အလင်းမုခ်ဦးလား ငရဲဝင်ပေါက်လား ၂၀၁၅

အလင်းမုခ်ဦးလား ငရဲဝင်ပေါက်လား ၂၀၁၅
Published 9 January 2015
နေဘုန်းလတ်

၂ဝ၁၅ နဲ့ပတ်သက်တဲ့အမြင်နဲ့ စိုးရိမ်မှုတွေအကြောင်း မဆွေးနွေးခင်မှာ ကျွန်တော်တို့အားလုံးကို ၂ဝ၁၅ ဆီ သယ်ဆောင်လာပေးတဲ့ ဒီမိုကရေစီခေတ်အမည်ရ လေးနှစ်တာကာလလေးကို ပြန်ပြီးသုံးသပ်ကြည့်ပါရစေ။ ကျွန်တော်ရဲ့ကိုယ်ပိုင် သုံးသပ်ချက်ဖြစ်တဲ့အတွက် ဆန္ဒရှိသလို ကွဲလွဲနိုင်ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါဝင်ယှဉ်ပြိုင်လာမှာကို စိုးရိမ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နည်းလမ်းရှာပြီး နေအိမ်အကျယ်ချုပ် သက်တမ်းထပ်တိုးခဲ့တယ်။ ခေါင်းဆောင်ကို မလွှတ်ပေးဘဲ ရွေးကောက်ပွဲလာဝင်လေလို့ အဖြစ်သဘော ဖိတ်ခေါ်မှုတွေအပြင် ဝင်ပြိုင်ရင်တောင် အနိုင်မပြိုင်ဘဲ အရှုံးခံသင့်တယ်ဆိုတဲ့ တိုက်တွန်းမှုတွေကြားထဲမှာ NLD ဟာ ရွေးကောက်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မစ္စတာရက်တောကိစ္စသာ မပေါ်ပေါက်ခဲ့ဘဲ ၂ဝ၁ဝ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်၊ NLD ကလည်း ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့မယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲရဲ့ အနိုင်ရပါတီဟာ လက်ရှိအနိုင်ရပါတီ ဖြစ်လာမလား မသေချာပါဘူး။ ဒီအကွက်တွေ ကြိုမြင်ခဲ့လို့လည်း NLD ဝင်မပြိုင်တဲ့ အခင်းအကျင်းကို ဖန်တီးခဲ့တာလို့ မြင်ပါတယ်။ တစ်ဖက်က တစ်ချက်ခုတ်တာ နှစ်ချက်ပြတ်တယ်လို့ပဲ ဆိုရမလား။ အဲဒီ့အကွက်နဲ့ အဲဒီ့ဆုံးဖြတ်ချက်ကြောင့် NLD ထဲမှာ အကွဲအပြဲဇာတ်လမ်းတွေ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲဝင်မယ့် ပါတီအသစ်တွေ ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တစ်ခါက ကျောင်းသားတွေနဲ့ လူငယ်တွေကို ကိုယ်စားပြုတဲ့ တစ်ကောင်တည်းသော ခွပ်ဒေါင်းဟာ ကလုန်း (Clone) တွေ ပေါ်လာပါတော့တယ်။ တစ်ချိန်တစ်ခါက နိုင်ငံတစ်ဝန်းကို ငြိမ်းချမ်းအေးမြစေမယ်လို့ ကြွေးကြော်ခဲ့ဖူးတဲ့ ခမောက်ဟာလည်း အရောရော အယောင်ယောင်တွေ ဖြစ်ကုန်ပါတော့တယ်။ ရှိရင်းစွဲ အခင်းအကျင်းတစ်ခုကို တစ်ခုတည်းသော ရည်မှန်းချက်နဲ့ နည်းဗျူဟာမတူညီဘဲ ချဉ်းကပ်ဖို့ ကြိုးစားကြသူအချင်းချင်း နားလည်မှုတစ်ခုယူပြီး စည်းနှောင်မထားနိုင်ကြဘဲ ဘာလို့များ ပြန်စေ့မရလောက်အောင် ကွဲသွားကြသလဲဆိုတာ သမိုင်းမှာ အဖြေရှာကြရမယ့် ကိစ္စတစ်ခုပါပဲ။ တစ်ဖက်က အချို့တွေ တပ်ထဲမှာနေ၊ အချို့တွေ ယူနီဖောင်းပြောင်း၊ ဘယ်သူက ဘာလုပ်၊ ဘယ်သူက ဘာလုပ်နဲ့ လူခွဲကစားနေချိန်မှာ ဒီမိုကရေစီအင်အားစုတွေ ဘက်မှာတော့ လူတွေ အစိတ်စိတ်အမြွှာမြွှာ ကွဲကုန်ပါတော့တယ်။ ပြည်သူအချင်းချင်း ဒီမိုကရက်တစ်အင်အားစု အချင်းချင်း စည်းလုံးမှုပြိုကွဲနေခြင်းဟာ အာဏာရှင်တွေရဲ့ သည်းခြေကြိုက်အစာပါပဲ။
