သမ္မတအားဝေဖန်ထားသည့် ဓာတ်ပုံနှင့် စာသားများရေးသားထားသော Facebook စာမျက်နှာတစ်ခုကို သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် Facebook စာမျက်နှာတွင်ပြန်လည်ဖော်ပြထားပြီး Account ပိုင်ရှင် ဦးမျိုးရန်နောင်သိန်းက ၎င်းပြုလုပ်ထားခြင်းမဟုတ်ဟုငြင်းဆို

သမ္မတအားဝေဖန်ထားသည့် ဓာတ်ပုံနှင့် စာသားများရေးသားထားသော Facebook စာမျက်နှာတစ်ခုကို သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် Facebook စာမျက်နှာတွင်ပြန်လည်ဖော်ပြထားပြီး Account ပိုင်ရှင် ဦးမျိုးရန်နောင်သိန်းက ၎င်းပြုလုပ်ထားခြင်းမဟုတ်ဟုငြင်းဆို
Published 14 January 2015
ကျော်ဇင်ဝင်း

နိုင်ငံတော်သမ္မတအားဝေဖန်ထားသည့် ဓာတ်ပုံနှင့်စာသားများရေးသားထားသော Myo Yan Naung Thein အမည်ဖြင့် Facebook စာမျက်နှာတစ်ခုအား သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ပြန်လည်ဖော်ပြပြီး Account ပိုင်ရှင် ဦးမျိုးရန်နောင်သိန်းက ၎င်းပြုလုပ်ထားခြင်းမဟုတ်ကြောင်းငြင်းဆိုခဲ့သည်။    အဆိုပါဓာတ်ပုံသည် သမ္မတဦးသိန်းစိန်က ပြည်တွင်းခရီးစဉ်တစ်ခုတွင် ကလေးငယ်တစ်ဦးအားပွေ့ချီခဲ့သည့်ပုံဖြစ်ပြီး အဆိုပါပုံအား သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ Facebook  စာမျက်နှာတွင် "ကလေးချစ်တဲ့သမ္မတကြီး" ဟု ဦးစွာဖော်ပြခဲ့သည်။    ထို့နောက် ယင်းဓာတ်ပုံအား Myo Yan Naung Thein အမည်ဖြင့် ဖေ့ဘွတ်ခ်အကောင့်မှထပ်မံဆင့်ပွားဖြန့်ချိခဲ့ရာတွင် အဆိုပါဓာတ်ပုံနှင့်အတူ "သြော် ဒါနဲ့စကားမစပ် ဒီရက်ပိုင်းသေခါနီးအဘိုးကြီးတွေရဲ့ ကလေးမုဒိမ်းမှုတွေတော်တော်များတယ်နော်"ဟု စာသားအားရေးသားထည့်သွင်းထားသည်။    ထို့နောက် သမ္မတရုံးမှ အဆင့်မြင့်အကြီးတန်းအရာရှိတစ်ဦး၏ဖေ့စ်ဘွတ်ခ်အကောင့်ဖြစ်သော မှူးဇော်စာမျက်နှာတွင် ပြန်လည်တုံ့ပြန်ရေးသားရာ၌ "မြန်မာ့လူမှုကွန်ရက်အသိုင်းအဝိုင်းမှာ "ငါနဲ့မတူ ငါ့ရန်သူ၊ ဘုံရန်သူရှာကြ၊ ချေမှုန်းကြ" ဆိုတဲ့ ရက်ဒီကယ်ရေစီးကြောင်းရှိနေသည်ကိုသိရတဲ့အတွက်လည်း ထူးပြီးမအံ့သြမိပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာရင် ဒါမျိုးတွေပိုပိုပြီးဆိုးရွားလာလိမ့်မယ်ဆိုတာတွေလည်း ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်တဲ့အတွက် ဖြစ်တတ်တဲ့ကိစ္စပဲဆိုပြီးတွေးတောမိခဲ့ပါတယ်။ ဒါပေမဲ့...NLD ပါတီဗဟိုရဲ့သုတေသနလမ်းညွှန်အဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန်ယူထားသူတစ်ဦးက ဒီလိုမျိုးပြုမူဆောင်ရွက်တာတွေ့လိုက်ရတဲ့အတွက် အံ့သြမိပါတယ်။ စိတ်မကောင်းလည်းဖြစ်ရပါတယ်" ဟုဖော်ပြထားသည်။    ထို့ပြင် နိုင်ငံရေးသိပ္ပံဘာသာရပ်များသင်ကြားနေသည့် ဗေဒါအင်စတီကျု၏သင်ကြားမှုများအပေါ်တွင်လည်း စိုးရိမ်ပူပန်မိကြောင်း၊ အဓိကအချက်ဖြစ်သည့် ၎င်း၏ပါတီဥက္ကဋ္ဌဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ သိက္ခာရှိသည့်နိုင်ငံရေးဆိုသောစကားကို လိုက်နာရန်ပျက်ကွက်နေသည့်အချက်ပဲဖြစ်ကြောင်း၊ ထို့ကြောင့်လည်း "နိုင်ငံရေးကမညစ်ပတ်ဘူး။ နိုင်ငံရေးသမားတွေက နိုင်ငံရေးကိုညစ်ပတ်အောင်လုပ်နေတာ" ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့ခြင်းဖြစ်နိုင်ကြောင်း မှူးဇော်အကောင့်တွင်ဆက်လက်ရေးသားထားသည်။    ထို့ပြင် သမ္မတပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်ကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ "နိုင်ငံရေးပါတီတစ်ခုက တာဝန်ရှိသူတစ်ဦးရဲ့အကောင့်မှန်တယ်ဆိုရင်တော့ ကျွန်တော့်ဓာတ်ပုံကို အခုလိုစာသားနဲ့ရှယ်တဲ့အတွက် သူ့ပါတီရဲ့ပုံရိပ်နဲ့ သူ့ရဲ့ကျင့်ဝတ်အပေါ် စိတ်မကောင်းဖြစ်မိပါတယ်" ဟုဖော်ပြထားသည်။    ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဦးမျိုးရန်နောင်သိန်းအားဆက်သွယ်မေးမြန်းရာ "ကျွန်တော်က အခုနာဂဒေသဘက်မှာရောက်နေတယ်။ ကျွန်တော် Facebook ကိုကြည့်လို့မရဘူး။ ကျွန်တော့်အကောင့်အစစ်ဆိုရင်တော့ ကျွန်တော့်ပုံပါမယ်။ အပေါ်က ကျွန်တော်နဲ့ သမ္မတအိုဘားမားပုံပါမယ်။ အဲဒါကျွန်တော်အကောင့်ပဲ။ ကျွန်တော်မလုပ်ဘူး။ ကျွန်တော်က နာဂပွဲတော်ရောက်နေတဲ့အတွက် ဒီမှာဖေ့စ်ဘွတ်ခ်တွေဘာတွေ ကြည့်လို့မရဘူးဖြစ်နေတယ်။ အဲဒီတော့ အခုကျွန်တော်သေချာမသိဘူး။ အခုလောလောဆယ် သမ္မတကိုပုတ်ခတ်တာဘာညာ ဘာမှမလုပ်ထားဘူး။ မလုပ်ထားဘူးဆိုတာက သံတော်ဆင့်မှာဖြစ်ပြီးကတည်းက ကျွန်တော်သူ့ကိုမလုပ်တော့ဘူး။ ကျွန်တော်ကြိုက်လို့မဟုတ်ဘူး။ ပါတီထိမှာစိုးလို့။ သမ္မတကိုကြိုက်လို့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်ကိုလည်း