(၁)‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရဦးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်။ ကျုပ်လုပ်နေတဲ့ အချိန်အတွင်းမှာတော့ ကျုပ်ရဲ့ယုံကြည်ချက်အတိုင်း အနိုင်မခံ အရှုံးမပေးဘဲ နောက်ဆုံးအထိ လုပ်မှာပဲ’၁၉၄၇ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သောစကား ဖြစ်ပါသည်။(၂)တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကျွန်ဘဝရောက် မြန်မာနိုင်ငံကို လွတ်လပ်ရေး ရရှိရန်ဟူသော မဟာကိစ္စကြီး တစ်ခုတည်းအတွက်သာ မြန်မာပြည်တွင် လူလာဖြစ်သော သူတစ်ယောက် ဖြစ်လေသည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးအတွက် သူ၏အဓိဋ္ဌာန်ကို သူကိုယ်တိုင် ရေးသားခဲ့သော ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ ဆောင်းပါးတွင် ဤသို့ ရေးသားခဲ့သည်။‘ငါ့အတွက် ဖြစ်လိုရာ ဖြစ်စေတော့။ နိုင်ငံရေး ဝဲဂယက်အတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏နိုင်ငံ လွတ်လပ်ရေးအတွက် မနေမနား စွန့်စားလုံးပမ်းတော့အံ့’ ဤအဓိဋ္ဌာန်ကို သန်သန်ကြီးပြုမိတော့၏။မလွတ်လပ်သော နိုင်ငံနှင့် လူမျိုးအတွက် ရင်နင့်အောင် ခံစားခဲ့ရသည့် ဗိုလ်ချုပ်သည် ‘ဗမာပြည်၏ ကြမ္မာနှင့် ပတ်သက်၍ ကျွနု်ပ်သည် ဘယ်အခါကမျှ စိတ်သက်သာမှု မရခဲ့ပေ။ အိပ်မက်များတွင်ပင် ကျွနု်ပ်သည် ကျွနု်ပ်၏ မလွတ်လပ်သော နိုင်ငံအတွက် ယောင်ရမ်းငိုခဲ့၏။ ဒေါသထွက်ခဲ့မိ၏’ ဟု ဖွင့်ဟဆိုခဲ့သည်အထိ ခံစားခဲ့ရသူပီပီ လွတ်လပ်ရေးရရှိအောင် မဖြစ်မနေ ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။(၃)သို့သော် လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမှ အနားယူမည်ဆိုသော ဆုံးဖြတ်ချက်သည်လည်း ဗိုလ်ချုပ်တွင် ရှိနေခဲ့လေသည်။ အနားယူမည့် ကိစ္စကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော တောင်သူလယ်သမား ညီလာခံ၌ စတင်ပြောခဲ့သော်လည်း ‘အနားယူရမလား မပြောတတ်သေးဘူး’ ဟူသော မသေချာသည့် ပုံစံဖြင့်သာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ထိုနှစ် ဧပြီလက မေမြို့ (ယခု ပြင်ဦးလွင်)တွင် အနားယူနေစဉ် အပါးတော်မြဲဖြစ်သူ ဗိုလ်ထွန်းလှအား အနားယူမည့်အကြောင်းကို