အိမ်ခြံမြေ ပူဖောင်းနဲ့အတူ စိုးရိမ်ရတဲ့ မြန်မာ့စီးပွားရေး အခြေအနေ

အိမ်ခြံမြေ ပူဖောင်းနဲ့အတူ စိုးရိမ်ရတဲ့ မြန်မာ့စီးပွားရေး အခြေအနေ
Published 11 January 2015
အငယ်ထွေး၊ နီလာ

ပြည်သူကို နှိပ်စက်ထားသော အိမ်ခြံမြေပူဖောင်း ဈေးကွက်မှာ ဈေးလျော့ရောင်းသည့်တိုင် ဝယ်သူ ပေါ်မလာတော့သည့် အနေအထားသို့ ရောက်ရှိလာခဲ့ပြီး ကျွမ်းကျင်သူများ၏ သုံးသပ်မှုအရ မကြာမီ ပုံမှန်မဟုတ်သော ပူဖေါင်းကြီးမှာ ပေါက်တော့မည့် အနေအထား ရောက်ရှိလာသည်ဟု သိရသည်။    အရောင်းပဲရှိပြီး အဝယ် မရှိတော့တဲ့ ပူဖောင်းဈေးကွက်၂၀၁၅ ခုနှစ် နှစ်ဆန်းသည်နှင့် အိမ်ခြံမြေဈေးကွက်မှာ အရောင်းသာရှိပြီး ဝယ်လိုအားမရှိ၊ ဈေးလျှော့ရောင်းချသော်လည်း ဝယ်လိုအား တက်မလာသည့် အခြေအနေထိ ရှိလာခဲ့ကြောင်း၊ အရောင်းအဝယ် အပြင် ကွန်ဒိုအငှား ဈေးကွက်ပင် အေးစက်လာခဲ့ကြောင်း သိရသည်။“အိမ်ခြံမြေ အရောင်းအဝယ် အေးတယ်ဆိုတာ ဝယ်မယ့်သူ မရှိတာပါ။ အရောင်းတွေတော့ ရှိပါတယ်။ သိပ်အဝယ်မလိုက်တဲ့ အကြောင်းတွေကတော့ အမျိုးမျိုးပေါ့။ တချို့လည်း စောင့်ကြည့်နေကြတုန်းပါပဲ” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) အလုပ်အမှုဆောင် ဦးကျော်တင့်က ပြောကြားခဲ့သည်။“လောလောဆယ်တော့ အိမ်ခြံမြေက အခန်းငှားတာလောက်ပဲ အလုပ်ဖြစ်နေတယ်။ ၂၀၁၅ မှာတော့ အိမ်ခြံမြေက အရောင်းအဝယ်က အေးနေမယ့်သဘော ရှိတယ်။ ဈေးကတော့ ပုံမှန်လောက် ဖြစ်နေတယ်။ ဆက်တော့ မတက်ဘူး။ ကွန်ဒိုအငှားတွေကတော့ နေရာအပေါ် မူတည်တယ်။ ရွှေဟင်္သာတို့ ဘာတို့ ဆိုရင်တော့ တစ်လကို ဒေါ်လာ ၄၀၀၀ လောက် ရှိသေးတယ်။ ကွန်ဒိုအသစ်ဆိုရင် တစ်လကို ဒေါ်လာ ၂၀၀၀ ကနေ ၂၅၀၀ လောက် ပေးရတယ်။ ရိုးရိုးပုံမှန် အငှားတွေကတော့ ၁၀၀၀ နဲ့ ၁၅၀၀ ကြားရှိတယ်။ အခုချိန်မှာ အဝယ်က ငြိမ်နေသလို အငှားမှာတောင် ဒီလုပ်ငန်းမှာ လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီကြီးတွေကတော့ ဘတ်ဂျက်ရှိတော့ ငှားနိုင်တယ်။ “ဒါပေမဲ့ NGO တွေတောင် အရင်ကထက်ဆို နည်းသွားတယ်။ project လာလုပ်တဲ့ ကုမ္ပဏီတွေကတော့ ငှားနိုင်တယ်။ အထူးသဖြင့် ကွန်ဒိုခန်းတွေ ငှားကြတယ်။ အရောင်းအဝယ်ကတော့ အေးကြတယ်။ လုံးချင်းဆိုရင်လည်း ၁၀ သိန်း၊ ၁၅ သိန်း ဝန်းကျင်လောက်လေးတွေပဲ ငှားရတယ်။ သိန်း ၃၀၊ ၄၀ အထက်တွေကတော့ အငှားအေးတယ်” ဟု ယူနတီ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးဇော်ဇော်က ပြောကြားခဲ့သည်။ယခင်က အိမ်ရာစီမံကိန်းကြီးများ ကြိုပွိုင့်ရောင်းချရာတွင် ကြိုပွိုင့် တစ်ခုတည်းဖြင့်ပင် ၉၀ ရာခိုင်နှုန်း အနည်းဆုံး ရောင်းကုန်သည်အထိ ရှိသော်လည်း ယခုအခါ ကြိုပွိုင့်များကို ဈေးလျှော့ ရောင်းချသည့်တိုင် ယခင်ကကဲ့သို့ ဝယ်လိုအား မရှိတော့သည်အထိ ကျဆင်းလာခဲ့ကြောင်းလည်း သိရသည်။ဈေးကွက်တစ်ခုတွင် အဓိကကျသော ဝယ်လိုအား ထိုးကျသွားခြင်းက အိမ်ခြံမြေပူဖောင်း ပေါက်တော့မည့် အခြေအနေအတွက် အဓိကျသည့် နိမိတ်ပြမှုအဖြစ် သုံးသပ်ထားကြသည်။ငွေမည်းများနဲ့ လှုံ့ဆော်ခဲ့တဲ့ ဈေးကွက်၂၀၁၄ ခုနှစ်သည် အိမ်ခြံမြေဈေးနှုန်းများ အမြင့်ဆုံးသို့ ရောက်ခဲ့သည့်နှစ် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ ဆက်တိုက်တက်လာခြင်းသည် အစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ်မှစ၍ တက်လာခြင်းဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ တက်သည်ဆိုရာတွင် ရင်းနှီးမြှုပ်နှံမှု အသစ်များအပြင် အိမ်ခြံမြေဈေးကွက်သို့ ငွေမဲများ ဝင်ရောက်လာမှုကို မထိန်းနိုင်သည့်အတွက် ဖြစ်ကြောင်း၊ ယင်းအပေါ်တွင် ဈေးကစားလိုသည့် သူများက ဝင်ရောက်ရင်းနှီး မြှုပ်နှံကြပြီး ကစားခဲ့ကြသည့်အတွက် ဖြစ်ကြောင်း၊ ထို့အတူ တရားဥပဒေ စိုးမိုးမှု အားနည်းသည့်အတွက် ယင်းဈေးကစားမှုများအား ထိရောက်စွာ မဖြေရှင်းနိုင်ခြင်းမှာလည်း အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း၊ ထို့အတူ အိမ်နီးချင်း နိုင်ငံကြီးတစ်ခုမှ ဘဏ်အတိုးနှုန်း