လက်ကျန် နိုင်/စစ် ကော်မတီကို ကော်မတီဝင်များ ထပ်မံထည့်သွင်းကာ နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီအဖြစ် ပြင်ဆင်ဖွဲ့စည်း

လက်ကျန် နိုင်/စစ် ကော်မတီကို ကော်မတီဝင်များ ထပ်မံထည့်သွင်းကာ နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီအဖြစ် ပြင်ဆင်ဖွဲ့စည်း
Published 6 January 2015
ဇာလီမြင့်ဦး

အစိုးရနှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ကော်မတီများမှ ပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို ကော်မတီဝင်များ ထပ်မံထည့်သွင်း၍ နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။နိုင်ငံရေး အကျဉ်းသားများ၏ အရေးကိစ္စများနှင့် ပတ်သက်၍ လျင်လျင်မြန်မြန် အောက်ခြေအဆင့်အထိ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးမှ ဇန်နဝါရီ ၅ ရက်က အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၅) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၂၀၁၃ ခုနှစ် မေတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့် ယခင် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီသည် ကော်မတီ၏ ခေါင်းစဉ်အရ နောက်ပိုင်း ဖြစ်ပွားလျက်ရှိသည့် နိုင်ငံရေးအကျဉ်းသားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခွင့် မရှိခဲ့ကြောင်း သိရသည်။
အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အသေးစိတ် ဘာမှမသိရသေးပါဘူး။ ဘယ်သူတွေပါတယ် ဆိုတာလဲ မသိရသေးဘူး။ အဖွဲ့ဝင် ၂၈ ဦးနဲ့ ပြန်လည် ဖွဲ့စည်းလိုက်တာပဲ သိရပါသေးတယ်။ ကျွန်တော်တို့က နဂိုကတည်းက နောက်ကော်မတီ အသစ်တစ်ခု ဖွဲ့မယ်ဆိုရင် ဒီကော်မတီမှာ ပါဝင်တဲ့သူ အကုန်လုံးဟာ လုပ်နိုင်၊ ကိုင်နိုင်စွမ်း ရှိတဲ့သူတွေ၊ နောက် နိုင်ငံရေးအကျဉ်းသား အရေးကို ပြောဆိုဆွေးနွေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပြီး သေသေချာချာ ဖွဲ့စည်းစေချင်တယ် . . . . .

ထို့အတွက် ဇူလိုင် ၂၆ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဗဟိုဌာန၌ ပြုလုပ်သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ၏ အစည်းအဝေး၌ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံရေး ပုဒ်မများဖြင့် အရေးယူခံရမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ နယ်ပယ်စုံမှ ပါဝင်သော ကော်မတီတစ်ခု ထပ်မံဖွဲ့စည်းကာ ဆွေးနွေးသွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။“ပြီးခဲ့တဲ့နှစ်က နောက်ဆုံး အစည်းအဝေးပွဲမှာတော့ ကျွန်တော်တို့ တစ်ခုပြောထားတာတော့ ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ ကော်မတီရဲ့ ခေါင်းစဉ်က လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဆိုတာ ကျဉ်းမြောင်းစေတယ်ပေါ့။ လက်ကျန်နိုင်ငံရေး အကျဉ်းသားက ၂၀၁၃ ရှေ့ပိုင်းဆိုတော့ ဒီ ၂၀၁၄ မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ဟာ ကော်မတီရဲ့ ဘောင်အရ ဆွေးနွေးခွင့်မရဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် ကျွန်တော်တို့ လက်ကျန်ဆိုတဲ့ စကားလုံးကိုဖြုတ်ဖို့ နောက်လိုအပ်ရင် ကော်မတီအသစ်တစ်ခု ဖွဲ့ပြီး ဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်တို့က ဆွေးနွေးထားတာ ရှိပါတယ်။ ဒါပေမဲ့ အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အသေးစိတ် ဘာမှမသိရသေးပါဘူး။ ဘယ်သူတွေပါတယ် ဆိုတာလဲ မသိရသေးဘူး။ အဖွဲ့ဝင် ၂၈ ဦးနဲ့ ပြန်လည် ဖွဲ့စည်းလိုက်တာပဲ သိရပါသေးတယ်။ ကျွန်တော်တို့က နဂိုကတည်းက နောက်ကော်မတီ အသစ်တစ်ခု ဖွဲ့မယ်ဆိုရင် ဒီကော်မတီမှာ ပါဝင်တဲ့သူ အကုန်လုံးဟာ လုပ်နိုင်၊ ကိုင်နိုင်စွမ်း ရှိတဲ့သူတွေ၊ နောက် နိုင်ငံရေးအကျဉ်းသား အရေးကို ပြောဆိုဆွေးနွေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပြီး သေသေချာချာ ဖွဲ့စည်းစေချင်တယ်ဆိုပြီး အကြံပေးထားတာ ရှိပါတယ်” ဟု ယခင်လက်ကျန် နိုင်/စစ် ကော်မတီဝင် တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။ယခင် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးအောင်သိန်းတို့က တာဝန်ယူခဲ့ပြီး အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်သော ၁၉ ဦး ကော်မတီအဖြစ် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ကာ ကော်မတီသက်တမ်း တစ်နှစ်ခွဲကျော် ကာလအတွင်း အစည်းအဝေး ၁၄ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး လက်ကျန် နိုင်ငံရေးအကျဉ်းသား ရှိမရှိ စိစစ်ခဲ့ကြသည်။  ယခု ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီကို အဖွဲ့ဝင် ၂၈ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက တာဝန်ယူထားကာ ယခင်ကော်မတီဟောင်းမှ အဖွဲ့ဝင် အများအပြား ပြန်လည်ပါဝင်ခဲ့သော်လည်း သမ္မတရုံး ဝန်ကြီးဌာနမှ တာဝန်ရှိသူ အချို့မှာမူ ပါဝင်ခြင်း မရှိတော့ကြောင်း သတင်းရရှိသည်။ကော်မတီဝင်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ စသည့် ပါတီ ၁၆ ခုမှ ပုဂ္ဂိုလ်များ အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent