလင် ပြည်နယ် ထူထောင်ရေးအထိ တောင်းဆို ခဲ့ပါတယ်။ ဒါကတစ်ချက်ပါ။ 
 
နောက်တစ်ချက်က  ၁၉၅၅-၅၆ ခုနှစ် ဖဆပလအစိုးရ ဦးနလက်ထက်မှာ ကြီးမားတဲ့ အမှားကို လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲရလိုဇောနဲ့ တစ်ဖက်နိုင်ငံက လူမျိုးခြားတွေကို မြန်မာနိုင်ငံထဲ ဝင်ခွင့် ပေးလိုက်တယ်။ ယာယီ နိုင်ငံသားလက်မှတ်၊ မှတ်ပုံတင်တွေကို အလွယ်တကူ ထုတ်ပေးပြီး ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးစေခဲ့ပါတယ်။ အဲဒီ ဒေသတွေမှာ ဖဆပလ အနိုင်ရခဲ့သလို ဘင်္ဂါလီ အမတ်တွေလည်း လွှတ်တော်ထဲ ရောက်ခဲ့ပါတယ်။ 
 
၁၉၆ဝ ပြည့်လွန် နှစ်တွေမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတွေမှာ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ အရေအတွက် ငါးသိန်းနီးပါး ရှိလာခဲ့ပါတယ်။ သူတို့တွေရဲ့ စိမ့်ဝင်ပျံ့နှံ့မှုက ရခိုင် ပြည်နယ်အနှံ့ အထိ ရောက်ခဲ့ပြီး တဖြည်းဖြည်း အားကောင်း ခဲ့ကြပါတယ်။ 
 
၁၉၆၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့  စစ်ဆင်ရေး အသွင် ဘင်္ဂါလီ စာရင်း ကောက်ယူမှု၊ ၁၉၆၉ ခုနှစ်မှာ လုပ်ခဲ့တဲ့ မြတ်မွန် စစ်ဆင်ရေး၊ ၁၉၇၄  ခုနှစ်မှာ လုပ်တဲ့ စပယ် စစ်ဆင်ရေးတွေဟာ ဘင်္ဂါလီတွေကို စိစစ်ခဲ့တာပါ။ ၁၉၇၈ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲ့တဲ့ နဂါးမင်း စီမံချက်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။ 
 
နဂါးမင်း စီမံချက် စစ်ဆင်ရေးကြောင့် ဘင်္ဂါလီပေါင်း ၁၅ဝဝဝဝ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင် သွားပါတယ်။ ဒီအချိန်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပထမဆုံး ထုတ်ဖော် ပြောဆိုတာ ရှိလာပါတယ်။ သူတို့ အဆိုအရ ဘင်္ဂါလီ ၂၅ဝဝဝဝ ကျော် ဘင်္ဂါလားဒေ့ရှ်ဘက် တိမ်းရှောင်ခဲ့တယ်လို့ ဆိုခဲ့သလို နိုင်ငံတကာ မီဒီယာ တစ်ချို့ကလည်း ဘင်္ဂါလီပေါင်း တစ်သိန်းနီးပါး သတ်ဖြတ်ခံခဲ့ရတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ရေးသားခဲ့ပါတယ်။ 
 
ဒါပေမဲ့ ၁၉၇၈ ခုနှစ် ဇူလိုင်လမှာ တိမ်းရှောင် ဘင်္ဂါလီတွေကို ပြန်လည် လက်ခံဖို့ ဟင်္သာ စီမံချက်ကို ရေးဆွဲခဲ့ပါတယ်။ ဟင်္သာ စီမံချက်ကြောင့် ပြန်ဝင်လာတဲ့ ဘင်္ဂါလီ အရေအတွက် ၁၉ဝ,ဝဝဝ နီးပါး ရှိခဲ့ပါတယ်။ ထွက်ပြေးသွားသူ အရေအတွက်ထက် ပိုဝင်ခဲ့တာပါ။ 
 
(၇)
 
၁၉၈ဝ ပြည့်လွန် နောက်ပိုင်း လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ နေထိုင်နေသူ ဘင်္ဂါလီ အရေအတွက် က ငါးသိန်းကနေ ရှစ်သိန်းကြားမှာ ရှိနိုင်ပါတယ်။ သူတို့ထဲက ငါးသိန်းခန့်ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စိစစ်လို့ ရနိုင်မှာပါ။ ဥပဒေနဲ့ လျော်ညီရင်တော့ နိုင်ငံသားဖြစ်ခွင့် ရှိပါမယ်။ ဒါပေမဲ့ အနည်းဆုံး သုံးသိန်းကတော့ နိုင်ငံသားဖြစ်နိုင်မှာ မဟုတ်ပါဘူး။  
 
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ မြန်မာနိုင်ငံ အတွက် အသင့်လျော်ဆုံး ဥပဒေဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဘေးမှာ လူဦးရေ အဆမတန်များပြီး တိုးပွားနှုန်းမြင့်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံတို့ ရှိနေပါတယ်။ 
 
ဒါကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကုလသမဂ္ဂက ပြင်ဖို့ တိုက်တွန်းနေပါတယ်။
 
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ သိထားဖို့က နှစ်ချက်ရှိပါတယ်။ ပထမအချက်က ရိုဟင်ဂျာတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ မဖြစ်နိုင်ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို သွေဖယ်ပြီး ဘင်္ဂါလီတွေကို နိုင်ငံသား ခွင့်ပြုပေးဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတာ ဒုတိယအချက် ဖြစ်ပါတယ်။ 
 
ကျွန်တော်တို့က အစိုးရလုပ်သမျှ အရာခပ်သိမ်း ထောက်ခံရေးသားနေသူတွေ မဟုတ်ပါဘူး။ 
 
လက်ရှိ အချိန်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲမှု ရပ်တန့်နေတာ၊ အဂတိ လိုက်စားမှု မထိန်းချုပ်နိုင်တာ၊  တရားစီရင်ရေး မဏ္ဍိုင် ယိုယွင်း ပျက်စီးပြီး ပြစ်မှုပြစ်ဒဏ် မျှတမှု မရှိ ဖြစ်နေတာ၊ ပြည်သူ လူထု ဆင်းရဲမွဲတေမှု မြင့်မားနေတာ၊ မရှိ ဆင်းရဲသား တောင်သူ လယ်သမားတွေ ဖိနှိပ်ခံနေရတာ၊ ဂျာနယ်လစ်တွေ ဖမ်းဆီး ထောင်ချ ခံနေရတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြခဲ့ပါတယ်။ 
 
ဒါပေမဲ့ ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ရင်တော့ အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံက မှန်ကန် သင့်မြတ်တယ်လို့ ယူဆပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ရဲ့ ဘင်္ဂါလီအရေး ကိုင်တွယ်ဆောင်ရွက်မှုဟာ ၁ဝဝ ရာခိုင်နှုန်း အမှတ်ပြည့် မရရင်တောင် ၈ဝ ရာခိုင်နှုန်း မှန်ကန်ပါတယ်။ နောက်ပြီး သူတို့ ရဲ့ ကိုင်တွယ်မှုကို မြန်မာ ပြည်သူလူထုက ကျေနပ်ပါတယ်။ 
 
သမ္မတ ဦးသိန်းစိန် မဟုတ်လို့ ဘယ်သူပဲ အစိုးရအဖွဲ့ကို တာဝန်ယူယူ၊ ဘယ်ပါတီပဲ တက်လာ တက်လာ ဘင်္ဂါလီတွေ တိုင်းရင်းသား လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး။  ဒေါ်အောင်ဆန်းစုကြည်က ပြောလို့၊ NLD က လုပ်ပေးမယ် ဆိုရင်လည်း တိုင်းရင်းသား ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် ဘင်္ဂါလီကို တိုင်းရင်းသား အဖြစ် စဉ်းစားမယ်ဆိုရင် ကြီးမားတဲ့ လူထု ဆန့်ကျင်မှုကို ခံရမှာပါ။ 
 
သမ္မတ ဦးသိန်းစိန် အစိုးရက  အခုချိန်မှာ ဘင်္ဂါလီအရေး ကိုင်တွယ်ပုံ မှန်ကန်ပေမဲ့ ဒါကို မဲဆွယ် စည်းရုံးရေး စင်မြင့်အဖြစ် အသုံးချလို့ မရပါဘူး။ 
 