နည်းနည်းဖြင့် ချေးယူထားသည့် ငွေများ ပြည်တွင်းဘဏ်များသို့ ဝင်ရောက်လာခြင်း၊ ပြည်တွင်းဘဏ်များ၏ ဘဏ်တိုးနှုန်း မြင့်မားနေခြင်းမှ ရရှိသည့် အကျိုးအမြတ်များဖြင့် အိမ်ခြံမြေ ဈေးကွက်အတွင်း ဝင်ရောက်လာကြခြင်းမှာ ဈေးနှုန်းများမြင့်မားရန် နောက်ထပ် တွန်းအားတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ထို့အတူ အစိုးရ၏ စီမံကိန်းများမှာလည်း နောက်ထပ်တွန်းအားတစ်ခု ဖြစ်နေကြောင်း၊ စီမံကိန်းရှိသည်ဆိုသည့် နေရာတိုင်းကို ကြိုတင် သတင်းရရှိသည်နှင့် ဝင်ရောက်ဈေးကစားမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။လက်ရှိအချိန်တွင်မူ ရန်ကုန်မြို့သစ် စီမံကိန်း ရပ်ဆိုင်းပြီးနောက်ပိုင်း နောက်ထပ် စီမံကိန်းများ ဖြစ်ပေါ်မလာတော့သည့် အခြေအနေကြောင့် ဈေးကစားမှုအချို့ ကျဆင်းသွားကြောင်းလည်း သိရသည်။“တရုတ်ပြည်မှာ တရုတ်လူမျိုး တော်တော်များများက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အပြင်ကို ထုတ်လေ့ရှိတယ်။ စင်ကာပူကို ထုတ်လေ့ရှိသလို နောက်ပိုင်းမှာ မြန်မာနိုင်ငံဘက်ကို စီးဝင်လာတာတွေ ရှိတယ်။ အဲဒီ ငွေကြေးတွေ ဝင်ရောက်လာတာကလည်း အထူးသဖြင့် အိမ်ခြံမြေ ဈေးကွက်ထဲကိုပဲ ဝင်ရောက်လာကြတာ။ ဒါတွေကြောင့် အိမ်ခြံမြေဈေးတွေ တော်တော်တက်သွားတယ်။ အခုတော့ ၂၀၁၅ နိုင်ငံရေး အခြေအနေကို စောင့်ကြည့်တဲ့ သဘောတွေ သွားတွေ့ရတယ်။ အစောပိုင်းက အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံလိုသူတွေလည်း ကိုယ်ရှိန်သတ်ထားတာ တွေ့ရပါတယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ထိုသို့သော ရလမ်းမပြထားသည့် ငွေများကြောင့် ဈေးထိုးတက်ရသည့် အကြောင်းရင်းအဖြစ် ရှိခဲ့ရာ အကယ်၍ ရလမ်းမပြနိုင်သည့် တစ်ဖက်နိုင်ငံမှ ငွေများ အဝင်နည်းသွားပြီး ဝယ်လိုအား ကျဆင်းသွားပါကလည်း အိမ်ခြံမြေဈေးမှာ လက်ရှိထက် များစွာကျဆင်းသွားမည့် အခြေအနေဖြစ်ကြောင်း သိရသည်။တရုတ်ငွေလည်း အဝင်နည်းပြီယခုအခါ ယခင်ကဲ့သို့ မည်သည့်နေရာမှ ဝင်ရောက်လာမှန်း မသိသော ငွေများ စီးဆင်းဝင်ရောက်မှုမှာလည်း ယခင်ကထက် အထိန်းအကွပ်တစ်ခု ရှိလာသည့်အတွက် နည်းပါးလာနိုင်ကြောင်း သုံးသပ်ထားကြသည်။၂၀၁၄ ခုနှစ် နှစ်ကုန်တွင် ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ လွှဲပြောင်းသည့် ငွေစာရင်းများကို တားဆီးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်ပိုင်း ယခုကဲ့သို့ ဖြစ်လာခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလကုန် ဒီဇင်ဘာ လဆန်းပိုင်းတွင် တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ ဘဏ်များမှတစ်ဆင့် မြန်မာနိုင်ငံကို ဖြတ်သန်းစီးဆင်းခဲ့သည့် ငွေကြေးများအား စိစစ်ခဲ့ကြောင်း၊ အထူးသဖြင့် ယင်းငွေများသည် ဘိန်းလုပ်ငန်းမှ ရရှိသည့် ငွေကြေး ဟုတ်မဟုတ် ဆိုသည်ကို အဓိကထား၍ စစ်ဆေးခဲ့သည်ဟု သိရှိရပြီး ယင်းအနေအထား တစ်ရပ်ကလည်း မြန်မာပြည် အိမ်ခြံမြေဈေးကွက်သို့ အတားအဆီးမရှိ စီးဝင်နေသော ငွေကြေးများအား ထိန်းချုပ်လိုက်သလို ဖြစ်သွားကြောင်း၊ တရုတ်-မြန်မာနယ်စပ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ထင်ရှားမှု တစ်ခုအဖြစ် ထိုသို့ တားဆီးပြီး နောက်ပိုင်း ကွန်ဒို အရောင်းအဝယ် အေးသည့်အပြင် ဈေးနှုန်းများ ကျဆင်းသွားခြင်း၊ ကမ်းခြေဒေသများတွင် တရုတ်လူမျိုးများ မြေယာဝယ်ယူမှု လျော့ကျသွားခြင်းတို့ ဖြစ်ပေါ်လာသည်ဟုလည်း သိရှိရသည်။
လက်ရှိ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် အိမ်ခြံမြေ သတင်းစာများထဲ၌ပင် ရောင်းချလိုသည့် သူများသာ အများဆုံး ကြော်ငြာနေပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်း၊ မြေကွက်၊ စက်မှုဇုန် စုစုပေါင်း သောင်းဂဏန်းဖြင့်ချီကာ ရောင်းလိုအား ရှိနေသည်မှာ လက်တွေ့ပင်ဖြစ်ပြီး အဆိုပါ သောင်းဂဏန်းအထိရှိသော အိမ်ခြံမြေများကိုပင် ကုန်စင်အောင် ဝယ်ယူနိုင်စွမ်း မရှိ . . . . .

ကွန်ဒိုရောင်းဝယ်မှုတွင် ဈေးနှုန်းများ ကျဆင်းလာပြီး ကျပ်သိန်း ၄၀၀၀ နှင့် ၅၀၀၀ အကြား ကွန်ဒိုများမှာ ကျပ်သိန်း ၅၀၀ ဝန်းကျင်လောက်အထိ ထပ်မံကျဆင်းလာကြောင်းလည်း အိမ်ခြံမြေ အကျိုးဆောင်များ၏ ပြောပြချက်အရ သိရှိရသည်။အလားတူ ပင်လယ်ကမ်းရိုးတန်း ဒေသများအထိ ငွေကြေးတတ်နိုင်သော တရုတ်လူမျိုးများနှင့် လွှတ်တော်အမတ်အချို့ လိုက်လံဝယ်ယူမှုများ ရှိခဲ့ကြောင်း၊ ယခုမူ ကျဆင်းသွားကြောင်း သိရသည်။“ကမ်းရိုးတန်း ဒေသတွေအထိ ဈေးတွေပေးပြီး လိုက်ဝယ်တာ ရှိတယ်။ တချို့ဆို ကျွန်းလိုက် ဝယ်ယူသွားတာမျိုးတွေတောင် ရှိတယ်။ ပင်လယ်ကမ်းခြေ ဒေသတွေဆိုရင် တစ်ဧကကို သိန်း ၂၀၀၀ လောက်အထိပေးပြီး ဝယ်ယူကြတယ်။ သဲဖြူ ရင် တစ်ဈေး၊ သဲညိုလို့ရှိရင် တစ်ဈေး၊ သဲမည်းတွေ ဆိုရင်တော့ ဈေးလျော့တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ အဲလို လာရောက်ဝယ်ယူမှုတွေ ကျဆင်းသွားတယ်” ဟု ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကမ်းသာယာမှ ဒေခံတစ်ဦးက ဆိုသည်။ယင်းအနေအထားအရ ရလမ်းမပြနိုင်သည့်ငွေများ အိမ်ခြံမြေကဏ္ဍသို့ ဝင်ရောက်နေမှုမှာလည်း ယခင်ကကဲ့သို့ အလုံးအရင်းဖြင့် ဝင်ရောက်မှုထက် လျော့ကျလာကြောင်း၊ ငွေမည်းများ အဝင်နည်းပြီး ဝယ်လိုအား အေးစက်သွားခြင်းကလည်း အိမ်ခြံမြေပူဖေါင်းဈေးကွက် ပေါက်မည့် အချက်တစ်ချက်အဖြစ် ရှိနေကြောင်း သုံးသပ်ကြသည်။    အထပ်မြင့်တိုက် ၃၀၀၀ ကျော်နဲ့ အရင်းအနှီး ထိုးနှက်ချက်ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မြို့တော်စည်ပင်မှ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမှု စံချိန်တင်သောနှစ် ဖြစ်ခဲ့ပြီး တစ်နှစ်အတွင်း အဆောက်အအုံ ၆၀၀၀ ကျော်အထိ ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ၁၄ နှစ်အတွင်း စံချိန်တင် အရေအတွက်သို့ ရောက်ရှိခဲ့ကြောင်းလည်း သိရှိရသည်။၂၀၁၄ ခုနှစ်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့် အထပ်နိမ့် ၃၀၆၇ နှင့် အထပ်မြင့် အဆောက်အအုံ ၃၈၄၆ လုံး ခွင့်ပြုခဲ့သည့်အတွက် စုစုပေါင်း အဆောက်အအုံ ၆၉၁၃ လုံး ရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်မူ အထပ်နိမ့် ၇၄၈ လုံးနှင့် အထပ်မြင့် ၃၅၄၈ လုံး ခွင့်ပြုပေးခဲ့သည့်အတွက် စုစုပေါင်း အဆောက်အအုံ ၄၂၉၆ လုံးရှိကြောင်း သိရှိရသည်။တည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့မြင်ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
အိမ်ရာစီမံကိန်းကြီးများ အနေဖြင့် တည်ဆောက်ကုန်ကျငွေ အားလုံးအား တည်ဆောက်သည့် ကုမ္ပဏီများမှ လုံးတွင်းစိုက်ထုတ် တည်ဆောက်ခြင်း မဟုတ်ဘဲ ဘဏ်ချေးငွေနှင့် ကြိုပွိုင့်ရောင်းရငွေများဖြင့် အဓိက တည်ဆောက်ခြင်း ဖြစ်သည်။ပြည်တွင်းဘဏ်များ အနေဖြင့်မူ ထောင်ဖြင့်ချီသည့် စီမံကိန်းများအတွက် လိုအပ်သည့် ချေးငွေအား အလုံအလောက် ထပ်မံထုတ်ချေးပေးနိုင်စွမ်း မရှိဘဲ လက်ရှိ အနေအထားအရပင် ဘဏ်များအနေဖြင့် ထုတ်ချေးနိုင်သည့် ပမာဏကို အစွမ်းကုန် ထုတ်ချေးထားပြီး ဖြစ်သည်ဟု သိရသည်။သို့သော် နောက်ထပ်တည်ဆောက်မည့် စီမံကိန်းပေါင်းများစွာ ကျန်ရှိနေသေးပြီး အဆိုပါ ကျန်ရှိသည့် စီမံကိန်းပေါင်း များစွာအတွက် လိုအပ်သည့် ကျပ်ဘီလျံ သောင်းဖြင့်ချီသည့် ဘဏ်ချေးငွေ ရရှိရန်မှာ လုံးဝလွယ်ကူတော့မည် မဟုတ်ကြောင်း၊ ကြိုပွိုင့်ရောင်းချရာတွင်လည်း လက်ရှိ၌ ယခင်ကကဲ့သို့ သွက်သွက်လက်လက် ဝယ်ယူနိုင်သူ မရှိတော့ခြင်းတို့ကြောင့် အရင်းအနှီး ငွေကြေးထိုးနှက်ချက်ကို မလွဲမသွေ ရင်ဆိုင်ရနိုင်သည်ဟု သုံးသပ်ထားကြပါသည်။အရင်းအနှီး ထိုးနှက်ချက်သည်လည်း ပူဖောင်းပေါက်မည့် အခြေအနေကို တွန်းအားပေးသည့် အချက်အဖြစ် ရှိနေသည်ဟု ဆိုကြသည်။လက်ရှိ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် အိမ်ခြံမြေ သတင်းစာများထဲ၌ပင် ရောင်းချလိုသည့် သူများသာ အများဆုံး ကြော်ငြာနေပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်း၊ မြေကွက်၊ စက်မှုဇုန် စုစုပေါင်း သောင်းဂဏန်းဖြင့်ချီကာ ရောင်းလိုအား ရှိနေသည်မှာ လက်တွေ့ပင်ဖြစ်ပြီး အဆိုပါ သောင်းဂဏန်းအထိရှိသော အိမ်ခြံမြေများကိုပင် ကုန်စင်အောင် ဝယ်ယူနိုင်စွမ်း မရှိကြောင်း တွေ့ရသည်။ထို့အတွက် အသစ်ထပ်မံ တည်ဆောက်မည့် ထောင်သောင်းချီသော အိမ်ခြံမြေများအတွက် ဆိုပါက ပို၍ပင် ဝယ်နိုင်စွမ်း မရှိနိုင်တော့သည့်အတွက် တည်ဆောက်မည့်သူများ အနေဖြင့် ဝယ်လိုအား မရှိခြင်းအပေါ် မူတည်ပြီး အရင်းအနှီး ပြဿနာကြီးကို မလွဲမသွေ ရင်ဆိုင်ကြရမည် ဖြစ်သည်။၁၉၉၇ လို ဖြစ်မှာလားယင်းကဲ့သို့သော အနေအထားများကြောင့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ၁၉၉၇ ခုနှစ်ကကဲ့သို့ ပြန်လည်ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။“၁၉၉၇ ရဲ့ ပြဿနာက deflation ပြဿနာ ငွေကျုံ့သွားတာ။ လက်ထဲမှာ ငွေမရှိတော့ဘူး။ အဲဒီတုန်းက ဘယ်သူတွေ ထိလဲဆိုတော့ လက်ထဲမှာ ငွေပိုငွေလျှံ မရှိတဲ့သူတွေ သူတို့ရဲ့ ငွေတွေကို ကားတွေအိမ်တွေမှာ လုံးခနဲ ခဲခနဲ ရင်းနှီးမြှုပ်ထားတဲ့သူတွေ၊ အဲဒီလူတွေက ငွေပြန်ဖော်ဖို့အတွက် ခက်သွားတယ်။ အဲဒီတုန်းက ဘာဖြစ်သွားလဲဆိုရင် သိန်း ၁ဝဝ ကို ကားသုံးစီးလောက်နဲ့ ထိုးရောင်းတဲ့ သူတွေတောင် ရှိတယ်။ အဲဒါကြောင့် ဆင်းရဲတဲ့ သူတွေက ဝယ်နိုင်လားဆိုတော့ လူလတ်စားနဲ့ လူလတ်တန်းစား အထက်ကလူတွေ ထိုးရောင်းတော့ သူ့အထက်မှာရှိတဲ့ ငွေပိုရှိတဲ့သူက ဝယ်သွားတယ်။ ဆိုလိုတာကတော့ လက်ကြီးသမားတွေကတော့ ချမ်းသာပြီးရင်း ချမ်းသာသွားကြတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ အိမ်တွေ မြေတွေကို ဝယ်ထားပြီး အောင်းထားတဲ့သူတွေက ရုတ်တရက် ဈေးကျသွားမယ်ဆိုရင် ငွေလိုလာပြီဆိုရင် ဈေးကျသွားပေမယ့်လည်း သူတို့ ထိုးရောင်းရမှာပဲ။ အဲလို သူထိုးရောင်းလို့ရှိရင်လည်း အောက်လူကတော့ ဝယ်နိုင်မှာ မဟုတ်ဘူး။ အပေါ်ကလူကပဲ ထပ်ဝယ်သွားမယ်ဆိုတော့ ၉၇ လောက်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေက အဲလို ဖြစ်သွားခဲ့တယ် ဆိုတော့ ၉၇ နောက်ပိုင်းမှာ ပြဿ နာတွေ တက်လာတယ်။ အဲဒီတုန်းက ဖြစ်ခဲ့တာကတော့ လူလတ်တန်းစားကို ဖျက်ပစ်လိုက်တာနဲ့ သွားတူတယ်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အသုံးချ ဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောကြားခဲ့သည်။၂၀၁၅ က နိုင်ငံရေးနှစ်လားယခုနှစ် ၂ဝ၁၅ ခုနှစ်ကိုမူ နိုင်ငံရေးနှစ်ဟု သတ်မှတ်ထားပြီး အိမ်ခြံမြေဈေး အတက်အကျသည် ၂ဝ၁၅ ၏ နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်၍ ပြောင်းလဲနိုင်ကြောင်း၊ လက်ရှိအချိန်တွင် ထိုအနေအထားကို စောင့်ကြည့်နေကြကြောင်းလည်း သိရသည်။မြန်မာ့အိမ်ခြံမြေဈေးကွက် အလားအလာနှင့် ထိန်းချုပ်ကန့်သတ်နိုင်မှုသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အနေအထားပေါ်တွင် မူတည်နေကြောင်း Lamudi ၏ နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်သော