သမ္မတအားဝေဖန်ထားသည့် ဓာတ်ပုံနှင့်စာသားများ ရေးသားထားသော Facebook စာမျက်နှာနှင့် ပတ်သက်၍ ဦးမျိုးရန်နောင်သိန်း၏ Account အစစ် ဟုတ်၊ မဟုတ် အတည်ပြုဖို့လိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Daily Eleven သတင်းစာ၏မေးမြန်းမှုကို ဇန်နဝါရီ ၁၅ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။“ကိုမျိုးရန်နောင်သိန်း Account အစစ် ဟုတ်၊ မဟုတ် အတည်ပြုဖို့လိုပါတယ်။ အတည်ပြုနိုင်တယ်ဆိုရင်တော့ ဆက်စဉ်းစားဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု သမ္မတအား ဝေဖန်ဖော်ပြထားချက်အပေါ် မည်ကဲ့သို့လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိအပေါ် မေးမြန်းချက်အား ဦးရဲထွဋ်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။အဆိုပါဖော်ပြချက်ဓာတ်ပုံတွင် သမ္မတဦးသိန်းစိန်က ပြည်တွင်းခရီးစဉ်တစ်ခုတွင် ကလေးငယ်တစ်ဦးအား ပွေ့ချီခဲ့သည့်ပုံဖြစ်ပြီး အဆိုပါပုံအား သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် “ကလေးချစ်တဲ့သမ္မတကြီး”ဟု ဦးစွာ ဖော်ပြခဲ့သည်။ယင်းဓာတ်ပုံအား Myo Yan Naung Thein အမည်ဖြင့် Facebook Account မှ ထပ်မံဆင့်ပွားဖြန့်ချိခဲ့ရာတွင် အဆိုပါဓာတ်ပုံနှင့်အတူ “ဪ ဒါနဲ့စကားမစပ် ဒီရက်ပိုင်း သေခါနီးအဘိုးကြီးတွေရဲ့ ကလေးမုဒိမ်းမှုတွေ တော်တော်များတယ်နော်”ဟု စာသားအား ရေးသားထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဖော်ပြမှုအတွက် သမ္မတရုံးမှ အဆင့်မြင့် အကြီးတန်းအရာရှိတစ်ဦး၏ Facebook Account ဖြစ်သော မှူးဇော် Facebook နှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့၏ Facebook စာမျက်နှာများတွင် ၎င်းတို့၏ သဘောထားမှတ်ချက်များနှင့်အတူ ပြန်လည်ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဦးမျိုးရန်နောင်သိန်းက ၎င်းလုပ်ဆောင်ခြင်းမဟုတ်ကြောင်း လတ်တလောတွင် နာဂဒေသဘက်ရောက်ရှိနေသောကြောင့် ၎င်း၏ Facebook အား ကြည့်ရှု၍မရကြောင်း စသည်ဖြင့် ပြန်လည်ဖြေကြားထားပါသည်။ဦးမျိုးရန်နောင်သိန်းသည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့၏ အတွင်းရေးမှူးတာဝန် ရယူထားသူတစ်ဦး ဖြစ်သည်။ထို့ပြင် K Sandar Tun Facebook Account အမည်ဖြင့် ၂ဝ၁၄ မေ ၂ဝ နေ့စွဲဖြင့် တင်ထားသော Post တစ်ခုကို Demo Fatty ဖေ့စ်ဘွတ်ခ်တွင် ဓာတ်ပုံအဖြစ် ယခုရက်ပိုင်းတွင် ပြန်လည်ဖော်ပြထားခြင်းနှင့် ပတ်သက်၍ ဦးရဲထွဋ်အား မေးမြန်းခဲ့ရာ “ကျွန်တော့် ဇနီးရေးသားချက်ကို သူစတင်တဲ့ ၂ဝ၁၄ ကတည်းက ကျွန်တော်ဖတ်ပါတယ်။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်သာမက နိုင်ငံရေးသမားများရဲ့လုပ်ဆောင်ချက်များကို