ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ပြန်လည်ရုပ်သိမ်းစရာ မရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ပြန်လည်ရုပ်သိမ်းစရာ မရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား
Published 13 January 2015
စိုးမင်းထိုက်

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ပြန်လည်ရုပ်သိမ်းစရာ မရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဇန်နဝါရီ ၁၃ ရက်တွင် မီဒီယာများအား ပြောကြားသည်။သတင်းထောက်တစ်ဦးက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ပြန်လည်ရုပ်သိမ်းရန် ရှိမရှိ မေးမြန်းမှုအပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။“ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ပြန်လည်ရုပ်သိမ်းစရာ မရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီး ဖြစ်တဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ထို့ပြင် ခြောက်ပွင့်ဆိုင်နှင့် ၁၂ ပွင့်ဆိုင်အပေါ် ပြည်ထောင်စုလွှတ်တော် နာယက၏ သဘောထားအား မေးမြန်းခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “မရှိပါဘူး။ သူကတော့ နှစ်ပွင့်လည်း ရတယ်။ သုံးပွင့်လည်း ရတယ်။ လေးပွင့်လည်း ရတယ်။ ခြောက်ပွင့်လည်း ရတယ်။ ၁၂ ပွင့်လည်း ရတယ်။ အရေးကြီးတာက အလုပ်ဖြစ်ဖို့ပဲ။ အလုပ်ဖြစ်ဖို့အတွက် ဒါအတွက်ပဲ စဉ်းစားပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ “တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ အခုလို တွေ့ဆုံမှုဟာ တို့နိုင်ငံမှာ လိုလားနေတဲ့ ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ တို့လိုချင်တာက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး ရဖို့ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ရှိမှရမယ်။ ဒါကြောင့်မို့ ဒီနေ့ တိုင်းရင်းသားရေးရာ ဝန်ကြီးများနဲ့ တွေ့ဆုံမှုဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အများကြီး အထောက်အကူ ပြုတဲ့အတွက် ငြိမ်းချမ်းရေးရဖို့ အတွက်လည်း အများကြီး အခြေအနေ ကောင်းလာပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။ဇန်နဝါရီ ၁၃ ရက်တွင် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၈ ဦး တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံမှုတွင် တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ဇန်နဝါရီ ၁၂ ရက်တွင် သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့သည်။၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ ပါဝင်သည့် ၁၄ ဦး တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံမှုမှာ တစ်ဦးလျှင် ၁၀ မိနစ်ခန့်သာ ဆွေးနွေးခဲ့ရကြောင်း သိရသည်။