တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးရာတွင် သက်သေအဖြစ် အစိုးရက သုံးနိုင်ငံပါဝင်ရန် လိုလားပြီး တိုင်းရင်းသား အဖွဲ့များက ခုနစ်နိုင်ငံ ပါဝင်ရန်လိုလား

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးရာတွင် သက်သေအဖြစ် အစိုးရက သုံးနိုင်ငံပါဝင်ရန် လိုလားပြီး တိုင်းရင်းသား အဖွဲ့များက ခုနစ်နိုင်ငံ ပါဝင်ရန်လိုလား
Published 10 January 2015
အောင်ဇော်ထွန်း

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် သက်သေအဖြစ် အစိုးရက သုံးနိုင်ငံပါဝင်ရန် လိုလားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ခုနစ်နိုင်ငံပါဝင်ရန် လိုလားလျက်ရှိရာ ယင်းကိစ္စအပေါ် နှစ်ဖက်ညှိနှိုင်းနေဆဲဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်  ပြည်ထောင်စုနေ့တွင် ပြုလုပ်ရန် ရည်ရွယ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCTတို့အကြား ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ အပစ်ရပ်စာချုပ်မူကြမ်းပါ အချက်များအနက် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် မည်သည့်အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုး ရမည်ဆိုသည့် ကိစ္စ၊ လက်မှတ်ရေးထိုးရာတွင် မည်သည့်နိုင်ငံများကို အသိသက်သေအဖြစ် ဖိတ်ကြားမည်ဆိုသည့် ကိစ္စတို့အပါအဝင် အချက်အနည်းငယ်သာ နှစ်ဖက်သဘောတူရန် ကျန်ရှိတော့သည်ဟု သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတွင် နှစ်ဖက်သဘောတူညီမှု ရရှိရန် ကျန်နေသည့်အချက် အနည်းငယ်နှင့် ပတ်သက်ပြီး NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အများအားဖြင့်တော့ ဘယ်အဖွဲ့တွေ လက်မှတ်ထိုးမလဲ ဆိုတာတို့။ နှစ်ဖက်ထိုးတဲ့နေရာမှာ သက်သေဘယ်သူတွေ ပါမလဲဆိုတာတို့။ ကျွန်တော်တို့က သက်သေ ခုနစ်နိုင်ငံလောက် ထည့်ချင်တယ်။ သူတို့က သုံးနိုင်ငံ ထည့်ချင်တယ်။ အဲဒါလေးတွေရှိသေးတယ်။ ဒါက ညှိရဦးမယ်ဆိုတော့ ဘယ်နိုင်ငံတွေလဲဆိုတာ ကျွန်တော်မပြောတော့ဘူး။ နောက်ပြီးတော့ Code of Conduct လို့ခေါ်တဲ့ဟာကို ကျွန်တော်တို့က စာချုပ်ထဲ ပြန်ထည့်ချင်တယ်။ အဲဒါကိုလည်း စာချုပ်ချုပ်တာနဲ့ တစ်ပါတည်း Code of Conduct ကို သဘောတူပြီး ဖြစ်တယ်လို့ ထည့်ချင်တယ်။ အဲဒီမှာလည်း နည်းနည်းလေး ထစ်ငေါ့နေတယ်” ဟု ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပါက အိမ်နီးချင်းနိုင်ငံများနှင့် အမေရိကန်၊ ဗြိတိန်တို့အပြင်ဂျပန်နှင့် နော်ဝေနိုင်ငံများကို သက်သေအဖြစ် ဆောင်ရွက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က လိုလားနေကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပါက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့အပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်နှင့် နော်ဝေနိုင်ငံများကို သက်သေအဖြစ် ဆောင်ရွက်ရန် ဇူလိုင်လအတွင်းက ကချင်ပြည်နယ် လိုင်ဇာမြို့၌ ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုပြုလုပ်ရာတွင် ပြည်တွင်းရှိ နိုင်ငံရေးပါတီနှင့် နိုင်ငံရေး ခေါင်းဆောင်များကို ဖိတ်ကြားရန် အတွက်လည်း လိုင်ဇာအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။                
 

Most Read

Most Recent