ပါတီကနေတားထားတာရှိတယ်။ အဲဒါကိုကျွန်တော်မလုပ်ဘူး။ ကျွန်တော်ခရီးထွက်နေတဲ့အတွက်ကြောင့် ကျွန်တော့်ဖေ့စ်ဘွတ်ခ်ကို ပြန်တော့ကြည့်ရဦးမယ်။ ဖြစ်နိုင်ခြေရှိတာက ဒီရက်ပိုင်းအတွင်းတော့ ကြည့်လို့ရမှာမဟုတ်ဘူး။ သေချာတာတစ်ခုက ကျွန်တော်သည် ဘယ်သူ့ကိုမှတိုက်ခိုက်မှုမပြုလုပ်ထားဘူး။ ဘာပို့စ်မှမရှယ်ထားဘူး။ တိုက်ခိုက်တာမလုပ်ထားဘူးဆိုတာက ကျွန်တော်နောက်ဆုံးလုပ်ခဲ့တာက NLD ပညာရေးကွန်ရက်သွားတယ်။ ကိုဝင်းမော်အကြောင်းတင်ထားတွေရှိတယ်။ အဲဒါကျွန်တော်မှတ်မိတယ်။ ပြီးတော့ကျွန်တော်ခရီးထွက်လာတယ်။ အခုပြောတဲ့ကိစ္စကို ကျွန်တော်မသိဘူး။ သူတို့ပဲလုပ်ပြီး သူတို့ပြန်ဖွတာလားတော့ ကျွန်တော်လည်းမသိဘူး။ အကယ်၍ အကောင့်ပွားပြီးလုပ်ထားရင်ပေါ့။ ကျွန်တော်အင်တာနက်ရတဲ့နေရာကျရင် ကျွန်တော့်အကောင့်ကိုကြည့်လိုက်မယ်။ ဟက်ခံထားတာလား။ ဖွင့်ကြည့်လို့ရသေးလားဆိုတာ ကြည့်လိုက်မယ်။ သေချာတာတစ်ခုက ကျွန်တော်မလုပ်ထားဘူး။ သူတို့ဘာသာလုပ်ပြီးတော့ ကျွန်တော့်ကိုပြန်လုပ်ထားတာလားဆိုတာ ကျွန်တော်မသိဘူး။ အဲဒါမျိုးဆိုရင်တော့ ယုတ်မာလွန်းအားကြီးတယ်။ ကျွန်တော့်အကောင့်ကိုဟက်ပြီးတော့ဖြစ်ဖြစ် ပြန်လုပ်တာမျိုး၊ အကောင့်အတုလုပ်ပြီးတော့မှလုပ်တာမျိုး အရမ်းယုတ်မာလွန်းအားကြီးတယ်။ အဲဒါပဲပြောချင်တယ်။ နိုင်ငံရေးမှာ အဲဒီလိုမျိုးမလုပ်သင့်ဘူး။ နိုင်ငံရေးမှာ သိက္ခာရှိရမယ်" ဟု ၎င်းက ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြန်လည်ဖြေကြားခဲ့သည်။    ဦးမျိုးရန်နောင်သိန်းသည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့၏ အတွင်းရေးမှူးတာဝန်ရယူထားသူတစ်ဦးဖြစ်သည့်အပြင် နိုင်ငံရေးသိပ္ပံဘာသာရပ်များပို့ချနေသည့် ဗေဒါအင်စတီကျု၏ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်။    အလားတူ နိုင်ငံတော်သမ္မတနှင့်ပတ်သက်၍ ဂုဏ်သိက္ခာထိခိုက်သည့် စကားလုံးအသုံးအနှုန်းများပါဝင်သည်ဟုဆိုကာ သံတော်ဆင့်ဂျာနယ်တွင်ပါရှိခဲ့သော ဦးမျိုးရန်နောင်သိန်းနှင့်တွေ့ဆုံမေးမြန်းထားသည့် အင်တာဗျူးဖော်ပြမှုနှင့်ပတ်သက်၍ သံတော်ဆင့်ဂျာနယ်အယ်ဒီတာချုပ်မှ ဖြန့်ချိရေးဝန်ထမ်းအထိ စုစုပေါင်း ၁၁ ဦးအား ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာဥပဒေဖြင့်တရားစွဲဆိုထားပြီး