ဗိုလ်ချုပ်အောင်ဆန်းအားဂုဏ်ပြုသည့် လမ်းလျှောက်လှုပ်ရှားမှု ရန်ကုန်မြို့၌ ဇန်နဝါရီ ၁၈ ရက်တွင်ပြုလုပ်မည်

ဗိုလ်ချုပ်အောင်ဆန်းအားဂုဏ်ပြုသည့် လမ်းလျှောက်လှုပ်ရှားမှု ရန်ကုန်မြို့၌ ဇန်နဝါရီ ၁၈ ရက်တွင်ပြုလုပ်မည်
Published 14 January 2015

ဗိုလ်ချုပ်အောင်ဆန်းအားဂုဏ်ပြုသည့် လမ်းလျှောက်လှုပ်ရှားမှုကို ဇန်နဝါရီ ၁၈ ရက်တွင် နံနက် ၆ နာရီမှ ၈ နာရီအထိ ရန်ကုန်မြို့၌ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးညီပုကပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်းအားဂုဏ်ပြုသည့် လမ်းလျှောက်လှုပ်ရှားမှုကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှစတင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့အထိသွားရောက်မည်ဖြစ်ကြောင်း သိရသည်။ဦးညီပုက "ဗိုလ်ချုပ်ကိုဂုဏ်ပြုပြီးတော့ လမ်းလျှောက်ရုံသက်သက်ပါ။ ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အခမ်းအနားမှာပါဝင်ချင်တဲ့သူ မည်သူမဆိုပါဝင်နိုင်အောင် ကျွန်တော်တို့ကဖိတ်ထားပါတယ်။ ပြည်သူနဲ့ ကျွန်တော်တို့အဖွဲ့ချုပ်ကသူတွေအပါအဝင် အားလုံးဗိုလ်ချုပ်ကို ကြည်ညိုလေးစားတဲ့သူတွေအားလုံး ပါဝင်နိုင်အောင်စီစဉ်ထားပါတယ်" ဟုပြောကြားသည်။ဆက်လက်၍ ဦးညီပုက "ဗိုလ်ချုပ်ရာပြည့်နဲ့ပတ်သက်ပြီး နိုင်ငံသူနိုင်ငံသားအားလုံး၊ ပြည်သူအားလုံးပါဝင်စေချင်ပါတယ်။ နောက်ပြီးတော့ ဒါဟာ နှစ်ပေါင်း ၁၀၀ မှတစ်ကြိမ်ဆိုတော့ ဒီတစ်ကြိမ်ဟာ အင်မတန်ထူးခြားတဲ့အနေအထားပေါ့။ ထူးခြားတဲ့နှစ်ထူးခြားတဲ့အချိန်အခါဖြစ်တယ်။ လူငယ်တွေအနေနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ပြီးတော့ သိသွားစေချင်တယ်။ အတုယူစေချင်တယ်။ ဗိုလ်ချုပ်လိုမျိုးဖြစ်အောင် ကြိုးစားစေချင်တဲ့ အနာဂတ်ရည်ရွယ်ချက်တွေလည်းပါပါတယ်။ အဲဒါတွေကို ပြည်သူတွေကိုသိစေချင်ပါတယ်" ဟုပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့် ကျင်းပရေးဗဟိုကော်မတီအနေဖြင့် ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်ရာပြည့်မွေးနေ့အကြိုအခမ်းအနားများစီစဉ်ခဲ့မှုနှင့် နောင်တွင်ဆက်လက်ဆောင်ရွက်မည့် အခမ်းအနားလုပ်ငန်းများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းမှုကို ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent