ဂျပန်ခေတ် (၁၉၄၂-၁၉၄၅ ဧပြီထိ) က တစ်ရက်မှာ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီး သခင်နုထံသို့ ရောက်လာသည်။ ကိစ္စနှင့်လာခြင်း ဖြစ်သည်။ ယင်းကိစ္စက စင်စစ် အသေးအမွှားပင်။ သို့သော် ယင်းအသေးအမွှားက အရေးထားစရာလို ဖြစ်လာသည်။ ဂျပန်စစ်သား တစ်ယောက်၏ မထီမဲ့မြင်ပြုပုံက အစ အမှိုက်ကစ ပြာသာဒ်မီးလောင် လာတော့မည့် ပုံမျိုးပင်။တစ်နေ့တွင် ဗမာစစ်သားအချို့ကို ရန်ကုန်ရှိ လူသွားလူလာ ထူထပ်သော အရပ်တွင် ချထားသည်။ ယင်းကာလမှာ မဟာမိတ် ဗြိတိသျှလေယာဉ်တွေက ရန်ကုန်သို့ မကြာခဏ ဗုံးလာကြဲကြသည်။ ယင်းသို့ ဗုံးလာကြဲတိုင်း လေကြောင်းရန် ကာကွယ်ရေး ဥသြ မှုတ်ရသည်။ ယင်းအခါ လူတိုင်း စည်းကမ်းသေဝပ် လိုက်နာအောင် ဗမာစစ်သားတွေကို ချထားခြင်းပင်။ထိုတစ်နေ့ နေ့လယ်လောက်မှာ လေကြောင်းဥသြမှုတ်၏။ ဗုံးခိုကြရန် ဗမာလမ်းသွားလမ်းလာတို့ကို ပြော၍ရသည့်တိုင် ဂျပန်တစ်ယောက်က ခေါင်းမာနေသည်။ ဥသြပေးသော်လည်း သူသည် ဂျပန်ဖြစ်နေ၍ အခွင့်ထူးခံအဖြစ် သူ့ကို သွားခွင့်ပြုရမည်။ ဗမာစစ်သားက ပြောသည်ကို မလိုက်နာနိုင်ဟု ပေခံနေသည်။ဗမာစစ်သားတို့ ဘက်ကတော့ ရှင်းလင်းပြတ်သားသည်။ မိမိတို့သည် ဝတ္တရားအတိုင်း ဆောင်ရွက်ခြင်းသာ ဖြစ်သည်။ မလိုက်နာက ဂျပန်မကလို့ ဂျပန့်ဘိုးအေ ဖြစ်ပါစေ မသွားရဘူးဟု တား၏။ ယင်းသည်ပင် ပဋိပက္ခအစ ပြုခြင်းဖြစ်၏။ ခေါင်းမာသော ထိုဂျပန်သည် တားမြစ်သည့် ဗမာစစ်သားရှိရာသို့ ရန်ပြုရန် ပြေးလာ၏။ ဗမာစစ်သားကလည်း နဂိုကတည်းက ဗိုလ်ကျသော အာဏာပြသော ဂျပန်တွေကို မျက်မုန်းကျိုးနေလေရာ ယခု တရားဝင် အမိန့်ရထားသည်ကို ရောင့်တက်လာတော့ ယင်းဂျပန်ကို သည်းမခံတော့။ ဗမာစစ်သားသည် ပြေးလာသော ဂျပန်ရင်ဝကို လံှစွပ်နှင့် လှမ်းထောက်လိုက်၏။ သိပ်တော့မများပါ။ လံှစွပ်ဖျားက ဂျပန်ရင်ဝကို လက်လေးသစ်လောက်ဝင်သွား၏။ဤသတင်းသည် နိုင်ငံခြားရေးဝန်ကြီး သခင်နုဆီသို့ ရောက်လာ၏။ ဖြစ်စဉ်ကရှင်း၏။ ဗမာစစ်သားသည် ဝတ္တရားအရ ဆောင်ရွက်ရသူဖြစ်၍ ဂျပန်က အပြစ်ကျူးလွန်သူပင်။ အကယ်၍ ဂျပန်စစ်သားက တာဝန်ကျပြီး ဗမာစစ်သားက စည်းဖောက်ပါက လှံစွပ်နှင့် အထိုးခံရရုံမျှမက အဖမ်းပင် ခံရဦးမည်ဟု သခင်နုတွေးလျက် ခပ်အေးအေးပင် နေလိုက်၏။မအေးသူက ဗမာအစိုးရကိုနှိမ်ရန် အမြဲ ကြံစည်နေသည့် ဂျပန်အရာရှိ အစ္စမိုးရားပင်။ အစ္စမိုးရားက ဘီဒီအေစစ်တပ်က ဂျပန်အရာရှိတို့ကို ခေါ်၏။ ဂျပန်ကို လှံစွပ်နှင့် ထိုးသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါက်တာဘမော် သို့မဟုတ် ဗမာအစိုးရအဖွဲ့က