လမ်းပျောက်နေဆဲ အယောင်ပြ တွေ့ဆုံဆွေးနွေးရေးလား

လမ်းပျောက်နေဆဲ အယောင်ပြ တွေ့ဆုံဆွေးနွေးရေးလား
Published 17 January 2015
ဒေါက်တာရန်မျိုးသိမ်း

၂ဝ၁၅ ခုနှစ် နှစ်သစ်ကို နိုင်ငံတော် သမ္မတ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပွဲနှင့် ကြိုဆိုခဲ့လင့်ကစား မရေရာမသေချာမှုများက မြင့်မားနေဆဲဖြစ်သည်။ လတ်တလော တွေ့ဆုံဆွေးနွေးရေး အစီအမံများသည် အယောင်ပြသာဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးသည် လမ်းပျောက်နေသည်ဟု ဝေဖန်သံများ ပွက်လောရိုက်လျက်ရှိသည်။ အစိုးရနှင့် အာဏာရပါတီ အနေဖြင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးနှင့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ပြည်သူလူထုအား ပွင့်လင်းရိုးသားစွာ ချပြနိုင်ရန် လိုအပ်မည်ဖြစ်သည်။
ဇန်နဝါရီလ ၁၂ ရက် ၄၈ ဦးတွေ့ဆုံပွဲအပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ တွေ့ဆုံပွဲမတိုင်မီ ဇန်နဝါရီလ ၉ ရက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်များကို ဖော်ပြခဲ့သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှု ဆက်လက်ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး၊ လွတ်လပ်၍တရားမျှတသော ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ မြင်သာသော အသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနှင့် ကျန်ရှိနေသေးသည့် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု ရှိရေးတို့သည် လတ်တလောစိန်ခေါ်မှုကြီးများဟု ဒီချုပ်က အသားပေးဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို တစ်နေ့တည်း၊ တစ်ထိုင်တည်း ပြီးစီးအောင်မြင်လိမ့်မည်ဟု မည်သူမျှ မရည်ရွယ်၊ မယူဆကြပေ။ တစ်ထိုင်တည်းဖြင့် အများညီသဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာမည်ဟုလည်း မမျှော်လင့်ကြပေ။ အယောင်ပြမဟုတ်သော၊ အလုပ်ဖြစ်မည့် တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် လက်တွေ့ကျကျ အဖြေရှာရေး ဆော်ဩကြခြင်း ဖြစ်သည်။ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကို ကြုံသလိုလုပ်၍ မဖြစ်နိုင်ပေ။ အစိုးရနှင့် အာဏာရပါတီတို့အနေဖြင့် “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်” ထုံး နှလုံးမူလျက် တွေ့ဆုံဆွေးနွေးရေး ခရီးရှည်ကို ဖော်ဆောင်မည်ဆိုလျှင် တိုင်းပြည်နှင့် ပြည်သူလူထုကို အကျိုးပြုနိုင်ခြေနည်းမည်။ လှည်းဘီးသည် နှစ် ၅ဝ ကျော် အထွေထွေ ဗရုတ်သုတ်ခများနှင့် ပြည့်နှက်နေသော နွံထဲတွင် နစ်နေသည်။ ကျွံနေသောလှည်းဘီးကို ဟန်ချက်ညီညီ၊ အားလုံးဝိုင်းတွန်းကြရမည်။ ဝိုင်းတွန်းမည့်သူများအကြား တန်းတူရည်တူရှိမှု၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့ကို တည်ဆောက်ထားရမည်ဖြစ်သည်။