ပထမအကြိမ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ယင်းစစ်တမ်းတွင် မြန်မာ့အိမ်ခြံမြေ ဈေးကွက်အပေါ် ထိန်းချုပ်ကန့်သတ်နိုင်သော အရေးပါသည့် အချက်ငါးချက်အား ဖော်ပြထားပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး အလားအလာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်ချက်များ၊ အိမ်ခြံမြေဈေးနှုန်း ပြောင်းလဲခြင်း၊ အိမ်နှင့်မြေယာ လိမ်လည်မှုများဖြစ်ကြောင်း ဖော်ပြထားသည်။ရန်ကုန်မြို့လယ်ရှိ အိမ်ခြံမြေတိုက်ခန်းများ (ဓာတ်ပုံ-အောင်ကျော်ထက်)
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်လျှင်မူ ဈေးကွက်အပေါ် ထိန်းချုပ်ကန့်သတ်နိုင်သော ပထမဦးဆုံး အရေးပါသည့် အချက်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၅၇ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ စီးပွားရေး အလားအလာနှင့် ပတ်သက်လျှင်မူ ၃၈ ရာခိုင်နှုန်း ရှိနေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကြောင့် ရိုက်ခတ်မှု ၂၄ ရာခိုင်နှုန်း၊ အိမ်ခြံမြေဈေးနှုန်း ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်သော ပြောင်းလဲမှု ၁၉ ရာခိုင်နှုန်းနှင့် မြေယာလိမ်လည်မှုများ၏ သက်ရောက်မှုကိုမူ ၅ ရာခိုင်နှုန်းအဖြစ် ဖော်ပြထားသည်ကို တွေ့ရသည်။“လက်ရှိအိမ်ခြံမြေဈေး အေးနေတာက နိုင်ငံရေး အခြေအနေကို စောင့်ကြည့်နေတာလည်း ပါပါလိမ့်မယ်။ နောက်ပြီးတော့ လက်ရှိမှာ ဘာ project မှ မကြားတော့ဘူး” ဟု ယူနတီ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်က ပြောကြားခဲ့သည်။    မကြာခင် ပေါက်တော့မယ့် ပူဖောင်းဒီဇင်ဘာ ၂၈ ရက်ထုတ် The Irrawaddy ဂျာနယ်တွင်မူ မြန်မာနိုင်ငံ၏ အိမ်ခြံမြေပူဖောင်း ပေါက်ကွဲလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လက်ရှိပူဖောင်း ဖြစ်လာခြင်းသည် ဝယ်လိုအား အတုများကြောင့် ဖြစ်ကြောင်း၊ ဈေးကွက်အစစ် မဟုတ်ဘဲ ဈေးကစားသည့် ဈေးကွက် ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် လုပ်သားအင်အား အဓိကထားသည့် လုပ်ငန်းကဏ္ဍ ခိုင်ခိုင်မာမာ ရှိနေသော်လည်း နည်းပညာမြင့်သည့် လုပ်ငန်းကဏ္ဍအတွက်မူ အခြေခံအဆောက်အအုံ မရှိကြောင်း၊ အလုပ်သမားကဏ္ဍ အဓိကထားသည့် လုပ်ငန်းများမှာမူ ဈေးကြီးသည့် မြေပေါ်တွင် ရင်းနှီးမြှုပ်နှံနိုင်မည် မဟုတ်ကြောင်း YOMA Strategic Holdings ၏ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားသည်။၂ဝ၁၄ ခုနှစ်အတွင်း စင်ကာပူ property ဈေးကွက်သည်လည်း ကျဆင်းခဲ့ကြောင်း၊ အထူးသဖြင့် စင်ကာပူ၏ properties equity in dex သည် ၅ ဒသမ ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဇန်နဝါရီ ၅ ရက်ထုတ် The Straits Times သတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံရေး နောက်ကြောင်းပြန်သည့် ပုံစံ၊ နိုင်ငံရေး ဖိနှိပ်သည့် ပုံစံ၊ ရွေးကောက်ပွဲ နှောင့်နှေးစေနိုင်ပြီး နိုင်ငံရေး အကျပ်အတည်း ဖြစ်စေနိုင်သည့် ဖြစ်စဉ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေသည့် ပုံစံများ မဖြစ်ရန်၊ မလုပ်မိရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံခြားဘဏ်များကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ကြသည်။ နိုင်ငံရေးတည်ငြိမ်မှု မရှိပါက စီးပွားရေးခိုင်မာမှု တည်ဆောက်ရန် အခက်အခဲရှိမည်ဖြစ် . . . . .