၂ဝ၁ဝ အသင်းငယ်လေးတွေကိုပဲ ဖိတ်ခေါ်ပြိုင်တဲ့လုပ်ပွဲကြီးမှာ ကြိုတင်စီမံထားတဲ့အတိုင်း ထိုင်ခုံနေရာတွေ ခွဲဝေယူကြအပြီး ၂ဝ၁၂ မှာ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများကို လွှတ်ပေးခဲ့ပါတယ်။ အဲဒီ့အချိန်ကာလဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ အားအကောင်းဆုံးပွင့်လန်းလာတဲ့ အချိန်ကာလလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ့မျှော်လင့်ချက်တွေကို အစိုးရ၊ အတိုက်အခံနဲ့ ထောင်ကလွတ်လာကြတဲ့ နိုင်ငံရေးသမားတွေ ဘယ်လောက်အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်ခဲ့ကြသလဲလို့ မေးရင်တော့ အဖြေက အားရစရာ မကောင်းခဲ့ပါဘူး။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဖြစ်စလောက် နေရာလေးကို သဘောကောင်းချင်သယောင်နဲ့ပေးပြီး လက်ရှိအခင်းအကျင်းရဲ့တရားဝင်မှုကို ပိုမိုခိုင်မာစေခဲ့တဲ့ ကစားကွက်ကလည်း ဂိုးပေါင်းများစွာ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အနိုင်ရသွားခြင်းက တစ်ဖက်ကို တပ်လှန့်လိုက်သလိုဖြစ်သွားပြီး စိုးရိမ်မှုတစ်စုံတစ်ရာ ဖြစ်စေခဲ့တာ သေချာပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ လွတ်လပ်စွာနဲ့ တရားမျှတစွာသာ ယှဉ်ပြိုင်မယ်ဆိုရင် မနိုင်နိုင်ဘူးလို့ သဘောပေါက်သွားသူ အချို့ဟာ အဲဒီ့ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာပဲ Dirty Game လို့ခေါ်တဲ့ ညစ်ပွဲတွေ စ,ကစား ပါတော့တယ်။ ညစ်ပွဲတွေများစွာထဲမှာ အားအကောင်းဆုံးကတော့ အာဏာရှင်အစိုးရ အဆက်ဆက် အသုံးပြုခဲ့ကြတဲ့ ဘာသာရေးမှိုင်းဆိုတဲ့ ဗျူဟာဟောင်းကြီးပါပဲ။ ဗျူဟာဟောင်းကြီး ဆိုပေမယ့်လည်း လူထုရင်ထဲမှာ သန္ဓေတည်နေခဲ့တဲ့ ဒဏ်ရာဟောင်းတွေကြောင့် ဘာသာရေး ကွဲပြားမှုကြောင့်ဖြစ်တဲ့ အမုန်းမီးဟာ ပိုပြီးကြီးထွားလာခဲ့သလို အင်တာနက်၊ လွှတ်တော် စတဲ့နည်းလမ်းအသစ်တွေနဲ့ပါ ပေါင်းစပ်လှုပ်ရှားလာတဲ့အတွက် ပိုမိုကျယ်ပြန့်သွားပြီး တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးအထိတောင် ဖြစ်လာခဲ့ပါတယ်။ ဘာသာရေးကို အခြေခံပြီးဖြစ်တဲ့ ပဋိပက္ခတွေမှာ အမြင်ကျယ်ပြီး လူသားဆန်တဲ့ မှတ်ချက်မျိုးကို ပေးမိတဲ့ နိုင်ငံရေးခေါင်းဆောင် အချို့ရဲ့ အပြောအဆို အပြုအမူတွေကို ထောက်ပြပြီး နိုင်ငံရေးအရ ဝေဖန်တိုက်ခိုက်မှုတွေ လုပ်လာခဲ့ရာက နောက်ပိုင်းမှာတော့ ဘာသာရေးကို နိုင်ငံရေးအတွက် ဗြောင်ကျကျပဲ အသုံးချလာပါတော့တယ်။ ဘာသာရေးအကြောင်း ပြထားတဲ့ လှုံ့ဆော်မှု၊ မှိုင်းတိုက်မှုတွေဟာ နိုင်ငံရေးအရ တိုက်ခိုက်အပုပ်ချမှုတွေနဲ့ချည်း အဆုံးသတ်တာကို တွေ့လာရပြီး အသေအချာ ထပ်မံလေ့လာကြည့်တဲ့အခါ နောက်ကွယ်က