စည်ပင်ကိုယ်စားလှယ်နှင့် ဝန်ထမ်းပြဿနာ

စည်ပင်ကိုယ်စားလှယ်နှင့် ဝန်ထမ်းပြဿနာ
Published 9 January 2015
မောင်သိန်းညွန့် (ကော့ကရိတ်)

ဒီဇင်ဘာ ၂၇ ရက်က ကျင်းပခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ် ၁၁၅ ဦး၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသည် ၂၀၁၅ ဇန်နဝါရီလ ၆ ရက်တွင် ပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်။ ကျမ်းကျိန်ပွဲပြီးနောက် မိမိတို့ သက်ဆိုင်ရာ ဌာနများတွင် တာဝန်ထမ်းဆောင်ခွင့် ရရှိပြီ ဖြစ်ပါသည်။သို့သော် ရွေးချယ်ခံရသော ကိုယ်စားလှယ်များသည် ဝန်ထမ်းကဲ့သို့ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ကိုယ်စားလှယ်တချို့က မေးခွန်းထုတ်သံများကို ဖတ်ရပါသည်။ ရန်ကုန်မြို့တော် ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကလည်း-“ရွေးကောက်ပွဲ နည်းဥပဒေထဲမှာ အခန်း ၂၁ အရ ကတိသစ္စာပြုခြင်းလို့ ဆိုထားပါတယ်။ ပြန်ကြည့်ရင် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးခင်လှိုင်က Complain တက်တာပါ။ ကိုယ်စားလှယ်လောင်းတွေကို ခန့်အပ်လွှာ ပေးကတည်းက မဲဆွယ်နိုင်တယ်။ ဝင်ရောက်ရွေးချယ် ယှဉ်ပြိုင်ခွင့်ရှိတယ် ဆိုထားပါတယ်။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းသည် အရွေးခံရလျှင် ဝန်ထမ်းကဲ့သို့ သတ်မှတ်သည်လို့ ဆိုထားပါတယ်ဆိုတာ ပါပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်သည် ဝန်ထမ်းကဲ့သို့ ကတိသစ္စာ ပြုရတာပါ” ဟု ဆိုထားပါတယ်။သက်ဆိုင်ရာ ဥပဒေကို လေ့လာပြီးမှ ရွေးကောက်ပွဲဝင်ကြလျှင် ယခုအဆင့်၌ မကျေနပ်သံ နည်းပါးလိမ့်မည် ထင်ပါသည်။ သာမန်ပြည်သူများ မဆိုထားဘိ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးပင်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၌ ဝင်ရောက်ရွေးချယ်ခံသည့် သတင်းကြောင့် ပို၍အံ့သြမိပါသည်။ ပြည်သူ့ကိုယ်စားလှယ်အဆင့်နှင့် ပြည်သူ့ဝန်ထမ်း အဆင့်သည် မည်မျှ ခြားနားပါသနည်း။ နိုင်ငံရေး အဓိပ္ပာယ် မည်သို့ သက်ရောက်ပါသနည်း။မြန်မာနိုင်ငံတွင် ၁၈၆၁ ခုနှစ်မှ ယနေ့အထိ ကျင့်သုံးခဲ့သော ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း(၂) ‘အရပ်ရပ်ဆိုင်ရာ ရှင်းလင်းချက်များ’ ပုဒ်မ (၂၁)တွင် ‘ပြည်သူ့ဝန်ထမ်း ဆိုသည်မှာ အောက်ဖော်ပြပါသူ အမျိုးမျိုးကို ဆိုလိုသည်’ ဟု ဖွင့်ဆိုထားပါသည်။ ဆက်လက်၍ ဧကဒသမတွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။‘ရွေးကောက်ပွဲ စာရင်းကို စီမံရေးသားရန် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရန် သို့တည်းမဟုတ် ထပ်မံပြင်ဆင်ရန် အာဏာရ ရာထူးလက်ရှိ ရှိသူ ရွေးကောက်ပွဲတစ်ခုအတွက် ဖြစ်စေ တစ်စိတ်တစ်ဒေသအတွက် ဖြစ်စေ ဆောင်ရွက်ရ၍ အာဏာရ ရာထူးလက်ရှိ ရှိသူ။ မြူနီစီပယ် လူကြီးတိုင်းသည် ပြည်သူ့ဝန်ထမ်းဖြစ်သည်။ရှင်းလင်းချက် (၁) အထက်က ဖော်ပြခဲ့သော သူများသည် အစိုးရက ခန့်ထားသည် ဖြစ်စေ၊ မခန့်ထားသည် ဖြစ်စေ ပြည်သူ့ဝန်ထမ်း ဖြစ်သည်။ရှင်းလင်းချက် (၂) ပြည်သူ့ဝန်ထမ်းပါသည့် စကားရပ်ပါရှိသည့် နေရာတိုင်းတွင် ပြည်သူ့ဝန်ထမ်းရာထူး လက်ရှိဖြစ်နေခြင်းသည် ဥပဒေသဘောအရ ချို့ငဲ့နေစေကာမူ ထို ရာထူးလက်ရှိ ဖြစ်နေသူကိုလည်း ဆိုသည်။ရှင်းလင်းချက် (၃) ရွေးကောက်ပွဲဆိုသည်မှာ ပြည်ထောင်စုပါလီမန် သို့တည်းမဟုတ် မြူနီစီပယ်အဖွဲ့ သို့တည်းမဟုတ် အများပြည်သူဆိုင်ရာ အခြားအာဏာရ အဖွဲ့ဝင် လူကြီးကို ဖြစ်စေ၊ အရာရှိကို ဖြစ်စေ ရွေးချယ်ရန်ကိစ္စ အလို့ငှာ ဥပဒေဖြင့် ပြဋ္ဌာန်းသည့် စနစ်အတိုင်း ရွေးကောက်ခြင်းကို ဆိုလိုသည်’ ဟုဖော်ပြထားသည်။ပြည်သူ့ဝန်ထမ်းဖြစ်သော မြူနီစီပယ် လူကြီးသည် တာဝန်များ ထမ်းဆောင်ရာ၌ လုပ်ပိုင်ခွင့်များ ရှိသကဲ့သို့ အခွင့်အရေးများလည်း သတ်မှတ်ပေးထားပါသည်။ မြို့နယ်အဆင့်တွင် လစာတစ်သိန်းနှစ်သောင်း၊ ခရိုင်အဆင့်တွင် လစာနှစ်သိန်းနှစ်သောင်း၊ တိုင်းအဆင့်တွင် သုံးသိန်းနှစ်သောင်းဟု ကြားသိရပါသည်။ ပြည်သူ့ဝန်ထမ်းဖြစ်သောကြောင့် အပ်နှင်းထားသော အခွင့်အရေးများကို အလွဲသုံးစား မပြုကြရန် လိုပါသည်။ အပ်နှင်းထားသော အခွင့်အရေးကို အလွဲသုံးစားပြုပါက သာမန်ပြည်သူများထက်ပို၍ ပြစ်ဒဏ်များ ချမှတ်ခံရမည်ကိုလည်း သတိချပ်ဖို့ လိုပါသည်။
ချုပ်တင်ပြရလျှင် လူဦးရေ ခုနစ်သန်းကျော်ရှိသော ရန်ကုန်မြို့တွင် ရေနုတ်မြောင်းပြဿနာ၊  ရေလွှမ်းခြင်းပြဿနာ၊  ခြင်ပေါပြီး လူငယ်များတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေသည့် ပြဿနာစသည့် ပြဿနာ သောင်းခြောက်ထောင်နှင့် . . . . .

