ထိုက်သင့်သည့် ပြစ်ဒဏ် မရှိတော့သော အခါ

ထိုက်သင့်သည့် ပြစ်ဒဏ် မရှိတော့သော အခါ
Published 9 January 2015
တင်ယုနွယ်

“နှစ်နှစ်ပဲကွာ၊ ဝင်သွားလိုက်”“ဟိုရောက်ရင် အစစ အဆင်ပြေအောင် လုပ်ပေးထားမယ်”“ပြီးရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခါ ပြန်လွတ်လာမှာပဲ”ကျူးလွန်ခဲ့ကြတဲ့ မှုခင်းဖြစ်စဉ်တွေကြောင့် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရပြီး ပြစ်ဒဏ်ချမှတ်ခံရတာကို မမှုဘဲ မကြာခင်မှာ ပြန်လည်လွတ်မြောက်လာမယ် ဆိုတာကို ကြိုသိနေသလို ပြောဆိုနေတာကို ပတ်ဝန်းကျင်မှာ ကြားနေရတာတွေ ပိုများလာပါတယ်။အစိုးရသစ်လက်ထက် သုံးနှစ်တာ ကာလအတွင်းမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှုတွေ အပါအဝင် မှုခင်းကြီးဖြစ်စဉ်တွေ နှစ်စဉ်ဆက်တိုက် မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွေကနေ သိရပါတယ်။ ၂၀၁၂ ခုနှစ်က လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ နာကျင်မှု စတဲ့ အမှု ၂၄၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ အမှု ၂၇၀၀၀ နီးပါး ၂၀၁၄ ခုနှစ် နှစ်မကုန်ခင် နိုဝင်ဘာလအထိ အမှု ၂၆၀၀၀ ကျော် မှုခင်းဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ဖြစ်ပွားခဲ့တဲ့ မှုခင်းဖြစ်စဉ်တွေထဲမှာ ကျူးလွန်သူတွေကို မဖမ်းမိတာတွေ၊ အမှုပိတ်လိုက်ရတဲ့ မှုခင်းဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ပြစ်ဒဏ်ကျခံရတဲ့ သူတွေဟာ နောက်ထပ် မှုခင်းဖြစ်စဉ်တွေ မကျူးလွန်ဖို့ထက် နောက်ထပ် မှုခင်းဖြစ်စဉ် ကျူးလွန်ပြီးရင်လည်း အကျဉ်းထောင်ထဲကို ပြန်လည်ဝင်ရောက်ရမှာ မစိုးရိမ်ကြတော့သလို အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံတော်ကပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပြန်လွတ်နိုင်တယ်ဆိုပြီး မှုခင်းဖြစ်စဉ်တွေကို ထပ်မံကျူးလွန်ဖို့ ဝန်မလေးတော့သလို ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နေ့ခင်းကြောင်တောင်မှာ ဓားထောက်ခြိမ်းခြောက် လုယက်ခဲ့မှုမှာဆိုရင် ကျူးလွန်သူဟာ လူသတ်မှုနဲ့ ထောင်ထဲကထွက်လာတာ မကြာသေးဘဲ ပိုက်ဆံလိုတာကြောင့် ပါလာတဲ့ ပိုက်ဆံ၊ နာရီ၊ ဟန်းဖုန်းတွေကိုပေးဖို့ ခြိမ်းခြောက် ပြောဆို လုယက်တဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ထောင်ထဲက ထွက်လာပြီးနောက်မှာ ကောင်းမွန်တဲ့ ဘဝအသစ်နဲ့ အသက်မွေးဝမ်းကျောင်းပြု နေထိုင်ရမယ့်အစား နောက်ထပ် မှုခင်းဖြစ်စဉ် ကျူးလွန်ပြီး ဖြတ်လမ်းနည်းနဲ့ ငွေရှာဖို့ ဝန်မလေးတော့တဲ့ ထောင်မကြောက်၊ ဥပဒေကို ဂရုမပြုတဲ့သူတွေ ရှိနေတယ်ဆိုတာ ဒီဖြစ်စဉ်ကနေ သိနိုင်မှာပါ။  အစိုးရသစ် သက်တမ်းအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အကျဉ်းသားပေါင်း ၂၀၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ခိုးမှု၊ လုယက်မှု၊ ဒုစရိုက်မှုတွေနဲ့ ပြစ်ဒဏ်ကျခံထားရတဲ့ သူတွေလည်း ပါဝင်ထားတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ အမှန်တော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာကြောင့် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာတာကို ကြိုဆိုပေမယ့် ပြစ်မှုအမျိုးမျိုး ကျူးလွန်ထားသူတွေ၊ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေပါ လွတ်မြောက်တဲ့အထဲ ပါဝင်လာတာကိုတော့ ဘဝင်မကျပါ။ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာနဲ့ ပတ်သက်ပြီး အောက်တိုဘာလက သမ္မတရာထူးကို စတင်တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ မူးယစ်ဆေး သုံးစွဲတာကြောင့် ငယ်ရွယ်တဲ့ အင်ဒိုနီးရှားနိုင်ငံသား ၅၀ လောက်ဟာ နေ့စဉ်သေဆုံးနေရပြီး မူးယစ်ဆေး မှောင်ခိုကူးသူတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ရှိမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။အရပ်အခေါ် ‘ထောင်ခါ’ တယ်လို့ ပြောကြတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို ပြစ်မှုကျူးလွန်သူတွေမှာ အကျဉ်းထောင်ကျခံရမှာကို မမှုဘဲ ခံစားခွင့်တစ်ခုလို ပြောဆိုပြီး ဥပဒေကို မထီမဲ့မြင် လုပ်သလို အချင်းချင်းကြားမှာ ပြောဆိုနေတာတွေကို ကြားကြရမှာပါ။ လက်ရှိမှာလည်း လူမြင်ကွင်းလို နေရာမျိုးတွေမှာတောင် အုပ်စုဖွဲ့ ရိုက်နှက်တာတွေ၊ ကလေးအရွယ်သာသာ မိန်းကလေးငယ်တွေကို အဓမ္မကျင့်တာတွေ၊ ခိုးမှု၊ ခါးပိုက်နှိုက် စတဲ့ မှုခင်းဖြစ်စဉ်တွေကို ဆက်တိုက် ကြားနေရပါတယ်။
အစိုးရသစ် သက်တမ်းအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အကျဉ်းသားပေါင်း ၂၀၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ခိုးမှု၊ လုယက်မှု၊ ဒုစရိုက်မှုတွေနဲ့ ပြစ်ဒဏ်ကျခံထားရတဲ့ သူတွေလည်း ပါဝင်ထားတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ် . . . . .

