ဒေါ်အောင်ဆန်းစုကြည်နှင့် UNA အဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် UNA အဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမည်
Published 16 January 2015

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ တွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ထိုသို့ တွေ့ဆုံရာတွင် UNA အဖွဲ့မှ ကမကထပြု၍ လာမည့်ဖေဖော်ဝါရီတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲနှင့် မဟာမိတ်ဆက်ဆံရေးကိစ္စများ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ တွေ့ဆုံမှုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်နှင့် ဒေါ်နန်းခင်ထွေးမြင့်တို့ ပါဝင်မည်ဖြစ်ပြီး UNA အဖွဲ့ဝင်ပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပူဂင်ကမ်းလျန်၊ မွန်အမျိုးသားပါတီမှ ဒေါက်တာမင်းစိုးလင်း၊ ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က မဟာမိတ်ဆက်ဆံရေးနှင့် အခြားကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်သည်။ယခင်က UNA ခေါင်းဆောင်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ပါဝင်လေ့ရှိသော်လည်း ယခုတွေ့ဆုံမှုတွင် ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်ဘဲ UNA ညီလာခံ ကျင်းပရေးကော်မတီ တာဝန်ရှိသူများ အဓိက ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။“အခုက ဆွေးနွေးမယ့်ကိစ္စက UNA ညီလာခံနဲ့ ပတ်သက်တယ်။ အဲဒီတော့ UNA ညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌက ဦးစိုင်းညွန့်လွင်ဖြစ်တော့ သူနဲ့ကျန်တဲ့သူတွေကို ရွေးပြီးလွှတ်တာပါ” ဟု ဦးအေးသာအောင်က ပြောကြားသည်။UNA အဖွဲ့ဝင်ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ရခိုင်အမျိုးသားပါတီတို့ ဖြစ်ကြသည်။

Most Read

Most Recent