“မိသားစုဘ၀ ပျော်ရွှင်မှုကို ရဖို့ဆိုတဲ့ နေရာမှာ မရှိမဖြစ် ရှိသင့်ရှိထိုက်တဲ့ အရေးအကြီးဆုံး အရာကတော့ မိသားစုနဲ့ အတူနေရခြင်းပဲ ဖြစ်တယ်” လို့ ပညာရှိတွေပြောကြတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲဒီလိုပဲ “လူ့ဘ၀ နေရသခိုက်မှာ မြေကြီးနဲ့ အနီးဆုံးနေ၊ တွေးရင်လည်း ရိုးရိုးပဲတွေး၊ တစ်ဦးနဲ့တစ်ဦး ပဋိပက္ခ ဖြစ်ပြီဆိုရင်လည်း မျှတအောင်လုပ် ကိုယ့်ဘက်က ရက်ရောဖို့ မမေ့နဲ့၊ နိုင်ငံကို အုပ်ချုပ်ရပြီ ဆိုရင်လည်း ပြည်သူကို ထိန်းချုပ်ဖို့ချည်းပဲ မစဉ်းစားနဲ့၊ အလုပ်လုပ်တော့မယ် ဆိုရင်လည်း ကိုယ်ပျော်မယ့် အလုပ်ကိုပဲ ဦးစားပေးရွေး၊ မိသားစု ပျော်ရွှင်မှုရဖို့အတွက် ဆိုရင်တော့ မိသားစုနဲ့အတူ ကိုယ်အမြဲရှိနေနိုင်အောင် ကြိုးစားလို့ ရှေးတရုတ်ပညာရှိကြီး တစ်ယောက်ကလည်း ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့် မိသားစုဘ၀ ပျော်ရွှင်မှုရဖို့ဆိုတာ လူ့ဘဝမှာ အလွန်တရာမှ အရေးကြီးလှပါတယ်။ ဒါ့ကြောင့် မိသားစုဘ၀ ပျော်ရွှင်မှုကို ရပြီဆိုရင် ရာခိုင်နှုန်း ၈၀ လောက် လူ့ဘဝမှာ နေရကျိုးနပ်ပြီလို့ ဆိုကြတာ ဖြစ်ပါတယ်။ မိသားစုနဲ့ မလွှဲသာလို့ ခွဲခွာနေရတယ် ဆိုရင်တောင်မှ ကိုယ့်မိသားစုနဲ့ တိုင်ပင်ပြီး မိသားစု ရှေ့ရေးအတွက် ခဏတစ်ဖြုတ် ခွဲနေဖို့ ဆုံးဖြတ်လိုက်ရတာမျိုး ဖြစ်နေတယ်ဆိုရင် သိပ်မဆိုးလှသေးပါဘူး။ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ဆန္ဒမပါဘဲ အတင်းအကျပ် စေခိုင်းခံရလို့ မိသားစုနဲ့ ခွဲခွာရပြီ ဆိုရင်တော့ ဘယ်ရှုထောင့်ကကြည့်ကြည့် စိတ်ချမ်းမြေ့ပျော်ရွှင်စရာ ကောင်းနိုင်မယ် မထင်တော့ပါဘူး။အဲဒီလို မိသားစုနဲ့ ခွဲနေရတာတွေထဲမှာ စစ်ကြောင့် ခွဲခွာကြရတာတွေက အများဆုံး ဖြစ်ပါတယ်။ ဒီအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ အီတာလျံနဲ့ ရုရှားစကားပြော Sunflower ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ၁၉၇၀ ပြည့်နှစ်က ထွက်ပေါ်ခဲ့ပြီး မကြာခင်မှာ ကိုယ့်နိုင်ငံကို ရောက်လာခဲ့ပါတယ်။အဲဒီဇာတ်ကားရဲ့ ဇာတ်လမ်းကို အကျဉ်းချုံးပြီး ပြောရမယ်ဆိုရင်တော့ “ဂျီယိုဗန်နာ” (Sophia