လတ်တလော ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းသည် ၂ဝဝ၃ ခုနှစ်တွင် တပ်မတော်အစိုးရက တစ်ဖက်သတ်ရေးဆွဲ၊ ဖော်ဆောင်ခဲ့သော နိုင်ငံရေးလမ်းပြမြေပုံပေါ်မှာ ရှိနေဆဲဖြစ်သည်။ ခေတ်စနစ်ပြောင်းပြီဟု ဆိုသော်လည်း လမ်းပြမြေပုံဟောင်းနှင့် ခရီးနှင်နေဆဲဖြစ်သည်။ လမ်းပြမြေပုံသစ် လိုအပ်သော်လည်း ၂ဝဝ၃ ခုနှစ် လမ်းပြမြေပုံကဲ့သို့ တစ်ဖက်သတ်ရေးဆွဲ၍ မဖြစ်နိုင်သည်ကို ဆင်ခြင်သင့်သည်။ လမ်းပြမြေပုံသစ်နှင့် ရှေ့လုပ်ငန်းစဉ်များ ဝေဝါးနေဆဲ မြန်မာ့နိုင်ငံ ရေးခရီးရှည်တွင် ကြိုကြားကြိုကြား တွေ့ဆုံဆွေးနွေးပွဲများ ရှိခဲ့လင့်ကစား ဒီမိုကရေစီ အပြောင်းအလဲသည် လမ်းပျောက်နေဆဲပင် ဖြစ်သည်။ လတ်တလော တွေ့ဆုံဆွေးနွေးပွဲများတွင် ဆုပ်ဆုပ်ကိုင်ကိုင် ရလဒ်ကောင်းများနှင့် ကင်းဝေးနေခြင်းသည် အစိုးရနှင့် အာဏာရပါတီ၏ အားနည်းချက်များကို ညွှန်ပြနေသည်။
နောက်ကြောင်းပြန်လှည့်နိုင်သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ရပ်တန့်နေသည်။ စစ်အာဏာသိမ်းနိုင်သည်၊ ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတ နိုင်ဖွယ်မရှိ စသည့် သဘောထားမှတ်ချက်များသည် အကြောင်းမဲ့ထွက်ပေါ်လာခြင်း မဟုတ်ပေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဇန်နဝါရီလ ၁၃ ရက် ကြေညာချက်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေသည်ဟု အတိအလင်း ဖော်ပြခဲ့သည်။ ပြုပြင်ပြောင်းလဲလိုသောဆန္ဒ အားနည်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးဆန္ဒ ထက်သန်မှုမရှိခြင်း၊ အလုပ်ဖြစ်မည့် တွေ့ဆုံဆွေးနွေးရေးကို မဖော်ဆောင်နိုင်ခြင်း၊ ဗဟိုချုပ်ကိုင်မှုကို ဆက်လက်ကျင့်သုံးနေခြင်း တို့သည် အစိုးရနှင့် အာဏာရပါတီတို့၏ သိသာမြင်သာသော နိုင်ငံရေး ကွက်လပ်ကြီးများပင် ဖြစ်သည်။ အဆိုပါနိုင်ငံရေး ကွက်လပ်ကြီးများကို ပြည်သူလူထုဆန္ဒနှင့်အညီ ဖြည့်စွက်နိုင်မှသာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် အကောင်းဘက်သို့ ဦးတည်နိုင်မည်ဖြစ်သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ညှိနှိုင်းဆွေးနွေးပွဲများကို တစ်ပြိုင်နက်တည်း ဆောင်ရွက်သင့်ပါသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကြောင်းပြုပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆွေးနွေးပွဲများ (ဥပမာ-ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ)ကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ပါဟု ဒီချုပ်၏ ဇန်နဝါရီ ၁၃ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အပစ်အခတ်ရပ်စဲရေးအလွန် နိုင်ငံရေးဆွေးနွေးပွဲများနှင့် မြေပေါ်နိုင်ငံရေး ဆွေးနွေးပွဲများကို