လွတ်လပ်ရေး၏ ဖွားဖက်တော်ဟု ဆိုနိုင်သည့် ပြည်တွင်းစစ်နှင့်အတူ ပြည်သူလူထုသည် လွတ်လပ်ရေးအလွန် ခေတ်တစ်လျှောက် နပန်းလုံးနေရဆဲဖြစ်သည်။ မြန်မာနိုင်ငံနှင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို မျက်နှာမူသော နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ အကျုံးဝင်သည့် ဘက်စုံအခင်းအကျင်း၏ အသက် သို့မဟုတ် သော့ချက်သည် ပြည်တွင်းငြိမ်းချမ်းရေးပင် ဖြစ်သည်။ စစ်အင်အားပြသခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ဆောက်ရာ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဖြင့်သာ တည်ဆောက်ရာ၏။ လတ်တလော နိုင်ငံရေးအခင်းအကျင်းတွင် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသော သော့ချက်ပုဂ္ဂိုလ်များ၏ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည် ဗိုလ်ရှုသဘင် အခမ်းအနားထက် ပိုမိုပဓာနကျသည်။
၁၉၆၂ ခုနှစ်နောက်ပိုင်း ၅၃ နှစ်အတွင်း ပထမဆုံးဗိုလ်ရှုသဘင်ကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ ဗိုလ်ရှုသဘင် အခမ်းအနားကျင်းပသည့် အဆောက်အအုံကို နိုင်ငံတော်ဘဏ္ဍာ သို့မဟုတ် ပြည်သူ့ဘဏ္ဍာ ကျပ်သန်းပေါင်း ၆၄ဝဝ (အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်) အကုန်အကျခံ တည်ဆောက်ခဲ့သည်။ ဗိုလ်ရှုသဘင်ကို ပြည်သူ့ဘဏ္ဍာဘီလျံချီ အကုန်အကျခံ ကျင်းပနေသည့် အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် ဂျီဒီပီအပေါ် အခြေပြုတွက်ချက်သော လူတစ်ဦးချင်းဝင်ငွေအရ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဝင် ၁ဝ နိုင်ငံတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် လောနိုင်ငံတို့နောက် အောက်ဆုံးအဆင့်တွင် ရှိနေသည်။ အရှေ့တောင်အာရှဒေသ၌ အဆင်းရဲ၊ အမွဲတေဆုံး နိုင်ငံတစ်နိုင်ငံတွင် ဗိုလ်ရှုသဘင်ကဲ့သို့ အခမ်းအနားမျိုးကို ပြည်သူ့ဘဏ္ဍာ ဘီလျံချီ အကုန်အကျခံ ကျင်းပခဲ့ခြင်းအပေါ် အစိုးရ၊ လွှတ်တော်များနှင့် သတင်းမီဒီယာများအနေဖြင့် ပြည်သူလူထုအကျိုးကို ရှေးရှုလျက် မဖြစ်မနေ မေးခွန်းထုတ် စောကြောရမည်ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရနှင့် အာဏာရပြည်ခိုင်ဖြိုးပါတီတို့၏ အောင်ပွဲအစစ်အမှန်သည် ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်မှုနှင့် ဆက်စပ်နေသည်။ မြန်မာ့တပ်မတော်၊ အစိုးရဝန်ကြီးဌာနပေါင်းစုံနှင့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၏ ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်သော ဗိုလ်ရှုသဘင် အခမ်းအနားသည် အစိုးရနှင့် အာဏာရပါတီ၏ ပြည်သူလူထုကို မျက်နှာမူသော အောင်ပွဲမဟုတ်သည့်နည်းတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ အုတ်မြစ်ကောင်းတစ်ခုလည်း မဟုတ်သည်မှာ သိသာမြင်သာသည်။ အကယ်စင်စစ် တိုင်းရင်းသားပြည်သူလူထု အနေဖြင့် “ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင်ကိန်း” ဆိုက်နေသည့် သဘောသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။
လွတ်လပ်ရေးအလွန် ပါလီမန်ဒီမိုကရေစီခေတ်တွင် ဗိုလ်ရှုသဘင် အခမ်းအနားများကို ကျင်းပခဲ့သည့်အလျောက် လတ်တလောကာလ၌ ဗိုလ်ရှုသဘင် အခမ်းအနားကို ပြန်လည်ကျင်းပခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်သော အစဉ်အလာလုပ်ဟန် တစ်ခုအဖြစ် ကောက်ချက်ပြုမည်ဆိုလျှင် ကြောင်းကျိုးခိုင်လုံမှု မရှိနိုင်ပါ။ အကယ်စင်စစ် ဗိုလ်ရှုသဘင် အခမ်းအနားသည် ပြည်သူ့ဘဏ္ဍာကို သုံးစွဲလျက် အစိုးရ၏ အင်အားပြပွဲသက်သက်သာ ဖြစ်ခဲ့သည်မှာ ရှေးကတည်းကဟု သုံးသပ်နိုင်သည်။ ၂ဝ၁၅ ခုနှစ် ဗိုလ်ရှုသဘင်သည်လည်း အစိုးရ၊ မြန်မာ့တပ်မတော်နှင့် အာဏာရပါတီတို့၏ အင်အားပြပွဲသက်သက် ဖြစ်နေသည်မှာ ငြင်းမရနိုင်ပေ။