မကြာသေးမီ အချိန်က ယာယီ သက်သေခံလက်မှတ် (White Card) ကိုင်ထားသူတွေ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးဖို့ ခွင့်ပြုသင့်ကြောင်း သမ္မတ ဦးသိန်းစိန်က သဘောထား မှတ်ချက်ပေးတဲ့ သတင်း တစ်ရပ် ထွက်ခဲ့ပါတယ်။ ဒီလို ခွင့်ပြုလို့မရပါဘူး။ 
 
ယာယီ သက်သေခံလက်မှတ်  ကိုင်ထားသူတွေကို မဲပေးစေချင်ရင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စိစစ်မှုခံယူရပါမယ်။ ဥပဒေနဲ့ ကိုက်ညီပြီး နိုင်ငံသားဖြစ်တယ် ဆိုရင် မဲပေးခွင့် ရှိပါလိမ့်မယ်။ 
 
(၈)
 
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂါလီ အရေးဟာ ရခိုင် တိုင်းရင်းသားတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။   ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီကြားက ပြဿနာ မဟုတ်ပါဘူး။ မြန်မာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင် ပါတယ်။ ဖြစ်နေတဲ့ ပြဿနာ ဟာလည်း ဒေသဆိုင်ရာ ပြဿနာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပြဿနာပါ။
 
ထပ်ပြောရရင် ဘင်္ဂါလီ အရေးဟာ ရခိုင်ပြည်နယ်အရေးနဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံမှာရှိနေတဲ့ လူဦးရေ သန်း ၅ဝ ကျော်နဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်လာပါပြီ။ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးကိစ္စ ဖြစ်ပါတယ်။
 
အခုချိန်မှာ ဘင်္ဂါလီ အရေအတွက် ရခိုင်ပြည်နယ်မှာ ငါးသိန်းကနေ ရှစ်သိန်းအထိ ရှိပါတယ်။ မြန်မာ တစ်နိုင်ငံလုံး ပျံ့နှံ့မှု အတိုင်းအတားအရ တစ်သန်းခွဲနဲ့ နှစ်သန်းကြားမှာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နေရာတိုင်းမှာ ဘင်္ဂါလီတွေ ရှိနေပါတယ်။ ကချင် ပြည်နယ်မှာ ရှိနေသလို တနင်္သာရီတိုင်းမှာလည်း ရှိနေပါတယ်။ ကရင်ပြည်နယ်မှာ ရှိနေသလို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းတွေမှာလည်း ရှိနေပါတယ်။ 
 
မြန်မာ တစ်နိုင်ငံလုံး ဘင်္ဂါလီတွေ သန်းချီ ပျံ့နှံ့ နေထိုင်နေတဲ့ အချိန်မှာ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် လက်ခံလိုက်ပါ ဆိုတဲ့ စကားကို ပြီးစလွယ် ပြောလို့ မရပါဘူး။ နိုင်ငံတစ်ခုရဲ့ လက္ခဏာ (identity) ပျောက်ဆုံး သွားနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် ဒီပြဿနာကို ကုလသမဂ္ဂ အနေနဲ့ လွယ်လွယ်လေး သဘောထားပြီး လုပ်ခိုင်းလို့ မဖြစ်နိုင်သလို ဖိအားပေး လုပ်ခိုင်းလို့လည်း ဖြစ်မှာ မဟုတ်ပါဘူး။ 
 
မစ္စ ရန်ဟီးလီက ရခိုင်ပြည်နယ်ရဲ့ ပြဿနာက နိုင်ငံတကာ အတွက်ပါ ရှုပ်ထွေးတဲ့ ပြဿနာလို့ ဆိုပါတယ်။ ဒါက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တစ်ချို့ကြောင့်ပဲ ရှုပ်ထွေးရတာပါ။ ကျွန်တော်တို့ နိုင်ငံ အတွက်တော့ ရှင်းပါတယ်။ နိုင်ငံရဲ့ အမျိုးသားရေး ဖြစ်တဲ့အတွက် ဘင်္ဂါလီတွေကို  တိုင်းရင်းသားအဖြစ် ဘယ်တော့မှ အသိမှတ်ပြု လက်ခံမှာ မဟုတ်ပါဘူး။
 
