ယခုနှစ်အတွင်း ထုတ်ပြန်မည့် FAO Report ၌ မြန်မာနိုင်ငံ၏ သစ်တောကောင်း (Close Forest) ကျန်ရှိမှုနှုန်းမှာ ယခင်ခန့်မှန်းထားသည့် ရာခိုင်နှုန်း ၂၀ နီးပါးထက် လျော့နည်းနိုင်

ယခုနှစ်အတွင်း ထုတ်ပြန်မည့် FAO Report ၌ မြန်မာနိုင်ငံ၏ သစ်တောကောင်း (Close Forest) ကျန်ရှိမှုနှုန်းမှာ ယခင်ခန့်မှန်းထားသည့် ရာခိုင်နှုန်း ၂၀ နီးပါးထက် လျော့နည်းနိုင်
Published 9 January 2015
နီလာ

၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်မည့် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုနှင့် ပတ်သက်သည့် FAO  Report တွင် မြန်မာနိုင်ငံ၏ သစ်တောကောင်း (Close Forest) ကျန်ရှိမှုနှုန်းမှာ ယခင် ၂ဝ၁ဝ ပြည့်နှစ်က ခန့်မှန်းထားသည့် ရာခိုင်နှုန်း ၂ဝ နီးပါးထက် လျော့နည်းနိုင်ကြောင်း ဇန်နဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ IBC တွင် မြန်မာနိုင်ငံ သစ်တောအသင်းက ကျင်းပခဲ့သည့် Environment; Policies, People and Problem ဆွေးနွေးပွဲမှ သိရသည်။
“FAO က ၂ဝ၁ဝ ပြည့်နှစ်မှာထုတ်ပြန် ခဲ့တဲ့ Report အရ မြန်မာနိုင်ငံမှာ သစ်တော ဖုံးလွှမ်းမှုက ၄၆ ဒသမ ၉ ရာခိုင်နှုန်းရှိ တယ်။ အဲဒီထဲမှာ Close Forest လို့ ခေါ်တဲ့ သစ်တောကောင်းဖုံးလွှမ်းမှုက ၁၉ ဒသမ ၈၇ ရာခိုင်နှုန်းပေါ့။ သစ်တောကောင်းက ရာခိုင်နှုန်း ၂ဝ နီးပါးကျန်သေးတယ်လို့ ထုတ် ပြန်ထားတယ်။ ကျိုးတိုးကျဲတဲဖြစ်နေတဲ့ Open Forest က ၂၇ ဒသမ ဝ၉ ရာခိုင်နှုန်းရှိ တယ်လို့ သိရတယ်။  ဒါပေမဲ့ FAO က ဒီ ၂ဝ၁၅ မှာထုတ်ပြန်မယ့် Report မှာတော့ သစ်တောကောင်းကလည်း ၂ဝ၁ဝ မှာ ရှိတဲ့ ဟာထက် လျော့နည်းဖို့ သေချာနေပါတယ်” ဟု သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးတင်အေးက ပြောကြားသည်။
“၂ဝ၁၅ မှာထွက်လာမယ့် Report မှာ ဆိုရင် အဲဒီဟာထက် နည်းဖို့ပဲရှိတယ်။ သေချာတယ်လို့ မှန်းပြောလို့ရတယ်။ ၂ဝဝဝ ကနေ ၂ဝ၁ဝ အထိက သစ်တောပျက်စီးတဲ့နှုန်းဟာ သစ်တောဧရိယာ၏ ဝ ဒသမ ၉ ရာခိုင်နှုန်း။ ဒါက ၁ဝ နှစ်အတွင်းပေါ့။ တစ်နှစ်တစ်နှစ် မှာ ပြုန်းတီးသွားတဲ့နှုန်းက ဝ ဒသမ ၉ ရာ ခိုင်နှုန်း၊ သစ်တော ၁ဝ ဧကရှိရင် ဝ ဒသမ၉ ဆိုတော့ တစ်ဧက မပြည့်တတ်ဘူးပေါ့။ အဲဒီတော့ ၂ဝ၁၅ ကျရင် ၁ ဒသမ ၂၃ လောက် တော့ဖြစ်သွားလိမ့်မယ်လို့မှန်းတယ်။ စောစော က ဝ ဒသမ ၉ ထက်တော့ များမှာသေချာ တယ်။ ဒါကြောင့် ၄၆ ဒသမ ၉ ထက်တော့ လျော့မှာ သေချာပါတယ်။ ဒါအပြင် တောကောင်း ၁၉ ဒသမ ၈၇ ထက်လည်း လျော့နည်း မှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအလယ်ပိုင်းရှိ သစ်တောများ၊ ပဲခူးရိုးမတစ်လျှောက်တွင် လည်းကောင်း၊ ရှမ်းကုန်းပြင်မြင့်စသည် တို့တွင်လည်း သစ်တောပြုန်းတီးမှုများနှင့် ကြုံတွေ့နေရပြီး နေရာအချို့တွင်သာ သစ်တောဖုံးလွှမ်းမှုအချို့သာ ကျန်ရှိတော့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု အနေအထားမှာ ၁၈၅၆ ခုနှစ်တွင် ရာခိုင်နှုန်း ၇ဝ၊ ၁၉၂၅ ခုနှစ် ၆၅ ဒသမ ၈ ရာခိုင်နှုန်း၊  ၁၉၅၇ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