နှစ်ကိုယ်ကြား ပုဂ္ဂိုလ်ရေးစကားအဖြစ် တီးတိုးပြောကြားခဲ့သည်။ ထို့နောက် တစ်လအကြာတွင် ဆောင်းပါးအစ၌ ဖော်ပြခဲ့သည့် စကားကို လူသိရှင်ကြား တရားဝင် ထုတ်ဖော်ပြောကြားလာသည်ကို တွေ့ရပါသည်။(၄)ဗိုလ်ချုပ်သည် လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမှ အနားယူရန် အဘယ့်ကြောင့် ကြံရွယ်ပါသနည်း။ အဘယ့်ကြောင့် ဆုံးဖြတ်ထားပါနည်း။ သူပြောသလို စာရေးဆရာလုပ်ရန် ရည်ရွယ်ချက်ကြောင့်လော။ သို့မဟုတ် အေးအေးလူလူ နေချင်၍လော။ သည်အကြောင်းများလောက်ဖြင့် သူအင်မတန် ချစ်မြတ်နိုးပြီး အလွန်တန်ဖိုးထားသော ပြည်သူလူထုကြီးကို ကျောခိုင်းထွက်ခွာသွားဖို့ ဆိုသည်မှာ လွယ်ကူလှသောအရာ မဟုတ်ပါ။(၅)ဗိုလ်ချုပ်၏ ထိုဆုံးဖြတ်ချက်နောက်ကွယ်တွင် ခိုင်မာသော ရည်ရွယ်ချက်နှင့် လုံလောက်သော အကြောင်းပြချက် ရှိကိုရှိရမည် ဖြစ်သည်။ ဗိုလ်ချုပ်၏ ထိုအကြောင်းရင်းမြစ်ကို ဗိုလ်မင်းခေါင် (ရွှေတူ)က မှတ်တမ်းတင်ခဲ့သည်။ ဗိုလ်မင်းခေါင်ဆိုသည်မှာ ရဲဘော်သုံးကျိပ်ဝင်ထဲမှ သခင်စောလွင်ဖြစ်ရာ ဗိုလ်ချုပ်နှင့် နဖူးတိုက်ဒူးတိုက် နေခဲ့သူ အတွင်းသိ အစင်းသိ တစ်ဦးလည်းဖြစ်သည်။ ဗိုလ်မင်းခေါင်၏ ထိုမှတ်တမ်းကို တွေ့လိုက်ရသည့် အခါတွင်မူ ‘ဒါပဲကွ ငါတို့ဗိုလ်ချုပ်’။ အော်မိမတတ် ဝမ်းသာလုံး ဆို့သွားရပါသည်။(၆)ဟိုင်နန်းကျွန်း၌ ရဲဘော်သုံးကျိပ်တို့ စစ်ပညာသင်တန်းတက်နေစဉ် ၁၉၄၁ ခုနှစ်က ဖြစ်သည်။ တစ်နေ့တွင် သင်တန်းပြီး၍ နားနားနေနေ ဝိုင်းဖွဲ့ပြီး စကားပြောနေကြစဉ် ဗိုလ်ချုပ်ရောက်လာပြီး စကားပြောကြရင်း ‘လွတ်လပ်ရေး ရပြီးရင် မင်းတို့ တိုင်းပြည်အတွက် ဘာလုပ်ကြမလဲ’ ဟု ဗိုလ်ချုပ်က မေးသည်။ အချို့က စစ်တပ်တွင်၊ အချို့က နိုင်ငံရေး၊ အချို့က အုပ်ချုပ်ရေးပိုင်း စသည်တို့တွင် လုပ်ကြမည်ဟု ဖြေကြသည်။ ထို့နောက် ဗိုလ်မင်းခေါင်က ‘ကိုကြီးရော ဘာလုပ်မှာလဲ’ ဟု ပြန်မေးလိုက်သည်။ ထိုအခါ ဗိုလ်ချုပ်က စာတွေရေး၊ ခြံယာစိုက်ပျိုးပြီး အေးအေးဆေးဆေးပဲ နေမည်ဟု အဖြေပြန်ပေးသည်။ ဗိုလ်ချုပ်၏ ထိုအဖြေကို လက်မခံနိုင်ဟန်ဖြင့် ဗိုလ်လရောင် (သခင်ဘဂျမ်း)က ‘တိုင်းပြည်ထူထောင်ရေးအတွက် လုပ်စရာတွေ အများကြီး ကျန်သေးတာပဲ’ ဟု စကားထောက်လိုက်သည်။ထိုအခါ ဗိုလ်ချုပ်က ‘ဒါတော့ မှန်တယ်။ လွတ်လပ်ရေးကြိုးပမ်းပြီးရင် ကိုယ်ရမယ့် အခွင့်ထူး အခွင့်အရေး၊ ခံစားနိုင်တဲ့ ကိုယ်ကျိုးများကို စွန့်နိုင်တဲ့ စိတ်ဓာတ်ကိုလည်း ခေတ်လူငယ်များအတွက် သင်ခန်းစာအဖြစ် ကျွန်တော် ပေးခဲ့ချင်တယ်။ ဒါ့ကြောင့် လွတ်လပ်ရေးရပြီးရင် ကျွန်တော် အနားယူမယ်လို့ ယတိပြတ် ဆုံးဖြတ်ထားတယ်’ထိုစကားပြောချိန်တွင် ဗိုလ်ချုပ်သည် ၂၆ နှစ်အရွယ် လူငယ်တစ်ယောက် အဖြစ်သာ ရှိနေပါသေးသည်။ မတရားနည်းဖြင့် ရပိုင်ခွင့်ကိုပင် မဆိုထားဘိ၊ တရားနည်းလမ်းကျဖြစ်သော ကိုယ်၏ ရပိုင်ခွင့်နှင့် ခံစားခွင့်ကိုပင် စွန့်လွှတ်ရဲသော သတ္တိများနှင့် စိတ်ဓာတ်အမွေကို ခေတ်လူငယ်များ ရစေချင်၍ လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမှ အနားယူပြမည်ဆိုသည့် ဗိုလ်ချုပ်၏ စံပြသတ္တိကို ကြားလိုက်ရပြီးသည့်နောက်တွင် မည်သူမျှ စောဒကတက်ခြင်း မပြုနိုင်ကြတော့ပေ။(၇)ဂျပန်ခေတ်ပြီးနောက် ဘုရင်ခံကောင်စီတွင် ဒုတိယ သဘာပတိအဖြစ် ဗိုလ်ချုပ်ထမ်းဆောင်နေစဉ် တစ်နေ့တွင် ထိုကိစ္စ ထပ်မံပေါ်ခဲ့ပြန်သည်။ ဗိုလ်မင်းခေါင်သည် ဗိုလ်ချုပ်၏အိမ်၌ ထမင်းအတူစားရင်း ‘လွတ်လပ်ရေးရပြီးရင် ကိုကြီး နိုင်ငံရေး ဆက်လုပ်မလား’ ဟု မေးသည်။ ဗိုလ်ချုပ်သည် ဗိုလ်မင်းခေါင်အား စိမ်းစိမ်းဝါးဝါးနှင့် အတန်ကြာကြည့်ပြီးမှ‘ဘာလဲ . . . မင်းက အခု တို့အဖွဲ့ဟာ အာဏာတွေ၊ တန်းခိုးတွေ ပြည့်စုံတဲ့ အခြေအနေမှာ ငါ ရာထူးရာခံတွေ လက်ခံပြီး နိုင်ငံရေး ဆက်လုပ်မယ်လို့ မင်းယူဆသလား။ ဝေးပါသေးတယ်ကွာ။ မင်းလည်း သိပြီးသားပါ။ ငါ စာရေးမယ်။ ခြံစိုက်မယ်။ နိုင်ငံရေးက အနားယူမယ်။ တိုင်းပြည်ထူထောင်မှုကို ကျန်တဲ့လူတွေ ဆက်လုပ်ကြပေါ့။ ငါပြမယ့် စံနမူနာတော့ ငါ ယတိပြတ်ပဲ။ ဘာဖြစ်လို့ ထပ်မေးရတာလဲ’
လွတ်လပ်ရေးကြိုးပမ်းပြီးရင် ကိုယ်ရမယ့် အခွင့်ထူး အခွင့်အရေး၊ ခံစားနိုင်တဲ့ ကိုယ်ကျိုးများကို စွန့်နိုင်တဲ့ စိတ်ဓာတ်ကိုလည်း ခေတ်လူငယ်များအတွက် သင်ခန်းစာအဖြစ် ကျွန်တော် ပေးခဲ့ချင်တယ်။ ဒါ့ကြောင့် လွတ်လပ်ရေးရပြီးရင် ကျွန်တော် အနားယူမယ်လို့ ယတိပြတ် ဆုံးဖြတ်ထားတယ်’ ထိုစကားပြောချိန်တွင် ဗိုလ်ချုပ်သည် ၂၆ နှစ်အရွယ် . . . . .
