ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများ ပထမဆုံးအကြိမ် မဟာမိတ်အဖြစ်ပူးပေါင်းပြီး သဘောထားထုတ်ပြန်

ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများ ပထမဆုံးအကြိမ် မဟာမိတ်အဖြစ်ပူးပေါင်းပြီး သဘောထားထုတ်ပြန်
Published 12 January 2015
မခိုင် (လွိုင်ကော်)

ဇန်နဝါရီ ၁၀ ရက်က လွိုင်ကော်မြို့ ကယားလူမျိုးစု ဒီမိုကရေစီရုံးတွင် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများ ပထမဆုံးအကြိမ် မဟာမိတ်အဖြစ်ပူးပေါင်းပြီး အချက်ငါးချက်ပါဝင်သော သဘောထားထုတ်ပြန်ချက်တစ်စောင်အား ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။အဆိုပါသဘောထားထုတ်ပြန်ချက်တွင် ပြည်နယ်တွင်းရှိ ကယားလူမျိုးစု ဒီမိုကရေစီပါတီ၊ ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်)တို့ သည် ပြည်နယ်တွင်းမှီတင်းနေထိုင်ကြသော ပြည်သူလူထု၏အကျိုးကိုရှေးရှု၍ မဟာမိတ်အဖြစ် ရပ်တည်ပူးပေါင်းလိုက်ကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အခွင့်အရေးဖြစ်သော လွတ်လပ်ခြင်း ၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်နိုင်သည့် လူထုကိုယ်စားလှယ်ကို ပြည်သူလူထုတစ်ရပ်လုံးကလွတ်လပ်၍ တရားမျှတစွာရွေးချယ်တင်မြှောက်နိုင်ရန် မဟာမိတ်သုံးပါတီမှ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်အတူ တရားဥပဒေစိုးမိုးရေး ပီပီပြင်ပြင်ဖြစ်ထွန်းပေါ်ပေါက်ရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြည်သူလူထုတစ်ရပ်လုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံရေးအင်အားစုများနှင့် ပြည်သူများပါဝင်သော ဘုံသဘောတူညီချက်ရရှိရန်အတွက် ညီလာခံတစ်ရပ်အားကျင်းပသွားမည်ဖြစ်ကြောင်းတို့ ပါဝင်သည်။မဟာမိတ်ဖွဲ့ခြင်းနှင့်ပတ်သက်၍ "ကယားပြည်နယ်ရဲ့ နိုင်ငံရေးနိုးကြားမှုဟာ တခြားပြည်နယ်တွေထက်နိမ့်ကျပါတယ်။ အခုချိန်မှာ နိုင်ငံရေးဒီလှိုင်းတက်လာချိန်ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီ သုံးပါတီဖြစ်နေတာဟာ အားနည်းချက်ဖြစ်လို့ အားကောင်းလာအောင် ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ အားလုံးစုရုံးကျစ်လျစ်ခိုင်မာစွာနဲ့သွားကြဖို့လိုလို့ မဟာမိတ်ဖွဲ့တာပါ။ ရွေးကောက်ပွဲအလွန်မှာတော့ မဟာမိတ်ကနေ တစ်ပါတီတည်းဖြစ်အောင်ပူးပေါင်းဖို့ ကြိုးစားသွားကြပါမယ်" ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီ၏နာယက ဦးအောင်ဒင်ကပြောကြားသည်။