တစ်ပြိုင်နက်ကျင်းပသင့်သည်။ ကာလတစ်ခုတွင် နိုင်ငံရေးဆွေးနွေးပွဲနှစ်ခုတို့ မဖြစ်မနေပေါင်းစည်းလျက် ပိုမိုကျယ်ပြန့်သော ကိုယ်စားပြုမှုနှင့်အတူ တွေ့ဆုံဆွေးနွေးရေးကို ခရီးဆက်ရမည် ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲကို တစ်ခုပြီးမှတစ်ခု လုပ်ရမည်ဟု သုံးသပ်လျှင် အမှားသံသရာထဲ ခုန်ချခြင်းဖြစ်နိုင်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ယခုပြုလုပ်နေသော အစည်းအဝေးကို အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးပွဲဟု သတ်မှတ်ရန် ခက်ခဲပါသည်ဟု အတိအလင်း ကြေညာခဲ့သည်။ နိုင်ငံရေး အနှစ်သာရရှိပြီး အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများသည်သာ နိုင်ငံရေးအပြောင်းအလဲစစ်စစ်ကို ဖော်ဆောင်နိုင်မည်။ အယောင်ပြတွေ့ဆုံဆွေး နွေးပွဲများနှင့် ရှေ့ခရီးဆက်နေသရွေ့ ဘုံသဘောတူညီချက်၊ ဘုံသဘောထား၊ ဘုံလုပ်ငန်းစဉ်တို့ အလှမ်းဝေးနေဦးမည် ဖြစ်သည်။ ဒီမိုကရေစီ ရှေ့ခရီးသည်လည်း လမ်းပျောက်နေဦးမည် ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲနိုင်လျှင် လွတ်လပ်၍ တရားမျှတသော ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများသာမက မြင်သာသော အသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များကိုလည်း ကျားကန်ပေးနိုင်မည့်သဘော ဒီချုပ်က ကြေညာခဲ့သည်။ အစိုးရနှင့် အာဏာရပါတီကို သာသာထိုးထိုးဖြစ်စေမည့် ဘက်လိုက်မှုများ၊ မသမာမှုများကို အဝေးဆုံးသို့ တွန်းပို့နိုင်မှသာ ရွေးကောက်ပွဲများသည် စိတ်လှုပ်ရှားဖွယ်ဖြစ်မည်။ အစိုးရနှင့် အာဏာရပါတီအနေဖြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက်ပါ အချက်များကို အကောင်းမြင်လျက် ကြောင်းကျိုး၊ ကောင်းဆိုး ဆန်းစစ် ပြင်ဆင်သင့်သည်။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံရေးဆွေးနွေးပွဲများ၏ အသေးစိတ် အချိန်ဇယားကို အများပြည်သူသိရှိအောင် ထုတ်ပြန်နိုင်မည်ဆိုလျှင် ဆွေးနွေးပွဲများ၏ လမ်းစပြန်ပေါ်လာမည်ဖြစ်သည်။ အားလုံးညီညီ လမ်းပြမြေပုံသစ်ဆီသို့ ဦးတည်လာနိုင်မည်ဆိုလျှင် နိုင်ငံရေးဆွေးနွေးပွဲများသည် အယောင်ပြမဟုတ် အနှစ်သာရရှိကြောင်း ပေါ်လွင်စေမည် ဖြစ်သည်။ ပြည်သူကို အရှင်သခင်ဟုမမြင် ကျေးကျွန်အဖြစ်သာ မြင်နေသရွေ့ ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူကို အသိပေးရန် တွန့်ဆုတ်နေဦးမည်ဖြစ်သည်။ ဒီမိုကရေစီစစ်စစ်တွင် ပြည်သူသည် အရှင်သခင်ဖြစ်သည့်အလျောက် ပြည်သူကို မျက်နှာမူလျက် လမ်းပြမြေပုံဟောင်း၊ လုပ်နည်းလုပ်ဟန်ဟောင်း၊ စဉ်းစားတွေးခေါ်မှု ပုံစံဟောင်းများကို မြန်မြန်သွက်သွက် ပြုပြင်လျက် တွေ့ဆုံဆွေးနွေးရေး ရှေ့ခရီးကို ဆက်သင့်ပါကြောင်း မီးမောင်းထိုး၊ ဆော်ဩလိုက်ရပါသည်။
 

Most Read

Most Recent