လက်မည်းကြီးတွေဟာ တဖြည်းဖြည်းနဲ့ အစအနတွေ ပေါ်လာခဲ့ပါတယ်။ အဲဒီ့အဖြစ်အပျက်တွေ နောက်ပိုင်းမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်လွဲမှုတွေ၊ အမြင်စောင်းမှုတွေ ဖြစ်လာခဲ့ပြီး အချို့ဒေသတွေမှာဆိုရင် မဲရရှိဖို့တောင်ခက်ခဲတဲ့ အနေအထားမျိုးတွေ ဖြစ်လာတဲ့အတွက် သုံးခဲ့တဲ့ နည်းဗျူဟာဟာ အထိုက်အလျောက် အောင်မြင်ခဲ့တဲ့ သဘောမြင်လာရပါတယ်။ နောက်ထပ် အသုံးပြုခဲ့တဲ့ အကွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးသလိုလိုနဲ့ သူမရဲ့ခေါင်းပေါ်ကို လက်ပံတောင်းတောင်လို ဖြေရှင်းရခက်တဲ့၊ ပြည်သူနဲ့ ပါတီကြား အထင်အမြင်လွဲမှုတွေ ဖြစ်စေနိုင်တဲ့ကိစ္စမျိုးတွေ တင်ပေးပြီး ပါတီကိုထောက်ခံမှု လျှော့စေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ကိစ္စ၊ အခြားတရားဥပဒေ စိုးမိုးရေးကိစ္စတွေအပြင် ရံဖန်ရံခါပေါ်ပေါ်လာတဲ့ ဟိုကိစ္စ သည်ကိစ္စတွေဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပိနေတာကြောင့် ပါတီတည်ဆောက်ရေး လုပ်ငန်းတွေကို လှည့်မကြည့်နိုင်ခဲ့ခြင်းကလည်း NLD အတွက် အားနည်းချက် ဖြစ်ခဲ့ပါတယ်။
၂ဝ၁၅ နဲ့ နီးလာလေလေနေရာနဲ့ အာဏာကို အသက်လို တန်ဖိုးထားစွဲလမ်းသူတွေရဲ့ အကြောက်တရားဟာ ပိုမိုကြီးထွားလာပြီး အချို့သော ကစားကွက်တွေ၊ လုပ်ရပ်တွေနဲ့ ပြောစကားတွေဟာ အယောင်ယောင် အမှားမှားတွေ ဖြစ်ကုန်ပြီး သရုပ်မှန်တွေပေါ်လာတဲ့ အခြေအနေ ရောက်လာပါတယ်။ ကာတွန်းဆရာတွေ၊ ဆောင်းပါးရှင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တော်တော်များများကတော့ မင်းသားခေါင်းဆောင်း ကျွတ်ချိန်လို့ သမုတ်ကြပါတယ်။ ၂၆ ရာခိုင်နှုန်းနိုင်ရုံနဲ့ Majority ရပြီဆိုတဲ့ စကားမျိုးတွေ၊ ငြိမ်းချမ်းရေး မရရင် ရွေးကောက်ပွဲလုပ်ဖို့ ခက်မယ်ဆိုတာမျိုးတွေ၊ တိုင်းပြည် မတည်ငြိမ် မအေးချမ်းဘူးဆိုရင်တော့ စစ်တပ်က အာဏာပြန်ပြန်သိမ်းရမှာပဲစတဲ့ စကားတွေကနေတစ်ဆင့် အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်တို့ရဲ့ အတွင်းပိုင်းသရုပ်နဲ့ ဆက်စပ်မှုတွေကိုလှမ်းပြီး မှန်းဆလို့ရနိုင်သလိုပဲ အထိမခံတဲ့ကိစ္စတွေကို ကိုင်တွယ်မိတဲ့ မီဒီယာသမားအချို့ကို ဖမ်းဆီးထောင်ချနေတာတွေ၊ ကိုပါကြီးအသတ်ခံရတဲ့ကိစ္စတွေ၊ စာပေဟောပြောပွဲတွေကို အစိုးရကမဟုတ်ဘဲ အခြားသောဩဇာရှိ အဖွဲ့အစည်းအချို့က ဘာသာရေး အကြောင်းပြပြီး တားဆီးနှောင့်ယှက်နေတာတွေ၊ ကိုထင်လင်းဦး အဖမ်းခံရတဲ့ကိစ္စတွေ၊ ဆန္ဒပြသူတွေကို တရားစွဲတာတွေ၊ အကြမ်းနည်းနဲ့ နှိပ်ကွပ်ဖို့ ကြိုးစားလာတာတွေဟာလည်း လက်ရှိအာဏာပိုင်အချို့ရဲ့ နောက်ကွယ်က ဇာတ်ကောင်အချို့ပေါ်လာပြီး ကန့်လန့်ကာနောက်က အခင်းအကျင်းအချို့ကို မြင်လိုက်ရတဲ့ သဘောပါပဲ။ အာဏာပိုင်တွေထဲမှာ အပြောင်းအလဲကို အမှန်တကယ် လိုလားသူတွေ ရှိကောင်းရှိနိုင်ပေမယ့် လက်ရှိမြင်ကွင်းအရ အနောက်ကို ပြန်ဆွဲချင်နေကြသူတွေ ပိုများတယ်ဆိုတာ သိပ်ကိုသိသာ လွန်းလာပါတယ်။ အချို့သောကိစ္စတွေဟာ အခက်အခဲတွေ၊ အတားအဆီးတွေ၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှုတွေကြောင့် ဖြစ်ရတာလို့ ဆိုနိုင်ပေမယ့် ကိစ္စတော်တော်များများကတော့ စေတနာဆိုး၊ စေတနာမှားတွေကြောင့် ဖြစ်နေတယ်ဆိုတာ ထင်ရှားပါတယ်။
အဲဒီ့တော့ ၂ဝ၁၅ အတွက် ဘာတွေမြင်ပြီး ဘာတွေစိုးရိမ်သလဲ ဆိုတာကို ပြောရရင် ဘာသာရေးကို သုံးသင့်ရင် သုံးရမှာပဲဆိုတဲ့ အာဏာရပါတီရဲ့ ကိုယ်စားလှယ်တစ်ယောက် ပြောခဲ့တဲ့စကားအရ နိုင်ငံရေး ရည်မှန်းချက်အတွက် ဘာသာရေးကို ခုတုံးလုပ်တဲ့ လှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှုတွေ အများကြီးဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်၊ ပြည်သူလူထုအနေနဲ့ ခေါင်းစဉ်လှလှကြီးကို ခပ်ကြီးကြီး တပ်ထားပြီး တိုင်းပြည်ဖျက်ဖို့ ကြိုးစားနေတဲ့ လိမ်စဉ်တွေကို အသိဉာဏ်ကြီးကြီးနဲ့ သတိထားတုံ့ပြန်နိုင်ကာမှ ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ ပဋိပက္ခတွေကို ရှောင်နိုင်မှာပါ။ နောက်တစ်ခုက တိုင်းပြည်မတည်ငြိမ် မအေးချမ်းဘူးဆိုရင် စစ်တပ်က အာဏာပြန်သိမ်းမယ်လို့ လေသံပစ်ထားတဲ့အတွက် အာဏာသိမ်းဇာတ်ကွက်ကိုခင်းဖို့ မတည်ငြိမ် မအေးချမ်းမှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ချခင်းတဲ့ ဇာတ်ညွှန်းမျိုး ထွက်လာနိုင်ပါတယ်။ အသင့်ရှိနေတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို အချိန်ကိုက်ချသုံးပြီး မတည်ငြိမ် မအေးချမ်းမှုတွေကို ဖန်တီး၊ ပြီးတော့လည်း ချောက်ထဲကျလုလု နိုင်ငံတော်ကြီးကို ကယ်တင်လိုက်ရပြန်ပြီဆိုတဲ့ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်ပြမယ့် အကွက်မျိုးတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။                            
ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုခပ်ကြီးကြီးတွေကို စည်းစည်းလုံးလုံးနဲ့ စနစ်တကျနဲ့ ဗျူဟာမြောက် မတုံ့ပြန်နိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ ညီအစ်ကိုမသိတသိ အချိန်ဟာ မနက်ခင်းကို ဦးတည်နေတဲ့ အရုဏ်ဆည်းဆာ မဟုတ်ဘဲ ညအမှောင်ကို ဦးတည်နေတဲ့ ညနေဆည်းဆာအချိန် ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မယ်။ လာမယ့် ၂ဝ၁၅ ဟာလည်း ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ တိုးတက်ငြိမ်းချမ်းသော နိုင်ငံတော်အသစ်ဆီကို ခေါ်ဆောင်သွားပေးမယ့် အလင်းမုခ်ဦးတစ်ခု ဖြစ်မလာဘဲ စစ်အာဏာရှင် စနစ်တည်းဟူသော ငရဲခန်းကို ပြန်လှည့်မယ့် ငရဲဝင်ပေါက်တစ်ခု ဖြစ်သွားပါလိမ့်မယ်။
 

Most Read

Most Recent