စတော့အိတ်ချိန်းမှာ မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား

စတော့အိတ်ချိန်းမှာ မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား
Published 11 January 2015
ဖြိုးဝေ

ရန်ကုန် စတော့အိတ်ချိန်းကို ၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်နိုင်သည့် အောက်တိုဘာတွင် စတင်ရန် စီစဉ်ထားသောကြောင့် စီမံကိန်း ပျက်ပြယ်သွားနိုင်ကြောင်းနှင့် အဆိုပါ စီမံကိန်းမှာ နိုင်ငံရေးအရ လှည့်ကွက်ကဲ့သို့ ဝေဖန်နေမှုများရှိနေကြောင်းနှင့် မြန်မာနိုင်ငံ၏ စတော့အိတ်ချိန်းမှာ မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းသာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားသည်။ရန်ကုန်စတော့အိတ်ချိန်း စတင်မည် ဆိုခြင်းအပေါ် ဝေဖန်မှုလေးမျိုး ကြုံခဲ့ရပြီး အဆိုပါ ဝေဖန်မှုများမှာ မြန်မာနိုင်ငံတွင် စတင်ထူထောင်မည့် စတော့အိတ်ချိန်းမှာ မအောင်မြင်နိုင်ကြောင်း၊ စောလွန်းနေသေးကြောင်း၊ ဟန်ပြလုပ်ဆောင်မှုသာ ဖြစ်နိုင်ကြောင်းနှင့် နိုင်ငံရေးအရ ဝေဖန်စရာသာ ဖြစ်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။ထိုသို့ ဝေဖန်မှုများအပေါ် ဒေါက်တာမောင်မောင်သိမ်းက စောလွန်းသည် ဆိုခြင်းမှာ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၈ နိုင်ငံအနက် စတော့အိတ်ချိန်း မရှိသည့် နိုင်ငံမှာ ကိုးနိုင်ငံသာရှိပြီး အဆိုပါ နိုင်ငံများအနက် ခြောက်နိုင်ငံမှာ ကျွန်းနိုင်ငံငယ်လေးများ ဖြစ်နေကာ ကျန်နိုင်ငံ သုံးနိုင်ငံအနက် စတော့အိတ်ချိန်း ထူထောင်ရန် မလိုအပ်နိုင်သည့် ဘရူနိုင်းနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ဖြစ်နေကြောင်းနှင့် ယခုကာလတွင်မှ စတော့အိတ်ချိန်း ထူထောင်ရန် ကြိုးစားနေခြင်းမှာ နောက်ကျသည်ဟုပင် ဆိုနိုင်ကြောင်း ပြောကြားသည်။ ထို့ြ့ပင် ယခင်အနှစ် ၆၀ ခန့် က သင်ရိုးသချာၤ တစ်ခုဖြစ်သည့် ဦးပန်းရည်၏ သချာၤစာအုပ်တွင် စတော့တွက်နည်းများအား ပြဋ္ဌာန်းခဲ့သဖြင့် ယခင်အနှစ် ၆၀ ခန့်ကပင် မြန်မာနိုင်ငံ၌ စတော့ဈေးကွက် ပေါ်ထွက်ရန် လုပ်ဆောင်မှုများ ရှိခဲ့သည်ဟု ယူဆနိုင်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။    ထို့အတူ မအောင်မြင်နိုင်ဆိုသည့် ဝေဖန်မှုများမှာလည်း ကမ္ဘာပေါ်တွင် စတော့ဈေးကွက်ဝင် ကုမ္ပဏီတစ်ခုနှင့်ပင် စတင်သည့် စတော့ဈေးကွက်များ ရှိကြောင်းနှင့် စတင်လုပ်ဆောင်ရန် အမြတ်အစွန်းများသည့် အများပိုင် ကုမ္ပဏီများကိုသာ စတော့ဈေးကွက်ဝင် ကုမ္ပဏီအဖြစ် စိစစ် လက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဟန်ပြသာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများ အပေါ်တွင်လည်း ထိုသို့ ဟန်ပြသာ လုပ်ဆောင်နေမည် ဆိုပါက ရုံးခန်းတစ်ခုအား ချက်ချင်းဖွင့်၍ မြန်မာစတော့အိတ်ချိန်းအား ထူထောင်နိုင်ပြီဖြစ်ကြောင်း ကြော်ငြာရုံသာရှိ၍ ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မှုများ၊ နည်းဥပဒေ၊ ဥပဒေများအား ရေးဆွဲရန် လုပ်ဆောင်မှုများ ရှိလာနိုင်မည် မဟုတ်ကြောင်းနှင့် စတော့အိတ်ချိန်း ပေါ်ပေါက်လာရန် အမှန်တကယ် လုပ်ဆောင်နေကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။အလားတူပင် နိုင်ငံရေးအရ ဝေဖန်မှုများကိုလည်း အစိုးရ ပြောင်းလဲပါကလည်း အဆိုပါ စီမံကိန်းမှာ ရပ်တန့်သွားနိုင်မည် မဟုတ်ကြောင်းနှင့် ဆေးရုံတစ်ရုံ တည်ဆောက်သကဲ့သို့ မည်သည့်အစိုးရပြောင်းပြောင်း ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သကဲ့သို့ ရန်ကုန် စတော့အိတ်ချိန်းမှာလည်း မည်သူတက်လာသည်ဖြစ်စေ လုပ်ဆောင်ရမည့် စီမံကိန်းသာဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ Daiwa Group နှင့် Japan Exchange Group တို့က ၄၉ ရာခိုင်နှုန်းဖြင့် အသီးသီးထည့်ဝင် လုပ်ဆောင်ကြမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် ရေးထိုးပြီးဖြစ်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှလည်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလိုင်စင် ရရှိပြီးဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent