(၁)
လောကဓာတ်တွေ ဖောက်ပြန်ပုံများ ပြောပါတယ်။ မဟာရန်ကုန်မှာ ဆောင်းရာသီဆိုပြီး လေတွေ ဘယ်ကတိုက်လိုက် ညာက တိုက်လိုက်နဲ့။ မနက်စောစောမှာ ဥဩအော်သံ ကြားလိုကြားရ။ အဝေးကြီး လိုသေးတဲ့နွေကို မြန်မြန်အနားလာဖို့ ခေါ်နေသလိုလို။ ဒီကြားထဲ မကြားချင်ပါဘူးဆိုမှ နားဝကို ရောက်ရောက်လာတာက မီးသတ်ကား ဥဩသံ။
(၂)
ပူလောင်ဆူညံ မွန်းသိပ်ကျပ်ပိတ်နေတဲ့ မြို့ပြရဲ့အရိပ်တွေနဲ့ဝေးရာကို ပြေးထွက်မယ် ကြံလိုက်တော့ သတိရမိတာက အမေ့အိမ်။ အမေ့အိမ်ရှိရာ အမေ့ရွာ။ အမေ့ရွာက အမေ့အိမ်မှာ အမေ မရှိတော့ပေမယ့် အမေ့ရဲ့ အရိပ်တွေရှိတယ်။ အမေ့ရဲ့ရင်ခွင်ကို ခိုဝင်ရသလို ခံစားရတယ်။ ဆောင်းတွင်း အပြင်မှာ ဘယ်လောက်အေးအေး အမေ့ရင်ခွင်က နွေးတယ်။ နွေနေ ဘယ်လောက်ပူပူ အမေ့ရင်ခွင်ကအေးတယ်။
(၃)
ပြောရရင် ရွာကို ရန်ကုန်ကနေ ကားစီးစီး၊ ရထားစီးစီး နေ့ဝက်ကျော်ခရီးသွားရတာ။ ပြီးမှ ကားဂိတ်ကနေဖြစ်ဖြစ်၊ ဘူတာကနေဖြစ်ဖြစ် ထပ်ဆင့်ခရီးနှင်ရတာ။ အရင်တုန်းက မြင်းလှည်းတွေနေရာမှာ မော်တော်ဆိုင်ကယ် ကယ်ရီတွေ အများကြီးဖြစ်လာပြီ။ အဲဒီတော့ မြေကြောကျုံ့သွားတာပ၊ မြန်မြန် ရောက်တာပ။
(၄)
ရွာထိပ်က ဇရပ်ကြီး ဟည်းဟည်းထနေတာ အဝေးက မြင်နိုင်တယ်။ ဇရပ်ကြီးကို လှမ်းမြင်ရင် ရွာရောက်လုပြီ ပြောလို့ရတယ်။ တခြားရပ်ရွာကလာပြီး ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ လူသစ်တွေကို ရွာနာမည်ပြောလို့ မသိရင်တောင်မှ လမ်းပြောပြပြီး ဇရပ်ကြီးရှိတဲ့ရွာဆို အိုကေပါရော။ အဲသလောက်ကို ဇရပ်ကြီးက ထင်ရှားတာ။ အဲဒီထင်ရှားတဲ့ ဇရပ်ကြီးမှာ ရာဇဝင်ရှိတယ်။
(၅)
ပြောတော့သာ ရာဇဝင်၊ တကယ်တမ်း စာနဲ့ပေနဲ့ အက္ခရာတင်ထားတာ ဘာမှမရှိဘူး။ ဘာအထောက်အထားမှ မရှိပေမယ့် ပါးစပ်ရာဇဝင်ရှိတယ်။ သက်ကြီးစကား သက်ငယ်ကြား မှတ်သားရတာပ။ အမေက မှတ်ဉာဏ်အင်မတန် ကောင်းတာ။ စာဖတ်ကလည်း ဝါသနာပါတယ်။ ဖတ်ပြီးသမျှလည်း မှတ်မိတယ်။ စီကာစဉ်ကာလည်း ပြောတတ်တယ်။ ဒီဇရပ်ကြီးအကြောင်းလည်း အမေပြောပြတာ မှတ်သားထားတာ။
(၆)