‘ကိုကြီး ပြောခဲ့တာတွေ မယုံလို့ မဟုတ်ပါဘူး။ အခုအချိန်မှာ တစ်ပြည်လုံးက ဗိုလ်ချုပ်မှဗိုလ်ချုပ် ဖြစ်နေတုန်း ကိုကြီးက သစ်စိမ်းချိုး ချိုးသွားရင် လူထု စိတ်ဓာတ်တွေ ကျကုန်မှာ စိုးလို့ပါ’ထိုအခါ ဗိုလ်ချုပ်က‘သူရဲကောင်းကိုးကွယ်တဲ့ ဝါဒမျိုးရှိလို့ ဘယ်ကောင်းမလဲ။ ငါရှိမှ တိုင်းပြည်တည်ဆောက်မှု လုပ်ငန်းတွေ အောင်မြင်ရမယ်ဆိုတဲ့ အယူအဆတော့ မင်းတို့ မထားနဲ့။ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း . . . ငကန်းသေ ငစွေပေါ်တာမျိုးသာ ဖြစ်ရမယ်။ ဒါမှလည်း တိုင်းပြည်မှာ လူတော်လူကောင်းတွေ ပေါ်ထွန်းလာမှာပေါ့။ ငါ့အနေနဲ့ လွတ်လပ်ရေးရပြီးရင် ကိုယ်ကျိုးအားလုံး စွန့်ပြီးနေမယ်ဆိုတာ မှတ်ထားပေရော့’(၈)လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမှ အနားယူမည်ဆိုသော ဗိုလ်ချုပ်၏ ရည်ရွယ်ချက်များတွင် စာရေးချင်သည့် ဆန္ဒသည် အဓိကမဟုတ်။ ခြံစိုက်ချင်သည့် ဆန္ဒသည် အဓိကမဟုတ်။ ကိုယ်ရရှိသည့်၊ ကိုယ်ခံစားခွင့်ရှိသည့် အခွင့်အရေးများကို စွန့်လွှတ်စွန့်စားရဲသော မဟာသတ္တိ၊ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း၊ ငကန်းသေ ငစွေပေါ် လူတော်လူကောင်းများ ထွန်းကားရေးဟူသည့် မဟာမြော်မြင်မှုနှင့် မဟာစိတ်ဓာတ်ကြီးများကို လွတ်လပ်ရေးနှင့်အတူ အမွေပေးလိုခြင်းသည်သာ အဓိကရည်ရွယ်ရင်း အစစ်အမှန်ဖြစ်ကြောင်း သိလိုက်ရပါတော့သည်။(၉)သို့သော် ကိုယ်ရမည့် အခွင့်ထူး အခွင့်အရေးနှင့် ကိုယ်ခံစားနိုင်မည့် ကိုယ်ကျိုးများကို စွန့်လွှတ်ဖို့နေနေသာသာ ကိုယ်၏ ရပိုင်ခွင့်ထက် ကျူးကျူးလွန်လွန် ပိုမိုရရှိအောင် ကြိုးစားအားထုတ်နေသော၊ နောက်တစ်ဗိုလ်တက်ဖို့ နေနေသာသာ တက်ပြီးသား တစ်ဗိုလ်က မဆင်းရအောင် နည်းမျိုးစုံဖြင့် ကုတ်ကပ်ပြီး ကျောက်ချဖို့ ကြိုးစားနေသော၊ ငစွေပေါ်ဖို့ နေနေသာသာ ငကန်းက မကန်းသလို ကြိုးစားအားထုတ်နေသော လက်ရှိ အမိမြန်မာနိုင်ငံ၏ အဖြစ်စုံ၊ သနစ်စုံကိုသာ ဗိုလ်ချုပ်မြင်နိုင်ဦးမည်ဆိုလျှင် ‘ဗမာပြည်၏ ကြမ္မာနှင့် ပတ်သက်၍ ကျွနု်ပ်သည် ဘယ်အခါကမျှ စိတ်သက်သာမှု မရခဲ့ပေ။ အိပ်မက်များတွင်ပင် ကျွနု်ပ်သည် ကျွနု်ပ်၏ (ကမောက်ကမ နိုင်လှသော) (ကိုယ်ကျိုးရှာမှု များလှသော) နိုင်ငံအတွက် ယောင်ရမ်းငိုခဲ့၏။ ဒေါသထွက်ခဲ့မိ၏’ ဟု ဒုတိယမ္ပိ ထပ်ပြီးတော့ ဆိုရလေဦးမလားပဲ။