ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို စာပေဟောပြောပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို စာပေဟောပြောပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်
Published 13 January 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို စာပေဟောပြောပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်း၌ ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့သည်။အဆိုပါ ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဗိုလ်ချူပ်အောင်ဆန်း အမှတ်တရ ပြခန်းများနှင့် ပစ္စည်းအရောင်းဆိုင်ခန်း ၂၀ ကျော် ခင်းကျင်းရောင်းချခဲ့ကာ နံနက်ပိုင်းမှ စတင်၍ ပြေးခုန်ပစ်၊ ထုပ်ဆီးတိုး၊ ခြင်းခတ်ပွဲ စသည့်ပြိုင်ပွဲများကို ပြုလုပ်ခဲ့သည်။  ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်း လူငယ်လုပ်ငန်းအဖွဲ့မှ ဦးဆောင်ကာ ကျပန်းစကားပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ တေးသီချင်း ဖျော်ဖြေမှု အစီအစဉ်များကို ပြုလုပ်ခဲ့ပြီး ညနေပိုင်း၌ ဆရာမောင်မိုးသူ၊ ဆရာဖေမြင့်၊ ဆရာအော်ပီကျယ်တို့က ဟောပြောသည့် စာပေဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးက တက်ရောက်အမှာစကား ပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ကျင်းပရခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးများကို ပြည်သူများ ပိုမိုသိရှိ နားလည်လာရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမည်အတ္ထုပ္ပတ္ထိ ဂုဏ်ပုဒ်များကို ပြန်လည်ဖော်ထုတ်နိုင်ရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် မူဝါဒများကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ရေး၊ ဗိုလ်ချုပ်အောင်ဆန်းကို အတုယူ တန်ဖိုးထားသော လူငယ်များထဲမှ အနာဂတ် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက်လာရေးဟူသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရှေ့နေဦးဖာနှင့် ဒေါ်စုတို့က မကွေးခရိုင် နတ်မောက်မြို့၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။    ၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံးကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်နှစ်အဖြစ် သတ်မှတ်ကာ လစဉ် ယခုကဲ့သို့ အခမ်းအနားများ တစ်နိုင်ငံလုံး၌ ကျင်းပသွားမည်ဖြစ်သည်။