ဗိုလ်ရှုသဘင် အခမ်းအနားကျင်းပမည့် အဆောက်အအုံ တည်ဆောက်ရေး ကုန်ကျစရိတ် ဘီလျံ ၆ ဒသမ ၄ ကျပ်ကို ဆင်းရဲမွဲတေမှုလျော့ချရေး ဦးတည်လျက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးဒေသ တစ်ခုတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့မည်ဆိုလျှင် ပြည်သူလူထုကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုစေ ရင်ခုန်စေနိုင်ဖွယ်ရှိသည်။ လက်ရှိအခင်းအကျင်းမှာမူ ဆင်းရဲမွဲတေမှုနွံနစ်မျောနေဆဲ ပြည်သူအများစုကြီးနှင့် ကင်းလွတ်လျက်၊ အင်အားပြလိုစိတ် ကဲလွန်းသော ပွဲတစ်ပွဲအဖြစ်သာ ရှုမြင်ရဖွယ်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှစ် အပစ်အခတ်ရပ်စဲရေးနှစ်နှင့် ရွေးကောက်ပွဲ နှစ်ဖြစ်လာမည့် ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်း၌ ဗိုလ်ရှုသဘင် ကျင်းပခဲ့ခြင်းသည် ဆင်းရဲမွဲ တေမှု နွံနစ်နေသော အောက်ခြေမြန်မာပြည်သူ လူထုအများစုကြီး၏ ပခုံးထက်တွင် အသုံးစရိတ် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ထပ်ပိုးလိုက်ခြင်းပင်ဖြစ်သည်။ နိုင်ငံရေးအရ မြင့်မြင့်မားမား အရေးကြီးသောနှစ်တွင် မြန်မာ့တပ်မတော်၏ အင်အားပြမှုကဲသော ဗိုလ်ရှုသဘင်သည် အစိုးရ၊ အာဏာရပါတီနှင့် မြန်မာ့တပ်မတော်အကြား စစ်ဗိုလ်ချုပ်ဟောင်းများနှင့် စစ်ဗိုလ်ချုပ်ကြီးများအကြား၊ လက်ချင်းမြဲမြဲ ချိတ်ထားလျက် ယုံကြည်မှုနှင့် နားလည်မှု အမြင့်မားဆုံး ရှိနေကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြသမှုလည်း ဖြစ်ကောင်းဖြစ်မည်ဟု သုံးသပ်နိုင်သည်။
မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ဗျူဟာမြောက် အရေးတကြီး လိုအပ်နေသည်မှာ ဗိုလ်ရှုသဘင်မဟုတ်။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးပင်ဖြစ်သည်။ လွတ်လပ်ရေးနေ့ကို အလေးအနက် အထိမ်းအမှတ်ပြုလျက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားသော လေးပွင့်ဆိုင် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်မှ အဆိုပြုထားသော ခြောက်ပွင့်ဆိုင်တစ်ခုခုကို ဖော်ဆောင်နိုင်ခဲ့ မည်ဆိုလျှင် နိုင်ငံရေးအရ ပိုမိုအကြောင်း ညီညွတ်နိုင်သည်။ နိုင်ငံတော်သမ္မတသည် တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းကို မိန့်ခွန်းထဲ ထည့်ပြောရုံသက်သက်မဟုတ်။ ရေရှည်အမြင်ရှိရှိ၊ လက်တွေ့ကျကျ ဖော်ဆောင်လာနိုင်မည်ဆိုလျှင် နိုင်ငံရေးအရ ဗျူဟာပိုမြောက် လာနိုင်ဖွယ်ရှိသည်။
ဗိုလ်ရှုသဘင် အခမ်းအနားသည် အောက်ခြေ မြန်မာပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားမပြုသည်မှာ သိသာမြင်သာသည်။ အစိုးရ၊ လွှတ်တော်များ၊ မြန်မာ့တပ်မတော်နှင့် အာဏာရပြည်ခိုင်ဖြိုးပါတီတို့ကို အဓိကကိုယ်စားပြုလျက်၊ အသားပေး အကွက်ရွေ့လျက် ဗိုလ်ရှုသဘင်ကို အသက်သွင်းခဲ့သည်မှာ ပကတိ အခြေအနေမှန် ဖြစ်ပုံရသည်။ အောက်ခြေပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူရည်တူရေး၊ စားဝတ်နေမှု ချောင်လည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့၏ အဖြေသည် ဗိုလ်ရှုသဘင်တွင် ရှိမနေနိုင်သည်မှာလည်း သိသာမြင်သာသည်။
အချုပ်အားဖြင့်ဆိုသော် အကြီးအကဲများ၊ သော့ချက်ပုဂ္ဂိုလ်များ အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ၊ နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲတို့ကို ဗိုလ်ရှုသဘင်ပွဲထက် ပိုမိုရှေ့တန်းတင်ရန် လိုအပ်မည်ဖြစ်သည်။ လာမည့် လွတ်လပ်ရေးနေ့ အပါအဝင် နိုင်ငံတော် အထိမ်းအမှတ်နေ့များတွင် ပြည်သူ့ဘဏ္ဍာများစွာ အကုန်အကျခံလျက် အခမ်းအနားသဘင်များ ဆင်ယင်ကျင်းပခြင်းထက် ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများကို ရေရှည်အမြင်ရှိရှိ ကျင်းပသင့်ကြောင်း တိုက်တွန်းလိုပါသည်။ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် သေရေးရှင်ရေးတမျှ အရေးတကြီး လိုအပ်နေသည်မှာ သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို အခြေပြုသည့် တွေ့ဆုံဆွေးနွေး အဖြေရှာရေး အလေ့အထကောင်းဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေးသည် ဗိုလ်ရှုသဘင်ထက် ဗျူဟာမြောက် ပိုမိုအရေးကြီးသည့် အလျောက် မရောင်ရာဆီလူးသည့် ခြေလှမ်းများကို နောက်နောင်ဆင်ခြင်လျက် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေ့တန်းတင်ကာ၊ ရေရှည်အမြင်ရှိရှိ ပုံဖော်သင့်ပါကြောင်း တိုက်တွန်းဆော်ဩ လိုက်ရပါသည်။