“အခု ၂ဝ၁၅ မှာ သစ်တောဘယ်လောက်ပဲ ကျန်တော့တယ်ဆိုတာ FAO က ထုတ်ပြန်မယ်။ ကျွန်တော်တို့နိုင်ငံက ဒါတွေကိုသေချာ စောင့်ကြည့်ပြီး တိုင်းနေတာမဟုတ်သလို နိစ္စဓူဝ သစ်တွေကလည်း နေ့မြင် ညပျောက်၊ ဒီလထဲမှာရှိတယ်။ နောက်လထဲကျ မရှိတော့ဘူးဆိုတဲ့ အနေအထားမျိုးမှာ သစ်တောတွေ ဘယ်လောက်ပဲ ကျန်တယ်ဆိုတာ ကျွန်တော်တို့ ဘက်ကဆိုရင် ပြောဖို့ခက်ခဲပါတယ်။ မှန်းပြီးပြောတာပဲရှိမယ်” ဟု သစ်တောပညာရှင်တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သစ်မှောင်ခိုတင်ပို့မှုမြင့်တက်လာ သောကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံနှင့် အမြတ်ရလွယ်သော နယ်စပ်ဒေသရှိ တရားမဝင် ရင်းနှီးမြှုပ်နှံမှုများအကြောင်း ဖော်ပြထားသော နယ်သာလန်အခြေစိုက် (Transnational Institute-TNI) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Global Witness ၏ ခန့်မှန်းချက်အရ ၂ဝဝ၆ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တရားမဝင်လမ်းကြောင်းမှ တင်သွင်းသော သစ်ပမာဏ နှစ်စဉ်တန်ချိန် တစ်သန်းခန့်ရှိကြောင်း၊ ၂ဝဝ၆ ခုနှစ်မှာမူ နယ်စပ်ဖြတ်ကျော် သစ်မှောင်ခိုခိုးထုတ်မှု တားဆီးရေးအတွက် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး လိုက်သောကြောင့် နယ်စပ်မှ ခိုးထုတ်မှုအထိုက်အလျောက် ကျဆင်းခဲ့သော်လည်း ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့မှု မြင့်တက်ခဲ့သောကြောင့် သစ်တောပြုန်းတီးမှု မြင့်တက်နေကြောင်း၊ ၂ဝဝ၆ ခုနှစ် နောက်ပိုင်းနယ်စပ်မှ ခိုးထုတ်မှုအနည်းငယ် ကျဆင်းသွားသော်လည်း ၂ဝ၁၁ နောက်ပိုင်း ပြန်လည် မြင့်တက်လာကြောင်း သိရသည်။
အလားတူ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လေးနှစ်အတွင်း ကျွန်းနှင့်သစ်မာတန်ချိန် ၅၇ သိန်းကျော် ထုတ်ယူခွင့်ပေးခဲ့ကြောင်း၊ မြန်မာ့သစ်လုပ်ငန်းမှရရှိသော သတင်းများအရ သိရသည်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ၂၃ သိန်းကျော်ကို လည်းကောင်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာတန်ချိန် ပေါင်း ၁၇ သိန်းနီးပါးကို လည်းကောင်း၊ ၂ဝ၁၃ -၂ဝ၁၄ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ၁ဝ သိန်း နီးပါးကို လည်းကောင်း၊ ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန်ပေါင်း ခုနစ်သိန်းကျော်ကိုလည်းကောင်း ထုတ်ယူခွင့်ပေးခဲ့ပြီး လေးနှစ်အတွင်း စုစုပေါင်းတန်ချိန် ၅၇ သိန်းကျော် ထုတ်ယူခွင့် ပြုခဲ့ကြောင်း သိရသည်။         
 

Most Read

Most Recent