ပြည်သူ့ဝန်ထမ်းဖြစ်သော စည်ပင်ကော်မတီဝင်များသည် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်နိုင်ဖို့ လိုပါသည်။ ကတိသစ္စာပြု အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရွေးကောက်တင်မြှောက်ခြင်းခံရသော စည်ပင်ကော်မတီ လူကြီးများကို ‘ကျူးကျော်အဆောက်အအုံများ၊ ကျူးကျော်ဆိုင်များ မရှိစေရေး ဥပဒေနှင့်အညီ ကြီးကြပ်ကွပ်ကဲသွားရန်နှင့် အဆိုပါ ကျူးကျော်မှုများကိုလည်း စနစ်တကျ ဖြေရှင်းသွားရန်’ ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြဖွံ့ဖြိုးရေးနှင့် မြေနေရာ စီမံခန့်ခွဲရေးဌာန ဒုတိယ ဌာနမှူး ဦးတိုးအောင် ၂၀၁၄ နိုဝင်ဘာလ ပြောကြားချက်အရ ရန်ကုန်တိုင်း တစ်တိုင်းလုံးတွင် ကျူးကျော်အိမ်ထောင်စုပေါင်း ၄၀၀၀၀ ကျော်ရှိပြီး လူဦးရေအားဖြင့် တစ်သိန်းခွဲခန့်ရှိကြောင်း သိရပါသည်။ကျူးကျော်အိမ်ရာများနှင့် ပတ်သက်၍ မည်သို့ ဖြေရှင်းကြမည်နည်း။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် လုပ်ပိုင်ခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၃) အခန်း ၄ ပုဒ်မ ၁၃ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။(ဆ) ကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်မှု မရှိစေရ၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စီမံခန့်ခွဲခြင်း ကျူးကျော်မှုများအား အရေးယူခြင်းနှင့် ဖယ်ရှားခြင်း။ အထူးသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော အိမ်ရာစီမံကိန်းများတွင် သတ်မှတ်ထားသော ပန်းဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်းများ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်ဆုံးရှုံးမှု မရှိစေရန် တာဝန်ယူခြင်း (ဇ) မြို့တော်နယ်နိမိအတွင်း သတ်မှတ်ထားသော လမ်းနယ်နိမိတ်အတွင်း မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်း၊ ဌာနဆိုင်ရာမှ ကျူးကျော်ခြင်း မရှိစေရန် တားမြစ်ခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း (ဈ) အရန်မြေများတွင် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်း ဌာနဆိုင်ရာမျှ ကျူးကျော်မှု မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ယင်းအရန်မြေပေါ်တွင် ဆောင်ရွက်ရသော စီမံကိန်းလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲခြင်းတို့ ဖြစ်သည်။ကျူးကျော်မြေယာပြဿနာများ ကြီးမားနေသော ရန်ကုန်မြို့တော်သည် ယနေ့စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်။ အဆိုးဆုံး ပြဿနာများထဲတွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာမှာ သာမန်ပြည်သူများ နေ့စဉ်ရင်ဆိုင်နေရသော ပြဿနာကြီး ဖြစ်နေပါပြီ။ စာရေးဆရာ ထက်မြက်က ‘မြန်မာ့ခေတ်’ ဂျာနယ်တွင် ‘ရန်ကုန်သည် ဘေးဆိုးကြီးများထဲ ရောက်နေသော မြို့တစ်မြို့ ဖြစ်လေသည်။ ယခု အဆိုးဆုံးဘေးမှာ သွားရေးလာရေး အလွန်ကျပ်တည်းသော ဘေးဖြစ်သည်။ မြို့ဆင်ခြေဖုံးမှနေ ရန်ကုန်မြို့ မြို့လယ်ရောက်ဖို့ တစ်နာရီ နှစ်နာရီခန့် ကားစီးရသည့် ဒုက္ခကို ကြုံ နေရ၏’ ဟု ရေးသားထောက်ပြထားပါသည်။ချုပ်တင်ပြရလျှင် လူဦးရေ ခုနစ်သန်းကျော်ရှိသော ရန်ကုန်မြို့တွင် ရေနုတ်မြောင်းပြဿနာ၊  ရေလွှမ်းခြင်းပြဿနာ၊  ခြင်ပေါပြီး လူငယ်များတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေသည့် ပြဿနာစသည့် ပြဿနာ သောင်းခြောက်ထောင်နှင့် နပန်းလုံးနေသော ကာလတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များသည် ကတိသစ္စာပြုပြီးခါမှ ပြည်သူ့ဝန်ထမ်း စသည့်ကိစ္စကို အသံထွက်နေမည့်အစား အများပြည်သူနှင့် ပတ်သက်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ရန်သာရှိကြောင်း ထောက်ပြအပ်ပါသည်။

Most Read

Most Recent