ဒေါ်ချက်စတာဟိုတယ်သည် လန်ဒန်မြို့၊ မေဖဲယားရပ်ကွက်၊ ပတ်လိန်းလမ်းတွင် တည်ရှိသည်။ ၁၉၄၇ ခုနှစ် ဂုဏ်ပြုညစာစားပွဲ တစ်ခုတွင် ဖြစ်သည်။ ဒေါ်ချက်စတာဟိုတယ်အတွင်း၌ မြန်မာအမျိုးသမီးတစ်ဦးသည် စန္ဒရားကိုယ်တိုင်တီး၍ အင်္ဂလိပ်သီချင်း၊ မြန်မာသီချင်းများကို ဆိုလျက်ရှိသည်။ မြန်မာအမျိုးသားတစ်စုက ယင်းအမျိုးသမီး သီဆိုခြင်းကို နှစ်ခြိုက်စွာ အားပေးလျက်ရှိသည်။ မကြာသေးမီ အချိန်ပိုင်းလေးအတွင်းတွင် ၎င်းဟိုတယ်အတွင်း၌ ဗြိတိသျှနန်းရင်းဝန် မစ္စတာအက်တလီနှင့် ဗြိတိသျှဝန်ကြီး အဖွဲ့ဝင်များ ရှိခဲ့ကြသေးသည်။ ဗြိတိသျှအရာရှိကြီးများ ပြန်သွားပြီးနောက် မြန်မာအမျိုးသားများ လွတ်လပ်စွာ ရှိနေကြခြင်းဖြစ်သည်။ စန္ဒရားသံသည် ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်ပေါ်လျက်ရှိသည်။ သီဆိုနေသူ အမျိုးသမီးသည် မြန်မာနိုင်ငံ စစ်ကြိုခေတ်တွင် သီချင်းများ သီဆိုဓာတ်ပြားသွင်းခဲ့သော အဆိုတော်ဖြစ်သည်။ မြပန်းခွေ၊ ဟေဝန်နန်းနှင့် မိဖုရားစော စသည့် နာမည်ကျော်သီချင်းများကို သီဆိုခဲ့သူဖြစ်သည်။ ယခုလည်း လန်ဒန်ရောက် မြန်မာအမျိုးသားများကို သီချင်းများ တစ်ပုဒ်ပြီးတစ်ပုဒ် ဖျော်ဖြေပေးနေသည်။ ဓာတ်ပြားသီချင်းများ ကုန်ပြီးနောက် သီချင်းတောင်းသံ ထွက်လာသည်။ “ဟိုသီချင်းလေ..ဓူဝံကြယ် မြေမှာခကြွေ..အဲ..အဲ သက်ဝေသီချင်း ဆိုစမ်းပါ” ဟူ၍ ဖြစ်သည်။
သီချင်းတောင်းဆိုသူမှာ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်သည်။ မကြာသေးမီအချိန်က ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များက ဗြိတိသျှအစိုးရ ခေါင်းဆောင်များနှင့် မြန်မာ့လွတ်လပ်ရေး ကြေညာရန် ဆောင်ရွက်ရမည့် ခရီးအဆင့်ဆင့်ကို ဆွေးနွေးခဲ့သည်။ ထို့နောက် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ဒေါ်ချက်စတာဟိုတယ်နှင့် မိုင်ပေါင်းထောင်ချီဝေးသည့် မြန်မာပြည်သို့ ပြန်ကြရတော့မည်။ မပြန်ခင်ည ညစာစားပွဲဖြစ်သည်။ “ဓူဝံကြယ်မြေမှာ ခကြွေ..ကောင်းကင်မှာ နေလတွေ ကွယ်စေ၊ မြမြင်းမိုရ်ပြိုအက်ပါစေ၊ သွေကွက်မယ် စိတ်ဝယ်မပွေ”၊ မိမိချစ်သူအပေါ် ပြောဆိုလိုသည့် သစ္စာတိုင်စကားကို အောင်မြင်စွာ တေးပြုထားသော “သက်ဝေ” သီချင်းသည် လန်ဒန်လေထဲတွင် ပျံ့လွင့်လျက်ရှိသည်။ ဗိုလ်ချုပ်သည် ကျား-မ သံပြိုင်အပိုဒ် အရောက်တွင် စန္ဒရားခုံနားသို့ သွားရောက်၍ လိုက်ဆိုနေလေတော့သည်။ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များကလည်း စည်းချက်ကျကျ လက်ခုပ်များ တီးပေးလျက်။ ဒေါ်ချက်စတာဟိုတယ်၏ အောက်ဆုံးထပ် ညစာစားပွဲ ခန်းမကြီးထဲတွင် မြန်မာအမျိုးသားတစ်စု စည်းဝေလျက်ရှိသည်။
“သက်ဝေ” သီချင်းကို ဗိုလ်ချုပ်မည်မျှအထိ စွဲလမ်းပါသနည်း။ လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင် ဗိုလ်ချုပ်နှင့် သူနာပြုဆရာမ မခင်ကြည်တို့ လက်ထပ်စဉ် အခါကလည်း ဤ “သက်ဝေ” သီချင်းနှင့်ပင် မင်္ဂလာယူခဲ့ကြသည်ပင်။ ယခု မြန်မာ့လွတ်လပ်ရေးအတွက် လန်ဒန်သို့ရောက်ရှိစဉ် မမျှော်လင့်ဘဲ ကြုံခဲ့ရသည့် ဂီတပွဲလေးတွင် “သက်ဝေ” ကိုပင် ဒတ်ထိတောင်းဆို ခဲ့ပြန်သည်။ ဗိုလ်ချုပ် အဘယ့်ကြောင့် “သက်ဝေ” အား ဤမျှစွဲလမ်းနေသနည်း။