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ သိထားဖို့က ရိုဟင်ဂျာ ဖြစ်ဖြစ်၊ ဘင်္ဂါလီ ဖြစ်ဖြစ် သူတို့တွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ဘူး ဆိုတာကို လက်ခံရပါမယ်။ ပြီးတဲ့နောက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ဆုံးဖြတ်တာကို နားလည် သင့်ပါတယ်။ ဒီအချက်နှစ်ခုကို သွေဖယ်ပြီး ဘင်္ဂါလီတွေကို မြှောက်ပေးနေရုံနဲ့ ပြဿနာ ပြေလည်မှာ မဟုတ်ပါဘူး။ မီးစတွေပဲ ဖြစ်နေပါလိမ့်မယ်။
 
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ဖို့ မပြောပါနဲ့။ တကယ်လို့ ခေတ်မီအောင် ပြင်ဆင်ဖို့ လိုအပ်မယ် ဆိုရင်လည်း ဥပဒေပါ အခြေခံ အချက်တွေကို ပြင်လို့ မရနိုင်ပါဘူး။ 
 
ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီတွေ၊ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ဘင်္ဂါလီတွေ အကုန်လုံး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်ခံပြီးမှ နိုင်ငံသားဖြစ်ခွင့်ရှိပါမယ်။ 
 
(၉) 
 
ဘင်္ဂါလီ ဒုက္ခသည်တွေနဲ့ ပတ်သက်တာကိုလည်း ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ရှစ်သိန်း နီးပါး ရှိနိုင်တယ်။ အနည်းဆုံး သုံးသိန်းက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီမှာ မဟုတ်ဘူး။ 
 
ခိုးဝင် ဘင်္ဂါလီတွေ အပါအဝင် ဒုက္ခသည် စခန်းမှာရှိနေတဲ့ ဘင်္ဂါလီ အရေအတွက်က ၂ဝ၁၂ခုနှစ် ရခိုင် ပဋိပက္ခနောက်ပိုင်း တစ်သိန်း အထက်မှာ ရှိနိုင်ပါတယ်။ 
 
ကုလသမဂ္ဂ တိုက်တွန်းချက်မှာ နှစ်ချက် ပါဝင်ပါတယ်။ ပထမအချက်က ဘင်္ဂလီတွေကို နိုင်ငံသား အခွင့်အရေးပေးဖို့၊ ဒုတိယအချက်က နိုင်ငံတွင်း လွတ်လပ်စွာ သွားခွင့်ပြုဖို့ ဖြစ်ပါတယ်။ 
 
နိုင်ငံသား အခွင့်အရေးက နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ လျော်ညီရင် ရမှာပါ။ ဒီအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စိစစ်ပါလိမ့်မယ်။ လုပ်ထုံး လုပ်နည်းတွေ အတိုင်း လုပ်ပါလိမ့်မယ်။ 
 
နိုင်ငံသား ဥပဒေနဲ့ လျော်ညီလို့ နိုင်ငံသား ဖြစ်ခဲ့ပြီဆိုရင် နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ကို အစိုးရက ခွင့်ပြုပေးရပါလိမ့်မယ်။ 
 
ရခိုင် ဒုက္ခသည် စခန်းက လူတွေကိုတော့ လွတ်လပ်စွာ သွားလာခွင့်ပြုပြီး ဘင်္ဂါလီ ဒုက္ခသည်စခန်းက လူတွေကိုတော့ ထိန်းချုပ် ထားတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပါတယ်။ မတူပါဘူး။ ရခိုင် ဒုက္ခသည်စခန်းမှာ ရှိနေသူတွေက မြန်မာ နိုင်ငံသား တိုင်းရင်းသားတွေပါ။ 
 
ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ရှိနေသူတွေက မြန်မာနိုင်ငံသား တိုင်းရင်းသား စစ်စစ်တွေ မဟုတ်ပါဘူး။ သူတို့ကို ဒုက္ခသည်စခန်း အပြင်ထွက်ခွင့် မပေးတာ သဘာဝကျပါတယ်။ 
 
ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေတဲ့ ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေကို ကြည့်ရင်လည်း ဒီအတိုင်း တွေ့ရမှာပါ။ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတစ်ချို့ကို ကျွန်တော် ရောက်ဖူးပါတယ်။ အဲဒီစခန်းမှာ ရှိနေသူတွေလည်း သူတို့အတွက် သတ်မှတ်ပေးထားတဲ့ ဧရိယာက လွဲပြီး ပြင်ပ ထွက်ခွာခွင့် မရှိပါဘူး။ ဥပဒေမဲ့ လုပ်ဆောင်ပြီး ထွက်တာ တစ်ချို့ရှိပေမဲ့ ထိုင်းနိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်တော့ တရားဝင် ပေးမထားပါဘူး။ 
 
ဒါတောင် ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေဟာ ပြဿနာ ရှာတတ်သူတွေ မဟုတ်ပါဘူး။ 
 
ဒီနေရာမှာ ဒုက္ခသည်ချင်း အတူတူ လူ့အခွင့်အရေး စံနှုန်းကို တိုင်းတာတဲ့အခါ ချို့ငဲ့မှု ပုံရိပ်ကို ဦးစားပေး ပြောကြတာ မြင်တွေ့နေရပါတယ်။ နိုင်ငံတကာ မီဒီယာတွေကလည်း ဒီပုံရိပ်တွေကို ဖော်ပြပြီး ဘင်္ဂါလီ ဒုက္ခသည်တွေရဲ့ အခြေအနေ ဆိုးဝါးနေတယ် ဆိုတာ ပုံဖော်လေ့ ရှိပါတယ်။ အမှန်တော့ ဘင်္ဂါလီ ဒုက္ခသည် အချင်းချင်းကြားမှာကို လူမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ရှိခဲ့ပါ တယ်။ ကုလသမဂ္ဂ အနေနဲ့ ဒါတွေကို ပိုပြီး အာရုံ စိုက်သင့်ပါတယ်။
 
နောက်တစ်ချက်က မြန်မာနိုင်ငံ ပြင်ပမှာ ရိုဟင်ဂျာ အမည်ခံပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာတွေ အကြောင်း ဖြစ်ပါတယ်။ သူတို့တွေ ဘယ်သူတွေဆီက ထောက်ပံ့ကြေးငွေ ရပြီး ဘယ်လို ရပ်တည်နေတယ်၊ ဘာတွေ လုပ်နေလဲဆိုတာ ကျွန်တော်တို့ စုံစမ်းနေပါတယ်။ အချက်အလက်ပြည့်စုံတာနဲ့ ရေးသားသွားမှာ ဖြစ်ပါတယ်။ 
 
ဘင်္ဂါလီ ရိုဟင်ဂျာ မဟုတ်ပေမဲ့ အမည်ခံအဖွဲ့အစည်းဖွဲ့၊ ပြည်ပမှာ လှုပ်ရှားရင်း ချမ်းသာပြီးစည်းစိမ်ခံနေကြသူတွေ ရှိပါတယ်။ ဘင်္ဂါလီဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေဘဝက သူတို့နဲ့ယှဉ်ရင် မိုးနဲ့ မြေလိုပါပဲ။ 
 
(၁ဝ)
 
မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ဘင်္ဂါလီ အရေးတစ်ခု တည်းကိုပဲ လွန်လွန်ကျူးကျူး အာရုံစိုက် နေတာဟာ ကုလသမဂ္ဂရဲ့ ထုံးစံလို ဖြစ်နေပါပြီ။ သူတို့ ရောက်လာတဲ့ အကြိမ် တိုင်းမှာလည်း ဘင်္ဂါလီ အရေးကိုပဲ ဦးစားပေး ပြောလေ့ရှိပါတယ်။ 
 
ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ အရေးထက် ပိုပြီး အာရုံစိုက်ရမယ့် အချက်တွေ အများကြီး ရှိပါတယ်။  
 
