မြန်မာနိုင်ငံ၏ အလားအလာအရှိဆုံး ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲထားရာ အတည်ပြုနိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထား

မြန်မာနိုင်ငံ၏ အလားအလာအရှိဆုံး ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲထားရာ အတည်ပြုနိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထား
Published 16 January 2015
နီလာ

မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်များအနက် ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန်၊ သစ် စသည့် အလားအလာအရှိဆုံး ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် အဓိကထားကာ ရေးဆွဲသည့် အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy) နှင့် ပတ်သက်၍ အတည်ပြုနိုင်ရေးအတွက် လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။“National Export Strategy နဲ့ပတ်သက်ပြီး အခုက သမ္မတရုံးကို တင်ထားပြီ။ သူတို့ဆီက အတည်ပြုပြီး ပြန်ကျပြီဆိုမှ launching လုပ်မှာ။ ဒါပေမဲ့ အခုက ပြန်မကျသေးဘူး။ ပထမတော့ ဒီလထဲမှာ ထုတ်ပြန်ဖို့ လုပ်ထားတာ၊ သမ္မတရုံးက ပြန်မကျသေးလို့ မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်မှာပါတဲ့ အတွင်းရေးမှူးအဖွဲ့ကို ITC (International Trade Center) က လာမယ့်အပတ်ထဲမှာ စပြီး သင်တန်းပေးတော့မှာ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်က ဇန်နဝါရီ ၁၆ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။အဆိုပါ အမျိုးသားပို့ကုန် မဟာဗျူဟာအား ITC-International Trade Center၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လိုအပ်သည့် ငွေကြေးအကူအညီများအား ဂျာမနီအခြေစိုက် GIZ အဖွဲ့မှ ပေးအပ်ထားကြောင်း၊ အဆိုပါ အမျိုးသားပို့ကုန် မဟာဗျူ ဟာအား ပြီးခဲ့သည့် နှစ်နှစ်မှ စတင်ခဲ့ကြောင်း သိရသည်။အမျိုးသားပို့ကုန် မဟာဗျူဟာတွင် မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များအနက် အလားအလာအရှိဆုံး ပို့ကုန်ဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်အခြေခံပစ္စည်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ရော်ဘာစသည်တို့ကို လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်း အနေဖြင့် ခရီးသွားလာရေး လုပ်ငန်းများကို ဦးစားပေးကဏ္ဍ ခုနစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။“နယ်သာလန်အစိုးရကို based လုပ်ထားတဲ့ CBI က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ကယားပြည်နယ်ကို စလုပ်နေပါပြီ။ ကယားပြည်နယ်က မြန်မာပြည်မှာဆိုရင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖို့အတွက် အလားအလာတွေ အများကြီးရှိတဲ့ နေရာပါ။ ဒါကြောင့် သူတို့က ၁ ဒသမ ၉ သန်း ကူညီမယ်။ နည်းပညာ အကူအညီရော လိုအပ်တဲ့ သင်တန်းတွေပါပေးဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် အမျိုးသားပို့ကုန် မဟာဗျူဟာ၏ ဦးစားပေး ကဏ္ဍများအနက် တစ်ခုဖြစ်ကြောင်း၊ ယင်းအစီအစဉ်၏ ထောက်ပံ့မှုအဖြစ် နယ်သာလန်အခြေစိုက် CBI၊ နိုင်ငံတကာ ကုန်သွယ်မှုစင်တာ (ITC) နှင့် ပူးပေါင်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ၊ ကယားပြည်နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။   

Most Read

Most Recent