Loren) နဲ့ “အန်တိုနီယို” (Marcello Mastroianni) တို့နှစ်ဦးဟာ အီတလီနိုင်ငံက ချစ်သူနှစ်ဦး ဖြစ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ အန်တိုနီယိုဟာ အီတလီနိုင်ငံ အစိုးရရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို ခံရပါတယ်။ စစ်မြေပြင်ကို ချက်ချင်းမသွားရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့နှစ်ဦးဟာ ကောက်ကာငင်ကာ လက်ထပ်လိုက်ကြပါတယ်။ ဒါပေမဲ့ လက်ထပ်တဲ့အတွက် ခွင့် ၁၂ ရက်ပဲ အီတလီမှာ ဆက်နေခွင့် ရပါတယ်။ ခွင့်ရက်စေ့တဲ့အခါ ရုရှားစစ်မြေပြင်ကို အန်တိုနီယို လိုက်ပါသွားရရှာပါတယ်။ စစ်ကြီးပြီးချိန်မှာ အန်တိုနီယို တစ်ယောက်ကတော့ အီတလီကို ပြန်မလာတော့ပါဘူး။ ဒါကြောင့် ဂျီယိုဗန်နာခမျာ သတင်းရအောင် လိုက်လံ စုံစမ်းရပါတယ်။ အီတလီနိုင်ငံကို ပြန်လာတဲ့ စစ်ပြန်တစ်ယောက်ဆီက သတင်းရလို့ ဂျီယိုဗန်နာဟာ ရုရှားကို ဆက်လိုက်သွားပါတယ်။ ခင်ပွန်းသည် ပျောက်ဆုံးသွားတဲ့ နေရာလို့ သတင်းရထားတဲ့ စစ်အတွင်းက စစ်တလင်းဖြစ်ခဲ့တဲ့ ရုရှားနိုင်ငံထဲက နေရာတစ်ဝိုက်မှာ အင်မတန်မှ ကျယ်ပြောလှတဲ့ နေကြာပန်းခင်းကြီးတွေကို ဂျီယိုဗန်နာ တွေ့လိုက်ရပါတယ်။ ရုရှားစစ်မြေပြင်မှာ ကျဆုံးခဲ့ကြတဲ့ အီတာလျံ စစ်သည်တွေ များလွန်လွန်းလို့ ဒီနေကြာခင်းတွေထဲက နေကြာပွင့်တစ်ပွင့်ဟာ ကျဆုံး အီတာလျံစစ်သည် တစ်ယောက်အတွက် ရည်ရွယ်ပြီး ပွင့်တာလို့တောင် ဒေသခံ ရုရှားပြည်သူတွေ တင်စားပြောလေ့ ရှိကြတဲ့အကြောင်း ဂျီယိုဗန်နာ သိလိုက်ရပါတယ်။
မိသားစုဘ၀ ပျော်ရွှင်မှုရဖို့ဆိုတာ လူ့ဘဝမှာ အလွန်တရာမှ အရေးကြီးလှပါတယ်။ ဒါ့ကြောင့် မိသားစုဘ၀ ပျော်ရွှင်မှုကို ရပြီဆိုရင် ရာခိုင်နှုန်း ၈၀ လောက် လူ့ဘဝမှာ နေရကျိုးနပ်ပြီလို့ . . . . .
နောက်ဆုံးမှာတော့ ဂျီယိုဗန်နာဟာ အန်တိုနီယို ရှိတဲ့နေရာကို ခြေရာခံမိသွားပြီး သူနေတယ်ဆိုတဲ့ နေရာကို ရောက်သွားပါတယ်။ ဒါပေမဲ့ အန်တိုနီယို နေနေတယ်ဆိုတဲ့ အိမ်ရှေ့က အဝတ်ကြိုးတန်းပေါ်မှာ ကလေးအင်္ကျီလေးတွေ လှမ်းထားတာကို တွေ့လိုက်ရတဲ့အခါ ဂျီယိုဗန်နာခမျာ ရင်ထိတ်သွားပါတော့တယ်။ နောက်ပြီး