ကျွန်တော်တို့နောက်ပြန်သွားနေကြပါတယ်။ မှန်ပါတယ် ကိုယ့် ကိုယ်ကိုယ် မညာတမ်းဝေဖန်ရရင် ကျွန်တော်တို့ရဲ့စိတ်တွေဟာ နှောင်ကြိုးတစ်ခုတည်းနေတဲ့အကန့်အသတ်မှာ လှုပ်ရှားနေကြရသလို ဖြစ်နေပါတယ်။အဲ့ဒီလိုစိတ်ကြောင့် ကျွန်တော်တို့ဆီမှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောပြဖို့ကြောက်နေကြပါတယ်။ ကိုယ့်ရဲ့အယူအဆတွေကို ထုတ်ဖော်ရမှာကြောက်တဲ့အတွက် ရှေ့ဆက်တိုးဖို့ ရပ်တန့်နေရပါတယ်။အခုခေတ်မှာ လူငယ်၊ လူရွယ်တော် တော်များများ သင်တန်းပေါင်းစုံကို တက်ရောက်ကြပါတယ်။ လေ့လာကြည့်ပါ သင်တန်း(သို့) seminor တွေမှာဆိုရင် စင်ပေါ်တက်တာ မတက်တာထက် ကျွန်တော်တို့ဟာ အပြန်အလှန်ငြင်းခုံဝေဖန်ဖို့ အင်အားနည်းပါးတာကို တွေ့ရပါတယ်။ စင်ပေါ်ကနေ ရှင်းပြနေတဲ့ သင်တန်းဆရာရဲ့ အယူအဆတွေကို အမှန်လို့သာ လက်ခံပြီးမှတ်ယူနေကြပါတယ်။ တစ်ခါတလေ ကျွန်တော်တို့စိတ်ထဲက ဖြစ်ပေါ်လာတဲ့ သံသယမေးခွန်းတွေဟာလည်း စိတ်ထဲမှာပဲ ကွယ်ပျောက်သွားပါတယ်။ ကျွန်တော်တို့ရဲ့ နှုတ်ဖျားက ဘာလို့အပြန်အလှန်မေးခွန်းထုတ်ဖို့ စွန့်အနေရတာပါလဲ။ ဘာတွေကိုကြောက်နေရတာပါ လဲ။ ကိုယ့်ဘာသာ ပြန်မေးကြည့်သင့်ပါတယ်။အဲ့ဒီတော့ သင်တန်းတွေသာ တစ်ခုပြီးတစ်ခု တက်ပြီးသွားပါတယ်။ ကျွန်တော်တို့ဆီမှာ သင်တန်းဆရာက သင်ပေးသမျှရယ်သံသယမေးခွန်းတွေရယ်သာ ကျန်ခဲ့ပါတယ်။ ဒါတွေဟာ မသိစိတ်က ပိတ်ဆို့နေတဲ့ အကြောက်တရားကြောင့် ဖြစ်ပါတယ်။အကြောက်တရားကို မြစ်ဖျားခံရရင် အနှစ်နှစ်ဆယ်ကျော်ကြာ အကြောက်တရားအောက်မှာ ကျွန်တော်တို့ နေထိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ကို သင်ကြားပေးတဲ့ဆရာသမားတွေ၊ မိဘတွေဟာလည်း အနှစ်နှစ်ဆယ်ရဲ့ ဟိုဘက်အနှစ် ၃ဝ လောက် အကြောက်တရားအောက်မှာ နေထိုင်ခဲ့ရပါတယ်။ ခေတ်ကို မျက်ခြည်အပြတ်မခံဘဲ ဆန်းသစ်မှုကို လက်ခံတဲ့ လူကြီးတစ်ချို့ကလွဲရင် လူကြီးတော်တော်များများဟာ ဒီဘက်ခေတ်မှာ လူငယ်လူရွယ်တွေ အကြောက်တရားဆိုတဲ့အရာနဲ့ မျက်နှာချင်းဆိုင်ဖို့ကို သူတို့ကိုယ်တိုင် ထိတ်လန့်နေကြပါတယ်။ ဝဝစား၊ ဝေးဝေးနေ၊ ဝင်မရှုပ်နဲ့ နိုင်ငံရေးဆိုတာ အင်အားကြီးသူတွေဆိုတာ ကြောက်စရာတစ်ခုလို မြင်နေကြပါတယ်။ အမှန်တော့ ဒီလိုအမြင်တွေရှိနေသရွေ့ ဒီမိုကရေစီဆိုတာ အမည်ခံသာသာ ဖြစ်သွားပါလိမ့်မယ်။ဒီမိုကရေစီစနစ်ထွန်းကားနေတဲ့နေိုင်ငံတွေမှာဆိုရင် အစိုးရဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် အစိုးရကို ပြည်သူက