ဟိုအရင်တုန်းက ရွာထိပ်မှာ ဘာအဆောက်အအုံမှမရှိဘူး။ စားကျက်မြေကွင်းကြီးရှိတယ်။ ရွာက ကျွဲနွားတိရစ္ဆာန်တွေ လွှတ်ကျောင်းတဲ့နေရာပေါ့။ နောက်တော့ လူအဖြတ်အသန်း များတာကတစ်ကြောင်း၊ ထင်းခွေရာမှာ တောထဲအထိ သွားခွေရမှာ ပျင်းတဲ့လူတွေရဲ့လက်ချက်ကတစ်ကြောင်းနဲ့ ကြာတော့ သစ်ပင်တွေ ကျဲပါးလာရာကနေ ကွင်းပြောင်ပြောင် ဖြစ်သွားခဲ့တာ ကွင်းပြင်ကျယ်ဖြစ်သွားပေမယ့် ဘယ်သူကမှ ခြံစည်းရိုးခတ်ပြီး မောင်ပိုင်မစီးဘူး။ ဆိုင်းဘုတ် မထောင်ဘူး။
ရွာထိပ်မှာ ဇရပ်ကြီးပေါ်ပေါက်လာတာ သူကြီးဦးရွှေရိုး လက်ထက်ပေါ့။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် နှစ်တော်တော် ကြာကြာကပေါ့ဗျာ။ သူကြီးက နာမည်နဲ့လိုက်အောင် ရိုးရှာပါတယ်။ သူ့ရဲ့ရိုးဂုဏ်ကို သပြုသီးမြို့အုပ်ကနေ ထောက်ခံပြီး မျက်နှာဖြူသခင်ကြီးများဆီ အဆင့်ဆင့်တင်ပေးလိုက်တာ တိုတိုပြောရစို့ရဲ့။ သူကြီးဦးရွှေရိုး နှစ်လုံးပြူးသေနတ်ကြီး ဆုရပါလေရော။
အရင် သူကြီးခပ်ရိုးရိုး။ နှစ်လုံးပြူးကြီးလည်းရရော အချိုးတွေ ပြောင်းပါလေရော။ မပြောင်းခံနိုင်မလား၊ သူ့မှာရိုးတဲ့ စိတ်ကလေးသာရှိတာ။ ပညာက နုံ့နဲ့ရှာတယ်။ အဲဒီတော့ ကြောင်းကျိုးဆင်ခြင် ချင့်ချိန်နိုင်စွမ်းက မရှိဘူးပေါ့။ သူကြီးခေါင်းစဉ်တပ်ပြီး လူတွင်ကျယ်လုပ်ချင်တဲ့ ဆယ်အိမ်ခေါင်းတွေကလည်း မြှောက်ပေးတယ်။ ငါတို့ သူကြီးမင်း ကံထလာပြီ၊ ဘုန်းတက်လာပြီနဲ့ပေါ့။ အဲဒါကို သိပ်ကြည့်မရတဲ့ ကာလသားခေါင်းက ကွယ်ရာမှာ “ရွာသူကြီးဘုန်း၊ မိုးသို့ချုန်း၊ ပွေးပုန်းပေါင်မှာ မနေသာ” ဘာညာစာတွေ စပ်ကြ၊ ရွတ်ကြ၊ ရယ်မောကြနဲ့ပေါ့။
ရွာထဲ ဟိုနားဒီနားသွားရင် ဖိနပ်တောင် တစ်ခါတလေမှ စီးတဲ့သူကြီးဦးရွှေရိုး၊ နှစ်လုံးပြူးကြီး ရပြီးကတည်းက တိုက်ပုံမချွတ်တော့ဘူး။ ခေါင်းပေါင်း အမြဲပေါင်းပြီး ဘွတ်ဖိနပ်စီးတယ်။ ဆယ်အိမ်ခေါင်းတစ်ယောက်က နှစ်လုံးပြူးထမ်းပြီး လိုက်ရတယ်။ သူကြီးမို့ အဲသလို ထွက်လာပြီဆိုရင် ကလေးတဆူဆူ၊ ခွေးတအူအူနဲ့လို့ ပြောစမှတ်ပြုရတယ်။
(၇)