ကချင်ပြည်နယ်မှာ ပြည်နယ် လူဦးရေရဲ့ ၂ဝ ရာခိုင်နှုန်းက စစ်ဘေးသင့် ဒုက္ခသည်တွေ ဖြစ်နေပါပြီ။ ကချင်ဒုက္ခသည် စခန်းတွေကို ကုလသမဂ္ဂရဲ့ အကူအညီ မရောက်တာ အနည်းဆုံး အချိန် လေးလကျော် ငါးလထဲ ရောက်သွားပါပြီ။  ဒီမတိုင်ခင် ရောက်ရှိမှုတွေကလည်း ဒုက္ခသည် အရေအတွက်ကို မခြုံငုံမိပါဘူး။ ဆိုးဝါးတဲ့ ရာသီဥတု ဒဏ်အောက်မှာ အစာရေစာ မဝလင်ဘဲ ဆင်းရဲချို့ငဲ့စွာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံသား တိုင်းရင်း သား စစ်ပြေး ဒုက္ခသည်တွေကိုတော့ ကုလသမဂ္ဂက မျက်ကွယ် ပြုထားသလို ဖြစ်နေပါတယ်။ 
 
ထိရောက်ပြီး အကျိုးရှိနိုင်တဲ့ ကူညီ ထောက်ပံ့မှုတွေ လုပ်ဖို့ မကြိုးစားခဲ့ပါဘူး။ ဒုက္ခသည်တွေဆီကို  ထောက်ပံ့မှုတွေ မရောက်တာ အကြောင်းအမျိုးမျိုး ရှိနိုင်ပေမဲ့ ကုလသမဂ္ဂရဲ့ တွန်းတွန်း တိုက်တိုက် လုပ်ဆောင်ချက် မတွေ့ရတာ ထင်ရှားပါတယ်။ 
 
မစ္စရန်ဟီးလီရဲ့ မြန်မာနိုင်ငံ ဒုတိယ ခရီးစဉ်မှာ ကချင် ဒုက္ခသည်စခန်းတွေဆီ မရောက်ပါဘူး။ ရှမ်းပြည်နောက် မြောက်ပိုင်းက ဒုက္ခသည် စခန်းတွေဆီ သွားဖို့ အစီအစဉ်ရှိပေမဲ့  ဖျက်သိမ်း ခဲ့ပါတယ်။ တိုက်ပွဲဖြစ်လို့ ဆိုတဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ ဖျက်ခဲ့တာပါ။ ဒါဟာ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ 
 
ငြိမ်းချမ်းစ ပြုနေပြီဖြစ်တဲ့  ကရင်ပြည်နယ်မှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးကို အခုချိန်ထိ မလုပ်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ အချိန် လေးနှစ်တာ ကာလအတွင်း ဘယ်သူကမှ မလုပ်နိုင်သေးတာပါ။ ဒီအတွက် ကုလသမဂ္ဂက မြေမြှုပ် မိုင်းရှင်းလင်းရေး အမြန်ဆုံး စနိုင်အောင် တွန်းအားပေး တာမျိုး မရှိပါဘူး။ ဒီအတွက် အကြောင်းပြချက်တော့ သူတို့မှာ ရှိနေမှာပါ။ ဝတ်ကျေ တန်းကျေ ပြောဆိုမှုတွေကိုတော့ စာ မဖွဲ့ကြပါနဲ့။  
 
ရှမ်းပြည်နယ်မှာ ရှိနေတဲ့ စစ်ဘေး ဒုက္ခသည်တွေ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း စတဲ့ ဒေသတွေမှာ ကုလသမဂ္ဂ လုပ်မယ်ဆိုရင် ပီပီပြင်ပြင် လုပ်လို့ရတဲ့ လုပ်ငန်းတွေရှိပါတယ်။
 
ဒါပေမဲ့ ပေါ်လွင်တဲ့ ဆောင်ရွက်ချက်မျိုး မတွေ့ရပါဘူး။ လုပ်တာ တချို့ရှိပေမယ့် ဒေသခံတွေ လိုအပ်တာကို လုပ်တယ် ဆိုတာထက် ပရောဂျက် အမြန်ပြီးရေး ပုံစံမျိုးပဲ ဖြစ်နေပါတယ်။ 
 
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ လူ့အခွင့်အရေး ပြဿနာတွေ အများကြီးရှိပါတယ်။ လက်ရှိ အချိန်ဆိုရင် ရွေးကောက်ပွဲကို အာရုံစိုက်ရမယ့် အချိန်ပါ။ 
 
ဒီအတွက် ဝတ်ကျေတန်းကျေ ပြောဆိုမှုတွေ ရှိပေမယ့် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု လုပ်ဖို့ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်တွေကို ပြန်ကြည့်ရင် ဘင်္ဂါလီ အရေးကပဲ သာသာထိုးထိုး ဖြစ်နေပါတယ်။ 
 