အင်တာဗျူးဖြေဆိုသူ ဦးမျိုးရန်နောင်သိန်းမှာ တရားစွဲဆိုမှုတွင်ပါဝင်ခြင်းမရှိကြောင်း သိရသည်။    ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရအပုပ်ချထားသည့် ဓာတ်ပုံအတုကို သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ဇနီး ဒေါ်ခင်စန္ဒာထွန်းက ၂၀၁၄ ခုနှစ် ဇွန် ၅ ရက်တွင် ၎င်းဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ အခြားသူများအား ထပ်ဆင့်မျှဝေခဲ့သဖြင့် ဦးရဲထွဋ်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်တွင်း၌ လူကိုယ်တိုင်တွေ့၍လည်းကောင်း ဇနီးနှင့်ပတ်သက်၍ တောင်းပန်ခဲ့သည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့ဖူးသည်။      ထို့အတူ K Sandar Tun Facebook Account အမည်ဖြင့် ၂၀၁၄ မေ ၂၀ နေ့စွဲဖြင့်တင်ထားသော Post တစ်ခုကို Demo Fatty ဖေ့စ်ဘွတ်ခ်တွင် ဓာတ်ပုံအဖြစ် ယခုရက်ပိုင်းတွင် ပြန်လည်ဖော်ပြထားသည်ကိုလည်းတွေ့ရသည်။ ယင်းသို့ဖော်ပြရာတွင်ဦးရဲထွဋ်၏ဇနီးကဟုသုံးနှုန်း၍ ဖော်ပြထားခြင်းဖြစ်ပြီး ပါဝင်သောစာသားများတွင် "... အခုတော့ သမ္မတမလုပ်ရတာနဲ့ လက်ရှိလုပ်နေတဲ့သူတွေကိုလည်း အပြုသဘောနဲ့မမြင်နိုင် အောင်မြင်တိုးတက်မှုတွေကို မုဒိတာမပွားနိုင်အောင် အဝိဇ္ဇာဖုံးလွှမ်းနေလေတော့ ပူလောင်လိုက်တာ။ ပြည်သူတွေခေါ်တဲ့ အမေဆိုတဲ့ဂုဏ်နဲ့ မကိုက်ညီလိုက်တာ။ အေးချမ်းတဲ့မေတ္တာ၊ ကောင်းကျိုးလိုလားတဲ့စိတ် နည်းမှန်လမ်းမှန်ရောက်အောင် လမ်းဖောက်ပေးတဲ့လုပ်ရပ်တွေမတွေ့ရဘဲ အပျက်သဘောတွေဆောင် စိန်ခေါ်တဲ့အလုပ်တွေ၊ ရန်တိုက်ပေးတဲ့အလုပ်တွေနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကုန်နေလိုက်တာ။ သူ့မှာလူ့သက်တမ်းအရ အချိန်သိပ်မရှိတော့တာကို မေ့များနေရော့သလား။ စဉ်းစားမိသမျှအတွေးများ" ဟုဖော်ပြထားသည်။    သို့ပါ၍  Facebook စာမျက်နှာများတွင်ပျံ့နှံ့နေသည့် ယင်းကဲ့သို့သောဖော်ပြချက်များနှင့်ပတ်သက်၍ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ထံ The Daily Eleven သတင်းစာက အီးမေးလ်မှတစ်ဆင့် ဇန်နဝါရီ ၁၄ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ ည ၁၁ နာရီခွဲအထိ ပြန်လည်ဖြေဆိုထားခြင်းမရှိသေးပါ။          

Most Read

Most Recent