နှစ်လုံးပြူးသေနတ်တော်ကြီးနဲ့ လမ်းသလားလို့ လအတော်ကြာလာတဲ့အခါ ဆယ်အိမ်ခေါင်းတစ်ယောက်က သူကြီးကို အကြံပေးတယ်။ တခြားဆယ်အိမ်ခေါင်းတွေကလည်း ဝင်ဆွေးနွေးတယ်။
“သူကြီးမင်း၊ သူကြီးမင်း နှစ်လုံးပြူးရှင် သူကြီးဖြစ်တာ တစ်နှစ်ပြည့်တော့မယ်နော်”
“အေးလကွာ”
“အဲဒီတော့ ပွဲလုပ်ကြရအောင် သူကြီးမင်း”
“လုပ်လကွာ”
“လုပ်တာက ရွာထိပ်ကကွင်းမှာ ကောင်းကောင်းလုပ်လို့ရတယ် သူကြီးမင်း၊ စည်ဖို့လိုတာ”
“စည်ဖို့ကတော့ လွယ်ပမောင်ရာ။ ဇာတ်ကောင်းကောင်းထည့်၊ စာဟောဆရာ၊ ကွက်စိပ်ဆရာ ကောင်းကောင်းငှား၊ တရားပွဲ ကျကျ နနလုပ် ကွင်းတောင်လျှံသွားဦးမယ်”
“အေး အဲဒါတွေငှားဖို့ ပိုက်ဆံကရော”
“ပိုက်ဆံက လွယ်ပါတယ်။ သူကြီးမင်း သဘောတူခွင့်ပြုရင် ကျန်တာ ကျွန်တော်တို့ တာဝန်ထားလိုက်ပါ”
ဒီလိုနဲ့ ပွဲအတွက် စလုပ်ကြတော့တယ်။
(၈)
ပထမဦးဆုံး အဆင့်အနေနဲ့ ရွာသားတွေဆီက ပိုက်ဆံကောက်တယ်။ အလှူခံတယ်။ ကိုယ့်ရွာဂုဏ်တက်ရေးအတွက် မနှေးပါဝင် လှူဒါန်းကြပါဆိုပြီး ချော့တယ်။ မထည့်လို့ ကတော့ကွာဆိုပြီး ခြောက်တယ်။ မြို့တက်ပြီး ဘိုလိုရိုက်ထားတဲ့ ကျေးဇူးတင်ဂုဏ်ပြလွှာ လက်မှတ်ကြီးတွေမှာ ဘီလစ်စာရေးကြီးက မြို့အုပ်ကိုယ်စား ခပ်တည်တည်နဲ့ လက်မှတ် ထိုးထားတာတွေပေးပြီး မြှောက်တယ်။
ပြီးတော့ ကွင်းထဲမှာ အာဝါဒေးပွဲတော်ကြီး ကျင်းပတယ်။ နာမည်တပ်တော့သာ အာဝါဒေး၊ တစ်ကွင်းလုံးမှာ လောင်းကစား ဝိုင်းပေါင်းစုံကို တစ်ဝိုင်းဘယ်လောက်ဆိုပြီး ပိုက်ဆံကောက်ပြီး ခွင့်ပြုထားတာ။ ဒါတွေကိုသူကြီးမင်းရဲ့ ပွဲကြီးမတိုင်ခင် သုံးလေးလလောက် ကတည်းက လုပ်ထားတာ။
ငွေတိုးချေးတဲ့ ချစ်တီးတွေထဲက လည်လည်ဝယ်ဝယ် တစ်ယောက်ကလည်း သူကြီးဆီ လက်ဆောင်ပဏ္ဏာတွေနဲ့ လာတွေ့တယ်။ ဒီရွာမှာ သူကလွဲလို့ တခြားချစ်တီး လက်မခံဖို့အကြောင်းနဲ့ သူအလုပ်ဖြစ်လို့ရှိရင် စာချုပ်တစ်စောင်ကို ဘယ်လောက် သူကြီးမင်းရဲ့ ပွဲတော်အတွက် ထည့်ဝင်ပေးပါမယ့် အကြောင်း ကတိပေးတယ်။ နောက်ပိုင်းမှာလည်း ကတိတည်ပါတယ်။
(၉)
