သမ္မတအိမ်တော်တွင်ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်

သမ္မတအိမ်တော်တွင်ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်
Published 12 January 2015

ဇန်နဝါရီ ၁၂ ရက်က  သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများပါဝင်သောဆွေးနွေးပွဲ သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ မီဒီယာများ၏မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ ၎င်း၏နေအိမ်တွင် ပြန်လည်ဖြေကြားထားခြင်းအားဖော်ပြအပ်ပါသည်။"အခုဆွေးနွေးတာက ခြောက်ပွင့်ဆိုင်ပုံစံမှမဟုတ်ဘဲ။ တိုင်းရင်းသားဝန်ကြီးတွေပါတယ်လေ။ တိုင်းရင်းသားဝန်ကြီးတွေဆိုတာ တကယ်တော့ အစိုးရအဖွဲ့ကပဲလေ။ တိုင်းရင်းသားဝန်ကြီးတွေနဲ့ဆွေးနွေးတယ်ဆိုတာတစ်မျိုးပေါ့။ အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီတွေဆွေးနွေးတာလား။ အန်တီတို့မူအရ ဒီလိုပုဂ္ဂိုလ်တွေကိုဖိတ်တယ်ဆိုတာ အန်တီတော့မရှင်းဘူး။ သားတို့ရှင်းရင် အန်တီကိုပြောပြပါ။ အန်တီတို့အဖွဲ့ချုပ်မူနဲ့ဆိုရင်တော့ ဒီပုဂ္ဂိုလ်တွေကို ဘယ်လိုမူနဲ့ဖိတ်တယ်တော့မသိဘူးပေါ့လေ။ နည်းနည်းစဉ်းစားရခက်တယ်။ ဒါကပါတီခေါင်းဆောင်တွေလည်းမဟုတ်ဘူး။ လွှတ်တော်ထဲကအဖွဲ့ခေါင်းဆောင်တွေရယ်လို့လည်းမဟုတ်ဘူး။ အဲဒီတော့ ဘာကိုအခြေခံပြီးဖိတ်မှန်းကိုမသိဘူး။ အန်တီပြောခဲ့တာရှိတယ်လေ။ ခြောက်ပွင့်ဆိုင်ကိုရှောင်ဖို့အတွက်တော့ မဖြစ်သင့်ဘူးဆိုတာ။ ပထမဆွေးနွေးတုန်းကနဲ့ ဘာကွာလည်းဆိုရင် လူပိုများတယ်။ အန်တီပြောခဲ့တဲ့အချက်တွေကို သမ္မတကြီးကတော့ တစ်ခုမှမတုံ့ပြန်သေးဘူး။    အန်တီက ဘာတွေဆွေးနွေးခဲ့လဲဆိုတော့ ဖိတ်စာထဲကအချက်သုံးချက်ကိုပဲ အန်တီတို့ စီအီးစီထိုင်ပြီးဆုံးဖြတ်ခဲ့တာပါ။ အဖွဲ့ချုပ်ကနေထုတ်ပြန်လို့ရပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့က လွှတ်တော်မှာသာတာဝန်ရှိတယ်ဆိုတာ အန်တီတော့လက်မခံဘူး။ အားလုံးမှာတာဝန်ရှိတယ်။ ပြည်သူမှာလည်းတာဝန်ရှိတယ်။ ဒါကြောင့်မို့ ပြည်သူရဲ့ဆန္ဒကို အန်တီတို့လိုက်ပြီးလေ့လာတယ်။လိုက်ပြီးလေ့လာတော့ ပြည်သူကလည်းတာဝန်ကျေတယ်။ ပြည်သူကလည်း သူတို့ရဲ့ဆန္ဒသဘောထားကိုတင်ပြတယ်။ အဲဒါနဲ့ပတ်သက်လို့ တစ်ယောက်ကတော့ ပြည်သူလူထုက စားဝတ်နေရေးကိုပဲစိတ်ဝင်စားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုစိတ်မဝင်စားဘူးလို့ပြောသွားတယ်။ အဲဒီတော့ အန်တီကတော့ဘာမှမပြောပါဘူး။ အန်တီကတော့ ဆွေးနွေးစရာမရှိတော့ပါဘူးလို့ ပြောသင့်တဲ့အချက်တွေလည်းပြောပြီးပြီ။    ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ အန်တီတို့က တကယ့်ကို ပြည်သူကြားထဲဆင်းပြီးတော့ဆွေးနွေးပွဲလုပ်ပါတယ်။ လုပ်တဲ့အခါမှာ ပြည်သူတော်တော်များများက ဖွဲ့စည်းပုံကို ကြားလည်းမကြားဖူးဘူး။ မြင်လည်းမမြင်ဖူးဘူး။ ဖတ်လည်းမဖတ်ဖူးဘူး။ မသိတော့စိတ်မဝင်စားဘူးပေါ့။ ဒါပေမဲ့ရှင်းပြတဲ့အခါကျတော့ သူတို့သဘောပေါက်တယ်။ ဘာလို့ဖွဲ့စည်းပုံပြင်ဖို့အရေးကြီးလဲ။ သူတို့ရဲ့ဘဝတွေနဲ့ ဘယ်လိုဆက်နွှယ်မှုရှိလဲ၊ ဘာဖြစ်လို့ပြုပြင်ချင်တယ်ဆိုတာ ရှင်းပြတဲ့အခါကျတော့ ပြည်သူကလည်းနားလည်လာတယ်။ ပြည်သူကအများကြီးနားလည်လွယ်တယ်။ ပြည်သူလူထုက ဖွဲ့စည်းပုံကိုစိတ်မဝင်စားဘူးဆိုတာကို လက်ခံရမယ်ဆိုရင် ၂၀၀၈ ခုနှစ်တုန်းက ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံပါတယ်ဆိုတာကို အများကြီးပြန်စဉ်းစားဖို့လိုမယ်။ လုံးဝစိတ်မဝင်စား၊ ဘာမှမသိတဲ့ပြည်သူလူထုက ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံထားပါတယ်ဆိုတာက တစ်ခုနဲ့တစ်ခုရှေ့နောက်မညီဘူး။    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့စကားပြောတယ်ဆိုတာက တပ်နဲ့ပတ်သက်တာတွေမပါ,ပါဘူး။ ဒီအတိုင်း ရိုးရိုးပဲပြောနေတာပါ။ အာလပသလာပပြောတာပါ။ ကာကွယ်ရေးဦးစီးချုပ်နဲ့က။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အန်တီတစ်ယောက်တည်းပြောတာမဟုတ်ပါဘူး။ တော်တော်များများကပြောသွားပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးတွေအပါအဝင်ပေါ့နော်။ ဆွေးနွေးတဲ့အထဲမှာ တချို့က ၄၃၆ ကိုဖော်ပြပြီးဆွေးနွေးတာလည်းရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုပြီးတော့ ပြောသွားတာတော်တော်များပါတယ်။      အန်တီတို့ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင်နဲ့အခုပုံစံနဲ့ကမတူဘူး။ အဲဒီတော့ပွတ်တိုက်စရာအကြောင်းမရှိပါဘူး။ အခုပြောသွားတဲ့ဟာတွေက ဒီလောက် ၄၈ ယောက်ဆိုတော့ ယေဘုယျဆန်မှာပေါ့။ ဒါကတော့ ဘယ်လိုမှငြင်းလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ တချို့ကိစ္စတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးပြောတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမေးတဲ့ဟာတွေကို ဦးတင်အေးကဖြေတာတွေ ဘာတွေဟာ အရေးမကြီးတာတော့မဟုတ်ဘူး။ ဒီမှာဒီကိစ္စတွေဟာ ဦးတင်အေးအနေနဲ့ နိုင်ငံရေးပါတီတွေကိုရှင်းထားပြီးသားတွေပါ။ မဲရုံအစောင့်ကိစ္စတို့ အဲဒီလိုမျိုးတွေဟာ ဦးတင်အေးတို့ကော်မရှင်အနေနဲ့ ရှင်းထားပြီးသား။ ဒီလိုဟာမျိုးဆွေးနွေးပွဲက အန်တီတို့ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲက ဒါမျိုးတွေဆွေးနွေးဖို့မဟုတ်ဘူး။  အန်တီက သူ့ကဏ္ဍနဲ့သူ ကဏ္ဍရှင်းလင်းထားပြီးသားပဲ။ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့က ခဏခဏတွေ့နေတာပဲ။ ရွေးကောက်ပွဲကော်မရှင်ကလည်း မေးတိုင်းသေသေချာချာဖြေထားပြီးသားဖြစ်ပါတယ်။ ဒါကဥပမာတစ်ခုအနေနဲ့ပြောတာပါ။ အန်တီတို့ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင်ကမတူဘူးဆိုတာက အဲဒါတွေပါပဲ။