“သက်ဝေ” ကိုဖန်တီးသူ အနုပညာရှင်မှာ နှယ်နှယ်ရရ ဟုတ်ပါရိုးလား။ မြန်မာ့တေးဂီတ သမိုင်းတွင် နှစ်ကာလရှည်လျားစွာ တည်တံ့ကျန်ရစ်မည့် Modern Classics များကို ရေးဖွဲ့ခဲ့သည့် “မြို့မငြိမ်း” ပင်ဖြစ်သည်။ ဆရာမြို့မငြိမ်းသည် ဂီတတွင် နယ်နိမိတ်မရှိ၊ လူမျိုးမခွဲခြား၊ ကန့်သတ်မှုဟူ၍ မထားအပ်၊ တေးဂီတမှာ လူသားအားလုံးပိုင် ပစ္စည်းဖြစ်သည်ဟု ယုံကြည်ထားသော အနုပညာရှင်ဖြစ်သည်။ ၎င်းအနုပညာရှင်၏ ဖန်တီးမှုအနုပညာသည် ကမ္ဘာတစ်ဖက်ခြမ်းတွင် စီးမျောလျက်ရှိနေသည်။ ဒေါ်ချက်စတာ ဟိုတယ်၌ ဖြစ်သည်။ ဆရာမြို့မငြိမ်း၏ ရည်မှန်းချက်မှာ မြန်မာ့ဂီတကို ကမ္ဘာ့ဂီတ အဆင့်သို့ မြှင့်တင်နိုင်ရေး၊ ဆင်ဖိုနီ ( Symphony) မြန်မာ့သံစုံ တီးဝိုင်းကြီးတစ်ဝိုင်း ဖွဲ့စည်းနိုင်ရေးသာဖြစ်သည်။ ထိုရည်မှန်းချက် အောင်မြင်ရေးအတွက်လည်း ဆရာမြို့မငြိမ်းသည် အင်အားရှိကြိုးစားခဲ့သည်။ အဆင်းရဲ အမျိုးမျိုးကို မတုန်မလှုပ်ခံသည်။ ငတ်ပြတ်မှုကို ရင်ဆိုင်ခဲ့သည်။
“သက်ဝေ” ကို စွဲလန်းသူ ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်ချက်စတာဟိုတယ်မှပြန်ပြီး ငါးလအကြာတွင် မြန်မာ့လွတ်လပ်ရေးကို မမြင်ရခင် မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ “တောင်နန်း မြောက်နန်း အဆောင်ဆောင်ကြငှာန်းနဲ့ အခေါင်မမြန်းရခင် အောင်ပန်းညှို့ရရှာတဲ့၊ အောင်ဆန်းတို့သေပုံ နှမြော” ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မချိတင်ကဲ ဖြစ်ခဲ့ရသည်။
“သက်ဝေကို ဖန်တီးသူ ဆရာမြို့မငြိမ်းသည်လည်း မြန်မာ့ဂီတကို ကမ္ဘာ့ဂီတသို့ မပို့ဆောင်နိုင်သေးမီမှာပင် မော်တော်ကားအောက်သို့ ခေါင်းထိုးခံကာ ဘဝကို အဆုံးသတ်ခဲ့သည်။ ပြည်သူ့အဆင်တန်ဆာတစ်ခု ပြည်သူ့လည်ရွဲ တစ်ကုံးဖြစ်သော ဆရာငြိမ်းကား မည်းမှောင်သော ပြည်သူတို့၏ဘဝ သာယာမှုများအတွက် သူစွမ်းဆောင်သည့်ဘက်မှ တောက်ပသော ကြယ်တစ်ပွင့်နှယ် ဖန်တီးခဲ့ရှာသော်လည်း ထိုကြယ်ပွင့် ယခုဖြင့် ကြွေလေပြီတကား” ဟု ကွယ်လွန်ပြီး နှစ်ရက်မြောက် ၁၇-၅-၁၉၅၅ နေ့ထုတ် လူထုသတင်းစာတွင် ခေါင်းကြီးပိုင်းမှ ဖော်ပြခဲ့သည်။
၁၉ဝ၉ ခုနှစ်ဖွား မန္တလေးသား ဆရာမြို့မငြိမ်း ဖန်တီးခဲ့သော သက်ဝေ၊ ၁၉၁၅ ခုနှစ်ဖွား နတ်မောက်သား ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်သော သက်ဝေ၊ ၁၉၄၇ ခုနှစ် ဒေါ်ချက်စတာဟိုတယ်တွင် ပျံ့လွင့်ခဲ့သော သက်ဝေသည် မြန်မာ့လွတ်လပ်ရေးသမိုင်း မြန်မာ့တေးဂီတသမိုင်းတွင် ထာဝရအမှတ်တရ ရှိနေတော့မည့် ဂန္ထဝင်တေးတစ်ပုဒ် ဖြစ်ပါတော့သည်။
ရည်ညွှန်း
- မြို့မငြိမ်း (လူထုဒေါ်အမာ)
- မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း (တက္ကသိုလ်စိန်တင်)