ပြည်သူတစ်ဦး၊ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပါဘဲ ဝေဖန်ခွင့်ရှိပါတယ်။ ကုန်ကုန်ပြောရရင် သူ့အနေနဲ့ အစိုးရအဖွဲ့က တာဝန်ရှိသူတွေကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်စော်ကားမှုမပါဘဲ ဝေဖန်ခွင့်ရှိပါတယ်။ သူက နာမည်အရင်းနဲ့ Account အမှန်နဲ့ ရေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုရေးသားချက်အတွက် ကျွန်တော့်အနေနဲ့ တောင်းပန်ဖို့၊ ရှင်းပြဖို့မလိုဘူးလို့ ယုံကြည်ပါတယ်။ ဓာတ်ပုံ Share တဲ့ကိစ္စကတော့ ကျင့်ဝတ်နဲ့မညီတဲ့အတွက် တောင်းပန်ခဲ့တာဖြစ်ပါတယ်”ဟု ဦးရဲထွဋ်က ပြန်လည်ဖြေကြားခဲ့ပါသည်။K Sandar Tun Facebook Account အမည်ဖြင့် ၂ဝ၁၄ မေ ၂ဝ နေ့စွဲဖြင့် တင်ထားသော Post တွင် “နေ့တစ်နေ့ ကုန်သွားပြန်တော့ ဘာဖြစ်လဲ။ သေဖို့တစ်ရက် ပိုနီးလာတာပေါ့။ ရောဂါကြီးတွေဖြစ်နေပြီး ဘယ်လောက်ပဲနေရတော့မယ်လို့ သတ်မှတ်ခံထားရတဲ့သူမှနေ့ရက်တွေ တန်ဖိုးရှိတာ မဟုတ်ပါဘူး။ နေထိုင်ခွင့်ရနေတဲ့ရက်တိုင်း တန်ဖိုးရှိနေပါတယ်။ ကုသိုလ်အမှုပြုပါ။ အကုသိုလ်နည်းနိုင်အောင်နေရမှာ။ ကံကံ၏အကျိုးတရားကိုယုံကြည်ရင် နောင်သံသရာအတွက် ရိက္ခာစုဆောင်းသင့်တဲ့သူတွေချည်း ပါပဲ။ ဘာဖြစ်လို့များ အာဏာတွေ ရာထူးတွေ ရယူလိုမှုတွေနဲ့ မငြိမ်းချမ်းလိုက်တာ၊ ပူလောင်လိုက်ကြတာ၊ တိုင်းပြည်အပေါ် ကိုယ်ကျိုးမဖက်ဘဲ တကယ်စေတနာမေတ္တာရှိပြီး ကောင်းကျိုးလိုလားတယ်ဆိုရင် ဘယ်လို တစ်ထောင့်တစ်နေရာကပဲဖြစ်ဖြစ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကိုယ့်ဘဝရဲ့ လက်ကျန်အချိန်ကလေးမှာ ပူးပေါင်းဆောင်ရွက် သွားပါလား။ အဲဒီလိုဆို တက်ညီလက်ညီနဲ့ ဘယ်လောက်ခရီးပေါက်လိမ့်မလဲ။ အခုတော့ သမ္မတမလုပ်ရတာနဲ့ လက်ရှိလုပ်နေတဲ့သူတွေကိုလည်း အပြုသဘောနဲ့မမြင်နိုင် အောင်မြင်တိုးတက်မှုတွေကို မုဒိတာမပွားနိုင်အောင် အဝိဇ္ဇာဖုံးလွှမ်းနေလေတော့ ပူလောင်လိုက်တာ။ ပြည်သူတွေခေါ်တဲ့ အမေ ဆိုတဲ့ ဂုဏ်နဲ့ မကိုက်ညီလိုက်တာ။ အေးချမ်းတဲ့ မေတ္တာ၊ ကောင်းကျိုးလိုလားတဲ့စိတ် နည်းမှန်လမ်းမှန်ရောက်အောင် လမ်းဖောက်ပေးတဲ့ လုပ်ရပ်တွေမတွေ့ရဘဲ အပျက်သဘောတွေဆောင် စိန်ခေါ်တဲ့အလုပ်တွေ၊ ရန်တိုက်ပေးတဲ့အလုပ်တွေနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်နေလိုက်တာ။ သူ့မှာ လူ့သက်တမ်းအရ အချိန်သိပ်မရှိတော့တာကို မေ့များနေရော့သလား။ စဉ်းစားမိသမျှ အတွေးများ”ဟူ၍ ဖော်ပြထားခြင်းဖြစ်ပါသည်။
သမ္မတအား ဝေဖန်ထားသည့် ဓာတ်ပုံနှင့်စာသားများ ရေးသားထားသော Facebook စာမျက်နှာနှင့် ပတ်သက်၍ ဦးမျိုးရန်နောင်သိန်း၏ Account အစစ် ဟုတ်၊ မဟုတ် အတည်ပြုဖို့လိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြန်လည်ဖြေကြား