ဒီထက်ပိုဆိုးတာက ဥပဒေအရ ဖြေရှင်းလို့ မဖြစ်နိုင်တာကြောင့်လို့ အကြောင်းပြပြီး လူ ၃၀၀ ကျော်ကို ငွေပေးငှားရမ်းကာ ကျူးကျော်ပြဿနာကို နိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ မဟုတ်ဘဲ ကိုယ့်စီရင်ထုံးနဲ့ကိုယ် ဖြေရှင်းခဲ့တဲ့ သတင်းတွေကို ကြည့်ရင် ဥပဒေကို မထီမဲ့မြင်ပြုသူတွေ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဒါကို ကြည့်တာနဲ့ ထိရောက်တဲ့ အပြစ်ပေးမှုတွေ မရှိခြင်းရဲ့ နောက်မှာ အုပ်စုဖွဲ့ပြီး လူမိုက်တွေ ရမ်းကားနိုင်တဲ့ အနေအထားတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ နောက် ဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်ကြလ့ိုလား၊ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ မချလို့ဘဲလား မသိ၊ မှုခင်းဖြစ်စဉ်တွေ မြင့်တက်လာမှုရဲ့ အခြားတစ်ဖက်မှာ အဂတိတရား လိုက်စားမှုတွေ ဆက်လက်ရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြ နေပါတယ်။ Transparency International က ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ အကျင့်ပျက်ခြစားမှု အဆိုးရွားဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။အဂတိတရား လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်မှာ ပြဋ္ဌာန်းထားသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့ထားပေမယ့် မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှု အဆိုးရွားဆုံး နိုင်ငံအဖြစ် ရပ်တည်နေတာ ဘာကြောင့်ပါလဲ။ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ၅၀၀ ကျော်မှာ သုံးစောင်ကိုပဲ စုံစမ်းအရေးယူနိုင်ခဲ့ပါတယ်။ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာတော့ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်ခံနေရတာတွေကို ကြားနေရပါတယ်။ အစိုးရဝန်ထမ်း တစ်ဦးရဲ့ အခွင့်အာဏာကို အသုံးချပြီး စီးပွားရေးလုပ်ငန်းရှင် မျိုးစုံဆီကနေ လာဘ်စားခဲ့သလို၊ စီမံကိန်းလုပ်ပိုင်ခွင့်နဲ့ အခြားအခွင့်အရေးတွေအတွက် အလဲအထပ်အနေနဲ့ အိမ်၊ ဇိမ်ခံကားတွေ ရယူခဲ့တာကြောင့် စီးပွားရေး စီမံကိန်းဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ တစ်ဦးကို တရုတ်နိုင်ငံမှာတော့ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီက အဂတိလိုက်စားတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူတာမှာ ဌာနပြောင်းရွှေ့တာ၊ အငြိမ်းစားပေးတာတွေနဲ့သာ ပြစ်ဒဏ်ချမှတ်ပြီး ထောင်ဒဏ်ချမှတ် ခံရသူမှာ တစ်ဦးသာ ရှိခဲ့ပါတယ်။ဒါကလည်း ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်မှု မရှိလို့ အဂတိတရားတွေ ပိုများလာစေတတ်တဲ့ အခြေအနေပါပဲ။ အဂတိတိုက်ဖျက်မှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်မှုတွေမှာ ထောင်ဒဏ်ချမှတ်တာ နည်းပေမယ့် လယ်သိမ်းခံရတာကြောင့် လယ်မြေပြန်လည် ရယူလိုမှုနဲ့ ထွန်တုံးတိုက်ပွဲဝင်တဲ့ တောင်သူတွေ၊ နေစရာ အိမ်မရှိတာကြောင့် မိမိပိုင် လယ်မြေပေါ်မှာ အိမ်ဆောက်နေထိုင်မိတဲ့ တောင်သူတွေ၊ ဒီလိုလူမျိုးတွေကိုတော့ ထောင်ဒဏ်ချမှတ် အရေးယူတာတွေ ရှိခဲ့ပါတယ်။ လွှတ်တော် လယ်ယာမြေစုံစမ်းရေး ကော်မရှင်က ထုတ်ပြန်ထားချက်အရ တစ်နိုင်ငံလုံးမှာ လယ်မြေကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့အမှု ၇၀၀ ကျော်ရှိပြီး ထောင်ဒဏ်ကျခံရတဲ့ တောင်သူ ၃၀၀ ခန့်ရှိပါတယ်။ ဒါကို ကြည့်လိုက်ရင် ထိုက်သင့်တဲ့ပြစ်ဒဏ် ချမှတ်ခံရပြီး အရေးယူရမယ့် အမှုတွေမှာ ပြစ်ဒဏ်ချမှတ်မှု မရှိခဲ့သလို ထိထိရောက်ရောက် အရေးယူမှုတွေ မပြုလုပ်ဘဲ တောင်သူတွေရဲ့ မြေယာနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုကိုတော့ စီမံခန့်ခွဲမှု အပိုင်းကနေ မဆောင်ရွက်ဘဲ တရားစီရင် ထောင်ချမှုတွေကို လုပ်ဆောင်နေတာက မေးခွန်းထုတ် မေးမြန်းစရာတွေ ရှိလာပါတယ်။  အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ထိုက်သင့်တဲ့ပြစ်ဒဏ် ကျခံသင့် ကျခံထိုက်သူတွေဟာ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ကင်းလွတ်ခွင့် ရနေသယောင် ဖြစ်နေပြီးတော့ မတရား လုပ်ခံရပြီး ရိုးသားတဲ့ ပြည်သူတွေအပေါ်မှာတော့ ဥပဒေပြဋ္ဌာန်းချက်တွေက အပြင်းထန်ဆုံး သက်ရောက်နေပါတယ်။ဒီလိုသာ မျက်နှာများတဲ့ တရားစီရင်မှုတွေ ရှိနေသမျှ ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရမယ့်သူ မခံရ၊ မခံရမယ့်သူ ခံရတဲ့ အဖြစ်မျိုးတွေ ရှိနေသမျှတော့ ခိုးဆိုးလုယက်၊ လူသတ်၊ သက်ငယ်မုဒိမ်း၊ မင်းမဲ့စရိုက်ဆန်တဲ့ အုပ်စုဖွဲ့ ဒုစရိုက်ကျူးလွန်မှုတွေ ပိုများလာမယ့်အပြင် ဒီမိုကရေစီ အစိုးရရဲ့ တရားစီရင်ရေးကို သန်း ၆၀ သော ပြည်သူတွေရဲ့ မယုံကြည်မှုတွေ ဒုနဲ့ဒေး ဖြစ်လာမှာ မလွဲဆိုတာ . . .။

Most Read

Most Recent