သူ့ထက် အသက်တော်တော်လေးငယ်မယ့် ရုရှားသူလေးတစ်ယောက် အိမ်ရှေ့ကို ထွက်လာတဲ့အခါ ဂျီယိုဗန်နာနဲ့ အကြည့်ချင်း ဆုံမိကြပါတယ်။ နှစ်ဦးစလုံးရဲ့ အကြည့်တွေဟာ စိုးရိမ်စိတ်တွေနဲ့ ဖုံးလွှမ်းနေကြပါတယ်။ နောက်တော့ ရုရှားသူလေးက ဂျီယိုဗန်နာကို အိမ်ထဲခေါ်သွားပါတယ်။ ပါးစပ်ကတော့ ဘာမှမပြောသေးပါဘူး။ အိမ်ထဲရောက်လို့ နှစ်နှစ်သား အရွယ်လောက်ရှိတဲ့ သမီးလေးတစ်ယောက် အိမ်ထဲကထွက်လာပြီး ဂျီယိုဗန်နာကို ပြုံးပြလိုက်တဲ့ အခါမှာတော့ ဒီကလေးရဲ့ အပြုံးက ဂျီယိုဗန်နာရဲ့ မျှော်လင့်ချက် မှန်သမျှတွေကို ခြေမွဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားခဲ့ရပါပြီ။တကယ်တော့ စစ်ကြီးအတွင်း အန်တိုနီယို ဒဏ်ရာရပြီး နှင်းတောထဲလဲနေတုန်း ရုရှားသူလေးက အိမ်ထဲကို မနိုင်မနင်းနဲ့ တရွတ်တိုက် ဆွဲခေါ်လာခဲ့ပြီး အသက်ကို ကယ်ပေးခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီယိုဟာ စက်ရုံကနေ ရထားနဲ့ မကြာခင် ပြန်လာတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရုရှားသူလေးက ဂျီယိုဗန်နာကို ဘူတာရုံကို ခေါ်သွားပါတယ်။ ရထားရပ်လိုက်တဲ့ အခါမှာ ရထားပေါ်က ခြေထော့နင်းထော့နင်းနဲ့ ဆင်းလာတဲ့ ခင်ပွန်းသည်ကို ဂျီယိုဗန်နာ တွေ့လိုက်ရပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ခပ်လှမ်းလှမ်းအကွာမှာ မျက်နှာချင်းဆိုင် ရပ်နေကြပါတယ်။ စကားတစ်ခွန်းမှ မဆိုနိုင်ကြပေမယ့် မျက်လုံးတွေကတော့ စကားလုံးပေါင်းမြောက်မြားစွာကို ပြောနေကြသလိုပါပဲ။ နောက်တော့ အဲဒီရထား ဘီးလိမ့်စပြုနေတဲ့ အချိန်မှာပဲ ဂျီယိုဗန်နာဟာ ရထားပေါ်ကို အပြေးခုန်တက်ပြီး အန်တိုနီယိုရဲ့ ဘဝထဲက အပြီးအပိုင် ထွက်ခွာသွားပါတော့တယ်။ရထားပေါ်ရောက်တော့မှပဲ ရုရှားနိုင်ငံထဲမှာ ခရီးဆောင်လက်ဆွဲအိတ်ကို လက်မောင်းပြုတ်ကျမတတ်ဆွဲပြီး တစ်ရွာဝင်တစ်ရွာထွက် လင်ပျောက်ကို လိုက်ရှာခဲ့ရတာတွေ၊ ကျယ်ပြောလှတဲ့ နေကြာပန်းခင်းကြီးတွေထဲကိုဝင်ပြီး အလုပ်ဆင်းနေကြတဲ့ ရုရှားပြည်သူတွေကို အန်တိုနီယိုရဲ့ ဓာတ်ပုံကို တပြပြနဲ့ ချစ်လင်ရဲ့ သတင်းကို စုံစမ်းခဲ့ရတာတွေ၊ ပြောင်တလင်းခါနေတဲ့ တောင်ကုန်းတွေပေါ်မှာရှိတဲ့ စစ်သင်္ချိုင်းတွေထဲက ထောင်နဲ့ချီတဲ့ လက်ဝါးကပ်တိုင်တွေပေါ်က ကျဆုံးစစ်သည်တွေရဲ့ နာမည်တွေကို လိုက်ဖတ်ပြီး အန်တိုနီယိုရဲ့ နာမည်ကို မတွေ့ရလို့ ဝမ်းသာလုံး ဆို့ခဲ့ရတာတွေ၊ ငယ်စဉ် သမီးရည်းစားဘဝက ပင်လယ်ကမ်းခြေမှာ အန်တိုနီယိုနဲ့ တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်ကျီစယ် ခဲ့ကြတာတွေကို ပြန်လည်မြင်ယောင်မိရင်း သူ့ဘဝရဲ့ နိဂုံးဟာ အဆုံးသတ် ကြမ်းတမ်းလှပါလားလို့ တွေးမိတဲ့အတွက် ဂျီယိုဗန်နာ ရှိုက်ကြီးတငင် ငိုချလိုက်တဲ့အခန်းမှာ ရုပ်ရှင်ကြည့် ပရိသတ်ကြီးဟာ နှလုံးသားကို ဆတ်ခနဲ ဖမ်းအဆုပ်ခံလိုက်ရသလို ဖြစ်သွားခဲ့ကြရပါတယ်။ ဇာတ်ကားရဲ့ နောက်ပိုင်းအဖြစ်အပျက်တွေဟာလည်း သူတို့ဘဝရဲ့ အိမ်ထောင်ရေး ကြေကွဲစရာ အကြောင်းတွေပဲ ဖြစ်နေတာမို့ ဆက်ပြောပြမနေချင်တော့ပါဘူး။အဲဒါကတော့ အီတလီ Sunflower ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး မြန်မာ Sunflower ဇာတ်လမ်းတွေလည်း ရှိပါသေးတယ်။ အဲဒီအထဲက ကိုယ့်ပြည်တွင်းမှာ ကြားဖူးခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကတော့ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် အလယ်ပိုင်းရွာလေး တစ်ရွာနားက လယ်ကွင်းထဲမှာ ဂျပန်စစ်သားတစ်ယောက် ပေါင်မှာဒဏ်ရာရပြီး လဲနေပါတယ်။ အဲဒါကိုတွေ့တဲ့ ရွာကတောင်သူကြီး တစ်ယောက်ဟာ ဂျပန်စစ်သားရဲ့ အသက်ကို မရအရ ကယ်တင်ခဲ့ပါတယ်။ ဂျပန်စစ်သားကို အဓိကပြုစုပြီး နေ့စဉ်နဲ့အမျှ ထမင်းကျွေးတဲ့ အလုပ်ကို လုပ်ရသူကတော့ သူ့သမီးလေးပဲပေါ့။ ဒါနဲ့ပဲ အတိုချုံးပြောရရင် ဂျပန်စစ်သားနဲ့ သမီးဖြစ်သူတို့ နီးစပ်သွားပြီး သားလေးတစ်ယောက် ထွန်းကားလာပါတော့တယ်။ စစ်ကြီးပြီးလို့ ဂျပန်စစ်သား ဂျပန်ပြည်ကို ပြန်ခါနီးမှာ လယ်တောသူချစ်ဇနီးကို တခြားဘာမှ ပေးစရာမရှိတာနဲ့ ဂျပန်စစ်သားဟာ သူသုံးတဲ့ ကိုယ်ပိုင်စစ်ရေဘူးလေးကိုပဲ ပေးထားနိုင်ခဲ့ပါတယ်။ ရေဘူးပေါ်မှာလည်း သူ့ရဲ့နာမည်နဲ့ ကိုယ်ပိုင်နံပါတ်ကို သံချောင်းနဲ့ ထွင်းပေးသွားခဲ့ပါတယ်။ စစ်ကြီးပြီးလို့ နှစ် ၂၀ နီးပါးလောက်ကြာတော့ ဂျပန်စစ်သားဟာ ဂျပန်နိုင်ငံမှာ အောင်မြင်တဲ့ ကုမ္ပဏီဥက္ကဋ္ဌကြီးတစ်ယောက် ဖြစ်နေပြီး ဂျပန်သူ နောက်အိမ်ထောင်နဲ့ သမီးလေးနှစ်ယောက်တောင် ရနေပါပြီ။ ကုမ္ပဏီဥက္ကဋ္ဌဟာ မြန်မာပြည်ကို ရောက်အောင်ပြန်လာခဲ့ပြီး သူ့ဇနီးသည် အသက်ရှင်လျက် ရှိနေသေးတယ်ဆိုတာကို သိသွားခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် တွေ့မသွားနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ကြားထဲက အဆက်အသွယ် လုပ်ပေးကြတဲ့ လူတွေကြောင့် သားဖြစ်သူဟာ ရေဘူးကိုကိုင်ပြီး ဂျပန်နိုင်ငံကိုတော့ လိုက်သွားနိုင်ခဲ့ပါတယ်။ အဖေဖြစ်သူနဲ့လည်း ပြန်တွေ့ရပါတယ်။ ဂျပန်ညီမတွေကလည်း ဖအေတူမအေကွဲ အစ်ကိုဖြစ်သူကို ချစ်ရှာကြပါတယ်။ ဒါပေမဲ့ သားဖြစ်သူက ဂျပန်မှာလိုက်နေလို့ မရသလို အဖေဖြစ်သူ ခမျာမှာလည်း နောက်အိမ်ထောင်မပြုသေးဘဲ ချစ်ဦးသူကို စောင့်ဆိုင်းနေဆဲဖြစ်တဲ့ မိတ္ထီလာမြို့နယ်ထဲက သားရဲ့အမေ့ဆီကို လာမလည်နိုင်ရှာပါဘူး။ ဒါနဲ့ပဲ သားဖြစ်သူဟာ အဖေနဲ့ညီမတွေကို နှုတ်ဆက်ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ရပါတယ်။ဒါ့ကြောင့်မို့ ကမ္ဘာပေါ်မှာ စစ်ပွဲတွေရယ်လို့ ရှိနေတိုင်း ဒီလို ကြေကွဲစရာကောင်းလှတဲ့ Sunflower ဇာတ်လမ်းတွေကတော့ မကုန်နိုင် မဆုံးနိုင်အောင် ဆက်လက်ပေါ်ထွန်း လာနေကြဦးမှာပါပဲ။ ကလေးကတခြား မိဘကတခြားဖြစ်ပြီး အိမ်ထောင်စု ပြိုကွဲသွားကြရတာတွေဟာ လောကငရဲတွေလို့ဆိုရင် မှားနိုင်မယ် မထင်ပါဘူး။ ဒါ့ကြောင့်လည်း ဒီလိုအဖြစ်မျိုးတွေကို ဖြစ်ပေါ်စေခဲ့တဲ့စစ်ကို တချို့လူတွေက “ရှိမီးလျှံတည့်” လို့ ဆိုကြတာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ စစ်ဆိုတာ မရှိရင် လူ့ဘုံဟာ အေးချမ်းတဲ့ သုခဘုံပါပဲ။ စစ်ဆိုတာ ရှိနေတာကြောင့် လောကလူ့ဘုံဟာ ငရဲပြည်က မီးလျှံလို ပူလောင်နေရပါတယ်။ ကိုယ်တို့နိုင်ငံမှာလည်း Sunflower ဇာတ်လမ်းတွေ ထပ်ပြီး မပေါ်ပေါက်စေချင်တော့ပါဘူး။ ကွဲကွာနေတဲ့ မိသားစုတွေကိုလည်း ပြန်လည်ပေါင်းဆုံ စေချင်လှပါပြီ။ နှစ် ၆၀ လောင်ကျွမ်းခဲ့တဲ့ စစ်မီးလျှံထဲက ရုန်းထွက်နိုင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင်နဲ့ အမြန်ဆုံး လက်မှတ်ရေးထိုး ဖြစ်စေချင်လှပါပြီ။