တစ်လသာသာ အချိန်အတွင်းမှာပဲ ရွာကလူတွေ အခြေအနေတော်တော် ယိမ်းယိုင်ကုန်ကြတယ်။ ပွဲအတွက် သူငါအပြိုင် နာမည်ကောင်းယူပြီး ထည့်ခဲ့တဲ့ ပိုက်ဆံလေးပြန်ရအောင်ဆိုပြီး သွားကစားတဲ့သူတွေ၊ နိမိတ်ကောင်းလို့ဆိုပြီး သုံးဆယ့်ခြောက်ကောင် ထိုးတဲ့သူတွေ၊ နီးနီးနားနားမှာ ပွဲတော်ရှိတုန်း ကစားရတာဆိုပြီး လက်တည့်ဝင်စမ်းသူတွေ၊ နဂိုကတည်းက ဝါသနာပါသူတွေ၊ အလံရှူး အဆွယ်ကောင်းလို့ ငွေရှာရတာတယ် လွယ်ပါလား ထင်သူတွေအားလုံး ရှုံးကြတာပေါ့။
လောင်းကစားဒိုင်တွေနဲ့အတူ ပြုံးနိုင်သူ တစ်စုကတော့ ဆယ်အိမ်ခေါင်းတွေနဲ့ သူကြီးမင်းပေါ့။ နာမည်အကြီးဆုံး ဇာတ်တွေ ပွဲတွေ ငှားမယ်၊ ထည့်မယ်။ အရင်သူကြီးတွေထက် သာပြီပေါ့။ အဲဒီမှာ ဆယ်အိမ်ခေါင်း တစ်ယောက်က မေးတယ်။
“သူကြီးမင်း ပွဲကြည့်ဖို့ ဘယ်လိုလုပ်မလဲ”
နောက်တစ်ယောက်က ဖြေတယ်။
“ဖျာခင်း၊ ကော်ဇောခင်း ပြီးရောပေါ့ကွာ” တဲ့။
အဲဒီမှာတင် ပထမဆယ်အိမ်ခေါင်းက ပြောတယ်။ ရှေးဘုရင်တွေ လက်ထက်တော်မှာ အဆောင်တွေ ဘယ်လိုထားကြောင်း ဘာညာနဲ့ရှင်းတယ်။ နောက်ဆုံးတော့ သူကြီးမင်း ပွဲရှုစားဖို့ ဇရပ်ကြီးဆောက်ဖို့ ဖြစ်လာတယ်။ လက်သမားနဲ့ ပန်းရန်အဖွဲ့ လက်ကိုင်ရှိတဲ့ ဆယ်အိမ်ခေါင်းက ပျော်တာပေါ့။ ပိုက်ဆံလည်းရ၊ ဇရပ်ကြီး ဟည်းဟည်းထအောင် မြန်မြန်ဆောက်နိုင်လို့ နာမည်လည်းရတာကိုး။
သူကြီးကတော်လည်း ပျော်တာပါပဲ။ မပျော်နေပါ့မလား။ လက်ဆောင်တွေရ၊ ဆယ်အိမ်ခေါင်းတွေက ကန်တော့ကြနဲ့ အိမ်အိုအိမ်နုတ် ခပ်စုတ်စုတ်ကလေးနေရာမှာ လေးပင်ပတ်လည် နှစ်ဆောင်ပြိုင်၊ နှစ်ထပ်အိမ်ကြီး ဝုန်းခနဲဖြစ်လာတာကိုး။
ဒါဖြင့်ရင် ရွာသားတွေရော။
(၁၀)
ရွာသားတွေအများစုကတော့ ဒုက္ခနဲ့လှလှနဲ့ တွေ့ကြတာပေါ့။ ကစားဖို့ အရင်းမရှိတော့လို့ ပွဲတော်မှာ ဝတ်ကောင်းစားလှဝတ်ဖို့ အဝတ်သစ်အစားသစ်ဝယ်ဖို့ ပိုက်ဆံမရှိတော့လို့ ပိုက်ဆံရှာကြရပါတော့တယ်။ ရှာရတာလည်း လွယ်ပါတယ်။ ချစ်တီးက အနားတင် အဆင့်သင့်၊ စာချုပ်မှာ ကြက်ခြေခတ်ခတ်၊ လက်ဗွေနှိပ်နှိပ်၊ လက်မှတ်ထိုးထိုးပြီးပြီ။ သူကြီးမင်း ရှေ့တော်မှောက်မှာ လွယ်လိုက်သမှ။