(၁၁)
 
ဘင်္ဂါလီကိစ္စ တစ်ဖက်စောင်းနင်း နိုင်တဲ့ ပြောဆိုမှုတွေရဲ့ အကျိုးဆက်က မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ ဩဇာ ကျဆင်းလာတာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ပုံရိပ် ထိခိုက်လာပါတယ်။ ကုလသမဂ္ဂဆိုတာ ဘင်္ဂါလီ မျက်နှာကိုပဲ ကြည့်တဲ့ အဖွဲ့အစည်းလို ဖြစ်လာပြီး အရေးပါ အရာရောက်တဲ့ အခန်းကဏ္ဍမှာ မရှိတော့ပါဘူး။ 
 
အခုလက်ရှိ ကုလသမဂ္ဂရဲ့အထွေထွေ အတွင်းရေးမှူးချုပ်က မစ္စတာ ဘန်ကီမွန် ဖြစ်ပါတယ်။ သူ့ရဲ့ ရာထူး သက်တမ်းက ၂ဝ၁၆ ခုနှစ်မှာ ကုန်ဆုံးပါမယ်။ သူ မတိုင်ခင် တာဝန်ယူခဲ့တဲ့ မစ္စတာ ကိုဖီအာနန် လက်ထက်မှာ ဘင်္ဂါလီ အရေး အာရုံစိုက်မှု အခုချိန်လောက် မပြင်းထန်ပါဘူး။ မစ္စတာ ဘန်ကီမွန် တာဝန်ယူချိန်မှာ သိသိသာသာ ပြင်းထန်လာပြီး တစ်ဖက်သတ် ကျတဲ့ စွပ်စွဲ ပြစ်တင်မှုတွေလည်း အများကြီး ဖြစ်ခဲ့ပါတယ်။ 
 
အခု မြန်မာနိုင်ငံကို လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီက မစ္စတာ ဘန်ကီမွန်လိုပဲ တောင်ကိုရီးယား နိုင်ငံသား ဖြစ်ပါတယ်။  မစ္စ ရန်ဟီးလီ မတိုင်ခင်က သောမတ်စ် အိုဟေး ကွင်တားနား ဖြစ်ပြီး ဘင်္ဂါလီ အရေး တစ်ဖက်သတ် စွပ်စွဲချက်တွေကြောင့် နာမည်ပျက်ခဲ့သူ ဖြစ်ပါတယ်။ 
 
ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ မစ္စရန်ဟီးလီ မြန်မာနိုင်ငံကို ပထမဆုံး လာခဲ့ပါတယ်။ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မှန်ကန် မျှတတဲ့ သုံးသပ်ချက်တွေ ထွက်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ လက်တွေ့မှာ ဖြစ်မလာဘဲ မစ္စတာကွင်တားနား ပုံစံအတိုင်း ဘင်္ဂါလီအရေးမှာ တစ်ဖက်သတ် ကောက်ချက်ဆွဲ၊ တွန်းအားပေးတာတွေ ဖြစ်ခဲ့ပါတယ်။ 
 
ကုလသမဂ္ဂရဲ့ ဘင်္ဂါလီ အရေး မီးထိုးပေးမှုတွေက မြန်မာ-ကုလသမဂ္ဂ ဆက်ဆံရေးကို ထိခိုက်လာပါတယ်။ ဒါတင် မကပါဘူး။ အခုချိန်မှာ မြန်မာ-ကုလသမဂ္ဂ ဆက်ဆံရေး သာမကဘဲ မြန်မာ-တောင်ကိုရီးယား ဆက်ဆံရေးကိုပါ ပျက်ပြားစေနိုင်တဲ့ ဘက်ကို ဦးတည်လာပါပြီ။  
 
သေချာတဲ့အချက်က ဘင်္ဂါလီအရေးဟာ ရခိုင် တိုင်းရင်းသားများ နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကြားက ပြဿနာမဟုတ်ဘူး။ မြန်မာ တစ်နိုင်ငံလုံး အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကို ဘယ်သူကမှ လာပြီး ဖိအားပေးလို့ မရပါဘူး။
 
 

Most Read

Most Recent