ဘယ်လောက်အထိပဲ ဝေဖန်ပြောဆိုနေပါစေ၊ ဆန္ဒထုတ်ဖော်မှုတွေပြုပါစေ အဲ့ဒီလိုလုပ်တဲ့အတွက် အစိုးရအနေနဲ့ ပြည်သူကို အသရေဖျက်မှုနဲ့တရားစွဲဆိုခြင်း၊ ထောင်ဒဏ်နှစ်ရှည်လများ ချထားတာမျိုးတွေ မရှိဘူးလို့ သတင်းနဲ့စာနယ်ဇင်းပညာကို သင်ကြားပေးတဲ့ နိုင်ငံခြားသင်တန်းဆရာတွေက ပြောပြပါတယ်။ ကျွန်တော်တို့လို ဒီမိုကရေစီကျင့်သုံးစနိုင်ငံတွေမှာ အာဏာပိုင်တွေဘက်ကလည်း ပြည်သူကို မယုံကြည်မှုကြောင့် ဆန္ဒထုတ်ဖော်ရင် အနည်းဆုံးစောင့်ကြည့်တာမျိုးတွေ၊ ပုဒ်မ ၁၈၊ ၁၉ တွေတပ်ပြီး ထောင်ချတာမျိုးတွေ ရှိနေပါတယ်။ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ အကြောက်တရားနဲ့ ရာစုနှစ်တစ်ဝက်လောက်နေခဲ့ရတဲ့ ပြည်သူတွေကလည်း လွတ်လပ်မှုဆိုတာကို ပြင်ပနိုင်ငံတွေနဲ့ အမြင်ချင်းမတူတာတွေလည်း ရှိနေပါတယ်။ ဒီလိုမတူတဲ့အမြင်တွေကို စုပေါင်းပြီး ဒီမိုကရေစီကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်မယုံကြည်တဲ့ မဝံ့မရဲခြေလှမ်းတွေကို ရှေ့ဆက်တိုးဖို့အတွက် အကြောက်တရားကို ကျော်လွန်ရမှာ ဖြစ်ပါတယ်။ဖ.ဆ.ပ.လ၊ တော်လှန်ရေးကောင်စီ၊ မ.ဆ.လ၊ ကနေ့လက်ရှိ မျက်မှောက်ခေတ်အထိနိုင်ငံရေးကာလတွေကို ဖြတ်သန်းခဲ့ရတဲ့ ခေါင်းရင်းအိမ်က အဘကတော့ နိုင်ငံရေးဆိုတာ နောက်ဆုံးတော့ နိုင်ငံရေးသမားတွေက ပြည်သူ့အတွက်ပြောပြီး ကိုယ့်အတွက် ကိုယ်လုပ်တာပဲကွဆိုပြီး နိုင်ငံရေးဆိုတာကို ညစ်ပတ်တဲ့အရာတစ်ခုလို ပြောပြပါတယ်။ အပြန်အလှန်ဝေဖန်ဆွေးနွေးရင်လည်း မင်းငယ်ပါသေးတယ်ဆိုတဲ့အကြည့်နဲ့သာ ခပ်မဆိတ်ငြိမ်သက်နေပါတယ်။ လူကြီးနှင့်လူငယ်အကြား အသက်အရွယ်နဲ့ဖြတ်သန်းမှုကာလ ကွာခြားလာတဲ့အလျောက် လူကြီးကမင်းတို့ငယ်ပါသေးတယ်ကွာဆိုတဲ့အကြည့်တွေ အပြောတွေနဲ့ ဆက်ဆံလာမှာဖြစ်သလို လူငယ်ဘက်ကလည်း ဒီအတွေးအခေါ်တွေ ဒီဘက်ခေတ် မှာ အသုံးမဝင်တော့ပါဘူးဆိုတဲ့ အကြည့်တွေ စကားတွေနဲ့ ပြန်ပြောလာတာကို တွေ့ရပါတယ်။ လူငယ်က မှန်တယ်ထင်တာကို လူကြီးက မှားတယ်လို့ယူဆပြီး သူ့စကားကိုသာအမှန်လို့ အတင်းပြောနေတဲ့အချိန်မျိုးမှာ တစ်ထစ်လောက်လျှော့ပြီး ဘာကြောင့်ကျွန်တော့်အယူအဆက မှားတယ်ထင်ရတာလဲဆိုပြီး ပြန်လှန်မေးခွန်းထုတ်နိုင်ရပါမယ်။ လူကြီးကိုယ်တိုင်ကလည်း လူငယ်ရဲ့အယူအဆကို ဂရုတစိုက်နားထောင်ပြီး ပြန်လည်ရှင်းပြရပါမယ်။ ဒါဟာ ပူးပေါင်းဆောင်ရွက်မှုလို့ ပြောလို့ရတဲ့ ယဉ်ကျေးမှုပုံစံအသစ် ဖြစ်ပါတယ်။ အရင်တုန်းကလို လူကြီးပြောသမျှ ဟုတ်ကဲ့လို့ မှားမှားမှန်မှန်ခေါင်းညိတ်ပြီး ရင်ထဲမှာပဲ ထားရမယ့်ခေတ် မဟုတ်တော့ပါဘူး။ လူကြီးနဲ့လူငယ်အကြား ပူးပေါင်းဆောင်ရွက်မှုယဉ်ကျေးမှုပုံစံအသစ်ကို လက်ခံနိုင်ဖို့အတွက် အပြန်အလှန်အကြောက်တရားကို ပယ်ဖျက်နိုင်ရပါမယ်။ကျွန်တော်တို့ အမှန်တကယ်ကြောက်ရမှာက အကြောက်တရားကို မတိုက်ထုတ်နိုင်တဲ့စိတ်ကိုပဲ ဖြစ်ပါတယ်။ မဟုတ်မှန်တာကို ကျွန်တော်တို့ကိုယ်တိုင်လုပ်မိမှာ၊ မှန်တဲ့ဘက်မှာ မရပ်တည်ရဲတဲ့ ကျွန်တော်တို့စိတ်ကို ကြောက်ရမှာ ရှက်ရမှာဖြစ်ပါတယ်။ ယုတ္တိယုတ္တမရှိတဲ့ အရာတွေ၊ အင်အားကြီးသူတွေက ဖိနှိပ်လို့ဖြစ်လာတဲ့ အမှားတွေကို ကျွန်တော်တို့ ကြောက်သင့်ပါသလား သေချာစဉ်းစားကြည့်ပါ။ကျွန်တော်တို့ဆီမှာရှိတဲ့ အကြောက်တရားကို ရင်ဆိုင်ဖို့အတွက် အမှန်တရားကို ဆည်းကပ်ကိုးကွယ်ရပါမယ်။ အကြောက်တရား အမိုက်မှောင်ကို အမှန်တရားမီးအိမ်ငယ်နဲ့ ထွန်းလင်းစေရပါမယ်။ အကြောက်တရားက ဖိစီးထားတဲ့အခါ ကံတရားကလည်း ကြောက်ရွံ့နေတဲ့ လူတစ်ယောက်ကို မျက်နှာသာပေးမှာ မဟုတ်ပါဘူး။ လက်ရှောင်နေမှာ ဖြစ်ပါတယ်။ ကံတရားက လက်ရှောင်နေတဲ့အခြေအနေမျိုးမှာ မှားတဲ့ဘက်ကဖိနှိပ်မှုကို ကျွန်တော်တို့ ခံစားရပါလိမ့်မယ်။ အဓိကဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကြောက်ရွံ့နေလို့ပါပဲ။အုတ်နံရံကို ခေါင်းနဲ့ဝင်မဆောင့်စမ်းပါနဲ့ကွာလို့ ပြောကြပေမယ့် အကြောက်တရားဆိုတဲ့ အုတ်နံရံကြီးတစ်ဖက်ခြမ်းမှာ သာယာလှပတဲ့ လောကသစ်တစ်ခုရှိနေပါတယ်။လောကသစ်ကို မမြင်နိုင်အောင် အကြောက်တရားဆိုတဲ့ အုတ်တံတိုင်းကြီးက ကာရံထားပါတယ်။ကျွန်တော်တို့ အုတ်တံတိုင်းကြီးကိုကျော်လို့ရရင် ကျော်ကြည့်ပါမယ်။ ပတ်သွားလို့ရရင် ပတ်သွားပါမယ်။ နောက်ဆုံး ဘယ်လိုမှ မရဘူးဆိုရင်တော့ ခေါင်းကွဲလို့သွေးခြင်း ခြင်းရဲပါစေခေါင်းနဲ့တိုက်ရပါမယ်။ ဒါမှသာ အုတ်တံတိုင်းရဲ့အပြင်ဘက်က သာယာလှပတဲ့ လောကအသစ်ကို မြင်ရမှာ ဖြစ်ပါတယ်။ လောကအသစ်ကို သွားနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ခြေထောက်တွေကို နောက်ပြန်မလှည့်မိပါစေနဲ့ မဖြစ်နိုင်ပါဘူးကွာဆိုပြီး နောက်ပြန်လှည့်လိုက်ရင်တော့ ဒုံရင်းကဒုံရင်းသာ ဖြစ်သွားပါလိမ့်မယ်။လောကမှာအကြောက်တရားကို ခေါင်းငုံ့ပြီး ရှင်သန်နေထိုင်ရတာဟာ ရှက်ဖို့ကောင်းပါတယ်။ အကြောက်တရားကို အပြန်အလှန်ရင်ဆိုင်တိုက်ခိုက်ပြီး ရှင်သန်ခြင်းကသာ မြင့်မြတ်တဲ့ အသက်ရှင်သန်ခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။