၂ဝ၁၄ ခုနှစ်အတွက် property stocks’ performance အရမူ စင်ကာပူအခြေစိုက် YOMA Strategic Holdings ၏ property stocks ဈေးနှုန်းသည်ပင်လျှင် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၎င်းအပြင် အခြားကုမ္ပဏီ ၁ဝ ခု၏ ဈေးနှုန်းများသည်လည်း ကျဆင်းခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် အိမ်ခြံမြေနှင့် property ဈေးနှုန်းများ ကျဆင်းနေချိန်တွင် မြန်မာနိုင်ငံ၌ မဖြစ်သင့်သည့် ဈေးနှုန်းများ ဖြစ်ပေါ်နေသည့်အတွက် ယင်းဈေးနှုန်းများ ကြာရှည်ခံတော့မည် မဟုတ်ဘဲ ပြုတ်ကျလာနိုင်သည့် အနေအထားရှိကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းသည် world class တွင် ထိပ်ဆုံးသို့ ရောက်နေပြီး ဘာစီလိုနာနှင့် တစ်တန်းတည်းဖြစ်နေကြောင်း သိရှိရသည်။လက်ရှိအချိန်၌ ရန်ကုန်မြို့တွင် တန်ဖိုးကြီးအိမ်ရာ စီမံကိန်းများ အကောင်အထည် ဖော်နေသော်လည်း နောက်ပိုင်း၌ ဝယ်လိုအားလိုက်ရန် မသေချာတော့ကြောင်း၊ လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ Dagon City၊ Golden City၊ 68 Residence၊ Royal Sayarsan condo၊ SKYSUITES Private & Quality Living၊ မန္တလေးတို့တွင် Mingalar Mandalay အိမ်ရာအဆောက်အအုံ စီမံကိန်း အစရှိသဖြင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းများကဲ့သို့ စီမံကိန်းပေါင်းများစွာ အကောင်အထည် ဖော်လျက်ရှိပြီး နောက်ပိုင်းတွင် supply နှင့် demand မမျှလျှင်သော် လည်းကောင်း၊ လူလတ်တန်းစားများနှင့် လက်လှမ်းမမီသော အိမ်ရာစီမံကိန်းများ ဖြစ်နေသည့်အတွက် ဆောက်လုပ်မှု များလာပါက ဈေးများ ကျဆင်းလာနိုင်ကြောင်း၊ ထို့အတူ ငွေကြေး အဓိက ဝင်ရောက်ရာ လမ်းကြောင်းဖြစ်သော တရုတ်နိုင်ငံမှ စီးဝင်သည့် လမ်းကြောင်း အားနည်းသွားပါကလည်း အိမ်ခြံမြေဈေးကွက်ကို လာ၍ သက်ရောက်မည်ဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။“အိမ်ခြံမြေက အခုတော့ အေးလာတဲ့သဘော ရှိတယ်။ ဒီအတိုင်းဆိုရင်တော့ နောက်ပိုင်းလည်း ကျသွားနိုင်တယ်။ တကယ်လို့ တစ်ခုခု လှုပ်သွားနိုင်တဲ့ အကြောင်းရင်း မရှိဘူး ဆိုရင်ပေါ့။ လှုပ်မယ်ဆိုတဲ့ အကြောင်းထဲမှာ ဝန်ထမ်းတွေ လစာတိုးမယ်ဆိုတဲ့ အကြောင်းမျိုးတွေလည်း ပါလာနိုင်တယ်။ ဒီ effect တွေကလည်း သွားပြီး သက်ရောက်နိုင်တာမျိုးတော့ ရှိတယ်။ လစာက တိုးသင့်ပါတယ်။ ဒါပေမဲ့လည်း အများကြီး တိုးမယ်ဆိုရင်တော့ ပြန်ပြီးတော့ လှုပ်ခတ်သွားနိုင်တယ်။ အဲလို လှုပ်ရင်တော့ ကျတဲ့ဥစ္စာက ပြန်ပြီး လှုပ်သွားရင် လှုပ်သွားမယ်။ အနေအထားလေးတော့ ရှိတယ်။ နောက်တစ်ခုက demand နဲ့ supply မှာ ခုနောက်ပိုင်းမှာ အဆင့်မြင့်အိမ်ရာတွေ ဆောက်လုပ်လာကြတာ တွေ့တယ်။ ဒါပေမဲ့ ဒီအိမ်ရာတွေကို ဝယ်နိုင်တယ် ဆိုတဲ့သူက များများမရှိဘူး။ လက်ရှိ demand နဲ့ ဆိုရင်တော့ အဲလိုဆောက်လုပ်မှုတွေ များလာရင် ကျမှာပဲ။ နောက်ပြီး ဒါတွေကို ဝယ်တာလည်း များသောအားဖြင့် နေဖို့ဝယ်ကြတာ မဟုတ်ဘူး။ ဈေးကစားဖို့ ဝယ်ထားကြတာ။ demand လိုက်လာဖို့ ဆိုတာက လူတွေက ဝင်ငွေတိုးမှ ဝယ်လို့ရတာ။ ကျွန်တော်တို့ဆီမှာက အဲလို လူလတ်တန်းစား ဝင်ငွေတိုးတယ်လို့လည်း ပြောဖို့ ဖြစ်မလာသေးဘူး။ အဲဒါဆိုရင် demand က မရှိဘူး။ နိုင်ငံတိုင်းမှာ ဒီလိုပဲ။ တိုင်းပြည်ကစပြီး develop ဖြစ်လာချိန်မှာ အိမ်ခြံမြေဈေးက တက်လာတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ တက်တာကတော့ ဆိုးတယ်။ အချိုး မညီဘူး။ “ဒါကြောင့် demand နဲ့ supply ပဲ။ demand တိုးဖို့ဆိုတာ မြန်မာနိုင်ငံ အနေနဲ့ လောလောဆယ် အလားအလာ သိပ်မရှိဘူး” ဟု စီးပွားရေးပညာရှင် ဦးစိုးသိန်းက ဆိုသည်။“တချို့ကွန်ဒိုတွေက ဈေးကြီးလွန်းလို့ လခများများရတဲ့သူ မပြောနဲ့ တော်ရုံတန်ရုံ စီးပွားရေးသမားတောင် မဝယ်နိုင်ဘူး။ ဒါကြောင့် တဖြည်းဖြည်းနဲ့တော့ ပြန်ကျလာမှာပဲ။ ဒါပေမဲ့ တစ်ခုရှိတာက အခြား effect တွေပေါ့။ ဒါတွေတော့လည်း နဲနဲပြန်ပြီး ထည့်စဉ်းစားရမယ်။ တကယ်လို့ မြန်မာငွေကြေး သိပ်ဖောင်းပွသွားရင် ကျွန်တော်တို့ဆီမှာက ကိုင်စရာ မရှိဘူး။ ကားကလည်း ကိုင်လို့ မရတော့ဘူး။ ရွှေဈေးကလည်း ကျနေတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွနိုင်တဲ့ အကြောင်းရင်း တစ်ခုခု ဝင်လာရင်တော့ အဲဒီဘက်ကို ပြန်ရောက်သွားနိုင်တယ်။ သူ့ကို ကျားကန်ပေးသလို ပြန်ရောက်သွားနိုင်တယ်။ ဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ ကျမှာပဲ။ ဘာကြောင့်လည်းဆိုတော့ တက်ထားတုန်းက အလွန်အကျွံ တက်ထားတဲ့အတွက်။ အခု မြေဈေးက အမေရိကန်မြေဈေးထက် ဈေးကြီးနေတယ်။ နေဖို့ထိုင်ဖို့အတွက် ဝယ်တာဆိုရင်တော့ ဒီဝယ်လိုအားက ငြိမ်တဲ့သဘော ရှိတယ်။ ဈေးကစားဖို့ ဝယ်တဲ့အတွက် ဒီဈေးကွက်က မငြိမ်နိုင်ဘူး။ မဖြစ်သင့်တဲ့ဈေး ဖြစ်နေတဲ့အတွက် တစ်ချိန်ချိန်တော့ ပြန်ပြီး ပေါက်ကွဲမှာပဲ” ဟု ဦးစိုးသိန်းက ဆက်လက်ပြောကြားခဲ့သည်။အိမ်ခြံမြေ ပူဖောင်းနဲ့အတူ စိုးရိမ်ရတဲ့ မြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းကဏ္ဍမှာ လုပ်ကိုင်နေသော လုပ်ငန်းရှင် တစ်ဦး၏ ပြောကြားချက်အရ ပြည်တွင်းဘဏ် အများစုသည် မိမိတို့ဘဏ်၌ အပ်ထားသော အပ်ငွေ စုစုပေါင်း၏ ၈ဝ ရာခိုင်နှုန်းအထိကို ထုတ်ချေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။၂ဝ ရာခိုင်နှုန်းသာ အပ်ငွေပမာဏ ကျန်ရှိပြီး နောက်ထပ် ထပ်မံထုတ်ချေးလို၍ တင်ပြလာသည့် ပမာဏမှာမူ ကျန်ရှိသည့် ၂ဝ ရာခိုင်နှုန်း ထက် ၁ဝ ဆအထိပင် များပြားသည်အထိ ချေးယူလိုအား မြင့်မားလျက်ရှိသည်ဟု သိရသည်။အများဆုံး ထုတ်ချေးထားသူများမှာ အဆောက်အအုံ ဆောက်လုပ်သူများဖြစ်ပြီး ထပ်မံ၍ အများအပြား ထုတ်ချေးလိုကြောင်း တင်ပြလာသူများမှာလည်း အဆောက်အအုံ တည်ဆောက်ရောင်းချသူ ဆောက်လုပ်ရေး လုပ်ငန်းရှင်များသာဖြစ်ကြောင်း သိရသည်။သို့သော် ဘဏ်များတွင် ၎င်းတို့ထုတ်ချေးလိုကြောင်း တင်ပြသည့် ပမာဏ၏ ၁ဝ ပုံတစ်ပုံပင် အပ်ငွေမှာ မကျန်ရှိတော့ပေ။အကယ်၍ အိမ်ခြံမြေပူဖေါင်းသာ ပေါက်ခဲ့ပါက ဘဏ်များကိုပင် ထိခိုက်ပြီး အိမ်ခြံမြေပူဖောင်း ပေါက်မှုနှင့်အတူ မြန်မာ့စီးပွားရေး တစ်ခုလုံးသည်လည်း အကြီးအကျယ် ထိခိုက်မည့် အနေအထားထိ ရှိနေသည်။ နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပေးထားသည် ဆိုသော်လည်း မည်သည့်ဘဏ်မှ အချိန်တိုအတွင်း မြန်မာနိုင်ငံ၌ လာရောက်အခြေစိုက် ဖွင့်လှစ်နိုင်မည့် အနေအထားလည်း မရှိသေးသည့် အခြေအနေဖြစ်ရာ အိမ်ခြံမြေပူဖောင်း ပေါက်ပါက ပြည်တွင်းဘဏ်များ ထိခိုက်နိုင်သည့်အပေါ် ထောက်ကန်နိုင်မည့် အခြေအနေ မရှိကြောင်း သိရသည်။ရန်ကုန်မြို့သစ် ဖော်ဆောင်မည်ဟု ၂၀၁၄ ခုနှစ်အတွင်းက ဂယက်ထခဲ့သည့် တွံတေးမြို့နယ် အတွင်းရှိ အိမ်ခြံမြေ ကြော်ငြာဆိုင်းဘုတ် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့်လည်း ယခု ၂ဝ၁၅ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက် ဝင်ရောက်လာစရာ အခြေအနေ မရှိကြောင်း၊ ဥပမာ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၄ဝ ကျော်အထိရှိပြီး ယင်းပမာဏ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းကျော်ဖြစ်သော ဒေါ်လာ ၁၄ ဘီလျံကျော်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် မြှုပ်နှံထားကြောင်း၊ ယခု ကမ္ဘာ့ရေနံစိမ်း ဈေးမှာလည်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅ဝ အောက်အထိ ထိုးဆင်းနေသည့် အနေအထားဖြစ်ရာ ၂ဝ၁၅ ခုနှစ်အတွင်း အများစုမြှုပ်နှံမှုပြုသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍကိုပင် လာရောက်မြှုပ်နှံသူများ မရှိသလောက် နည်းနိုင်ကြောင်း၊ ကတိကဝတ် ရှိပြီးသူများ၏ မြှုပ်နှံမှုသည်ပင် နှောင့်နှေးကြန့်ကြာနေနိုင်သည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည်လည်း အလုံးအရင်း ဝင်ရောက်လာနိုင်ဖွယ် မရှိသည့် အခြေအနေဟု သုံးသပ်ထားကြသည်။ပို့ကုန်သွင်းကုန် ကဏ္ဍတွင်လည်း ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်အထိ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံကျော်ရှိပြီး သွင်းကုန်ပမာဏမှာမူ ၁၂ ဒသမ ၂ ဘီလျံကျော်အထိ ရှိနေရာ ကုန်သွယ်မှုလိုငွေ ပမာဏမှာလည်း ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်အထိ ရှိနေပြန်သည်။ယခု ကမ္ဘာ့လောင်စာဆီဈေးနှုန်း ကျဆင်းမှုနှင့်အတူ သဘာဝဓာတ်ငွေ့ဈေး ကျဆင်းလျှင် မြန်မာနိုင်ငံ၏ လာမည့်နှစ် ပို့ကုန်မှ ရငွေမှာ ယခုထက်ပင် ပိုမိုနည်းပါးသွားနိုင်သည်။နိုင်ငံတော်အတွက် ပို့ကုန်ကဏ္ဍမှ အများဆုံး ဝင်ငွေရှာပေးနေသည့် သဘာဝဓာတ်ငွေ့မှ ရငွေ လျော့ကျသွားလျှင် မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေမှာလည်း ပိုများလာနိုင်သည့် အခြေအနေ ရှိနေပြန်သည်။မြန်မာနိုင်ငံ အနေဖြင့် လေးနှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံပေါင်း ၉ဝဝဝ ကျော်အထိ ရှိခဲ့ပြီး ယခုတစ်နှစ်တည်း အတွက်ပင် ဘတ်ဂျက်လိုငွေမှာ ကျပ်ဘီလျံပေါင်း ၂၇ဝဝ ကျော်အထိ ရှိခဲ့ရာ ဝင်ငွေနည်းသွားပါက ဘတ်ဂျက်လိုငွေပြမှုမှာ ပိုမိုများပြားသွားဦးမည်ဖြစ်သည်။ရန်ကုန်မြို့သစ် စီမံကိန်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားပြီး မလိုအပ်သေးသည့် စီမံကိန်းကို ရပ်တန့်ခဲ့၍သာ တော်သေးသည့် အခြေအနေဖြစ်ပြီး လုပ်ခဲ့ပါက အစိုးရကလည်း မစိုက်ထုတ်နိုင်၊ ချေးငွေလည်း မရနိုင်ဘဲ အကျပ်အတည်း ပိုတွေ့နိုင်သည်။ထိုသို့သော အခြေအနေများတွင် အကယ်၍ အိမ်ခြံမြေပူဖောင်းပေါက်ပြီး ပြည်တွင်းဘဏ်များကိုပါ ထိခိုက်ခဲ့သည်ဆိုသော် မြန်မာ့စီးပွားရေး အခြေအနေမှာ တစ်ဒေါ်လာ ၁၃ဝဝ ကျပ်အထိ ရောက်ရှိသွားခဲ့ရသော ၁၉၉၇ ခုနှစ်မှ ၂ဝဝဝ ခုနှစ် ဝန်းကျင်အတွင်း တွေ့ကြုံခဲ့ရသော အခြေအနေ ရောက်ရှိသည်အထိ ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။လက်ရှိ ဘဏ်များ မထိခိုက်စေရန် ဆိုပါက မလိုအပ်သေးသည့် ဆောက်လုပ်ရေး စီမံကိန်းများကို ရပ်ဆိုင်းထားခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ယုံယုံကြည်ကြည်ဖြင့် အလုံးအရင်းနှင့် ဝင်ရောက်လာနိုင်စေရန် လုပ်ဆောင်ခြင်းများကို အဓိက လုပ်ဆောင်သင့်သည်ဟု သုံးသပ်ကြသည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ဆိုပါက နိုင်ငံရေး နောက်ကြောင်းပြန်သည့် ပုံစံ၊ နိုင်ငံရေး ဖိနှိပ်သည့် ပုံစံ၊ ရွေးကောက်ပွဲ နှောင့်နှေးစေနိုင်ပြီး နိုင်ငံရေး အကျပ်အတည်း ဖြစ်စေနိုင်သည့် ဖြစ်စဉ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေသည့် ပုံစံများ မဖြစ်ရန်၊ မလုပ်မိရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံခြားဘဏ်များကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ကြသည်။ နိုင်ငံရေးတည်ငြိမ်မှု မရှိပါက စီးပွားရေးခိုင်မာမှု တည်ဆောက်ရန် အခက်အခဲရှိမည် ဖြစ်သည်။အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများသည် နောက်ကြောင်းပြန်လှည့်နေသည့် အသွင်သို့ ဆောင်နေကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာလည်း ထင်ထားသည်ထက် ပိုမိုနှောင့်နှေးနေကြောင်း ပြောကြားထားခဲ့သည်။အကယ်၍ နိုင်ငံရေး အကြပ်အတည်း ဖြစ်စေနိုင်သည့် ဖြစ်စဉ်များ၊ နောက်ကြောင်းပြန်သည့် အသွင်များဘက်သို့သာ ဦးတည်နေပါက နိုင်ငံခြား အရင်းအနှီးများ ဝင်ရောက်လာမှု မရှိသည့်အပြင် ပြည်တွင်း၌လည်း အိမ်ခြံမြေပူဖောင်း ပေါက်မှုနှင့်အတူ ဖြစ်ပေါ်လာမည့် ဆိုးရွားသည့် မြန်မာ့စီးပွားရေး အကျပ်အတည်းကိုလည်း ရင်ဆိုင်ရဖွယ် ရှိနေမည်ဖြစ်သည်။