ဒီလိုနဲ့ ပွဲတော်ရက်ရောက်လာရော။ တရားနာ သာဓုခေါ်ပြီး သေရင် ဒါနတန်ခိုးနဲ့ နတ်ပြည်ရောက်ပဟဆိုပြီး ပျော်ကြတယ်။ စာဟောဆရာရဲ့ စကားလုံးတွေမှတ်ပြီး အချင်းချင်း ဆရာလုပ်ကြတယ်။ ဇာတ်ကို အလင်းပေါက်ကြည့်ပြီး စမြုံ့ပြန်ကြတယ်။
ပွဲတော်ကြီးကလည်း စည်ကားလိုက်သမှ ရွာနီးချုပ်စပ်ကပါ ရင်သပ်ရှုမောအံ့ဩစွာနဲ့ လာကြရတယ်။ သက်ကြီးရွယ်အိုတွေ အဆိုအရ ဒီလောက်စည်ကားခမ်းနားတဲ့ ပွဲတော်ကြီးမျိုး သူတို့တစ်သက် မကြုံဖူးဘူးတဲ့ နောက်တစ်ကြိမ် ကြုံဖို့လည်း မလွယ်ဘူးတဲ့။ သူကြီးမင်းဦးရွှေရိုးရဲ့ ဘုန်းတန်ခိုးကြောင့်သာ ဒါမျိုးမြင်တွေ့ခွင့်ရတာတဲ့။
ပွဲတော်ကြီးလည်းပြီးသွားရော ဇာတ်စင်တွေ၊ လောင်းကစားဝိုင်းတွေ ပျောက်သွားတယ်။ ရွာသားတွေ ကျွဲပျောက်၊ နွားပျောက်၊ အိမ်ပျောက်၊ လယ်ပျောက်ဖြစ်ကုန်တယ်။ ကိုယ့်ရွာမှာ ဆက်နေရမှာ ရှက်လှချည်ရဲ့ဆိုပြီး ရောက်ရာပေါက်ရာ ထွက်သွားသူတွေရှိသလို ကိုယ့်လယ်မှာ ကိုယ်သူရင်းငှား ပြန်လုပ်ကြရတဲ့ သူတွေလည်း မနည်းဘူး။
“ပွဲတော်လည်းပြီး ရွာကြီးလည်းပျက် ဖြစ်သွားတာပေါ့ သားရယ်”
အမေက ပြောပြတယ်။
“ဒါနဲ့သူကြီးရောအမေ”
“သူကြီးလည်း သေတာပါပဲကွယ်။ သေတာတောင်မှ ကောင်းကောင်းမွန်မွန် အသက်မထွက်ရပါဘူး။ မျက်လုံးကြီးပြူး ချွေးသီးချွေးပေါက်တွေကျပြီး ဇရပ်ကြီးပြိုပဟေ့၊ ပြေးကြပြေးကြ အော်ရင်း အသက်ထွက်သွားတာ။ မကျွတ်မလွတ်ဘဲ ဇရပ်စောင့် သရဲကြီးတောင်ဖြစ်သွားတာ။ စစ်ပြီးတော့မှ မခြောက်တော့တာကွဲ့”
(၁၁)
ဘကြီးတစ်ယောက်က အဲဒီဇရပ်ကြီးကို “ရွာဦးကျက်သရေဆောင် ဇရပ်တော်ကြီး” လို့ နာမည်ပေးထားတယ်။ ခေါ်ရတာ ရှည်လျား လွန်းလှတာနဲ့ ရွာသားတွေကြားမှာ “ရွာဦး ကျက်သရေ” လို့ပဲ တွင်ပါတော့တယ်။
ရွာဦးကျက်သရေကြီးမှာ ရာဇဝင်ရှိပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ရှိပါတယ်။ ဒီရွာဦးကျက်သရေကြီး မပျက်စီးအောင် ဆက်ပြီး ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။ ဒါမှ ရာဇဝင်ဇာတ်လမ်း အစုံအလင်ကို နောင်လာ နောက်သားတွေ ပြောပြရင် ပိုပြီးပီပြင်ပေမပေါ့ဗျာ။