ဝန်ကြီးတစ်ဦးသည် ယနေ့ညတွင်းချင်းပင် အစ္စမိုးရားနှင့် ဂျပန်သံအမတ်တို့ကို သွားတောင်းပန်ရမည်ဟု ဗိုလ်ချုပ်အောင်ဆန်းထံသို့ မကောင်းသတင်းစကားကို အပြောလွှတ်လိုက်လေသည်။ယင်းကိစ္စကို သခင်နု သိသည့်အချိန်မှာ ည ၇ နာရီ ထိုးခါနီးနေပြီ။ သခင်နုထံသို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရောက်ရှိလာပြီးသော် ဤသို့ပြောပြလေသည်။“နေ့ခင်းက ဖြစ်တဲ့အမှုအတွက် ခွေးမသားတွေ (ဂျပန်တွေကို ဆိုလိုသည်)က သူတို့ကို တောင်းပန်ရမယ်တဲ့။ မတောင်းပန်ရင်ဘဲ ဂျပန်က ဗမာကို ဒီနေ့ည စစ်ကြေညာတော့ မလိုလို”ဗိုလ်ချုပ်စကားကြားတော့ သခင်နုသည် မခံချင်စိတ်ကို ထိန်းမရနိုင်လောက်အောင် ပွင့်ထွက်လာ၏။ သခင်နုစကားမှာ ဒေါသပါလာ၏။ “ဘာကိစ္စ တောင်းပန်ရမှာလဲ။ အမှန်စင်စစ် ဖြစ်ရမှာက ကိုယ့်ရုံးကနေ ဂျပန်သံအမတ်ကိုခေါ်ပြီး (ခင်ဗျားလူတွေ အင်မတန်ရမ်းတယ်။ နောင်ကို ဒီလိုဥပဒေ ကျူးလွန်ရင် ဒါထက်ပိုပြီး အရေးယူရလိမ့်မယ်) လို့ ကြိမ်းရမှာ။ ခုတော့ သူတို့ဆီသွားပြီး တောင်းပန်ရမယ်ဆိုတာက အတော်လွန်လွန်းနေပြီ။စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ငဖယ်လန်က ပြောင်းပြန်လုပ်လိုသော ဂျပန်တွေကို သည်းမခံချင်ပါ။ တော်လှန်ရေးကာလ မရောက်မချင်း သည်းခံနေရဦးမည်ကို ဗိုလ်ချုပ် ကောင်းကောင်း သဘောပေါက်ထား၏။ ယင်းကြောင့် ဤပြဿနာကို ဖြစ်နိုင်သော အေးချမ်းသည့်နည်းဖြင့် ဗိုလ်ချုပ်ရှင်းချင်နေသည်။ဗိုလ်ချုပ်က “ဒါတော့ ဒါပဲ” ဟု သခင်နုကို ပြောပြီး “ဒါပေမဲ့ ဒီခွေးမသားတွေ တစ်ခါတည်းကပ်ပြီး လိုက်နေတယ်။ အောက်မှာ ပါလာတယ်” ဟု အခြေအနေကို သခင်နုအား တင်ပြလိုက်လေသည်။သခင်နုသည် ချက်ချင်း သဘောပေါက်သွားသည်။ ဗိုလ်ချုပ်အောင်ဆန်း ထွက်ပေါက်ရအောင် “ဒီလိုဆိုရင် အဓိပတိ (ဒေါက်တာဘမော်)နဲ့ သွားပြီး တိုင်ပင်ကြည့်ရအောင်” ဟု ပြောရင်း အဝတ်လဲ၏။ယင်းနောက် ဗိုလ်ချုပ်နှင့် သခင်နုတို့သည် အဓိပတိ ဒေါက်တာဘမော်ဆီသို့ သွားရန် အိမ်အောက်သို့ ဆင်းလာကြ၏။ သူတို့ နှစ်ဦးသည် မော်တော်ကားထဲသို့ ဝင်မည်အပြုမှာ မှောင်ရိပ်တွင်ကွယ်နေသော ဂျပန်တစ်ဦး ထွက်လာ၍ “ဘယ်သွားမလို့လဲ” ဟု မေးလာသည်။ဗိုလ်ချုပ်သည် တော်တော် စိတ်တိုသွားကာ “အဓိပတိအိမ် အဓိပတိအိမ်” ဟု ငေါက်လွှတ်လိုက်၏။
ဤနေရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါသကို ထိန်းသည်။ ကားပေါ်တွင် ငြိမ်လျက် ထိုင်လိုက်လာ၏။ သခင်နုကတော့ စိတ်တိုနေ၏။ သူ့ဆန္ဒကို ဖွင့်ဟ၏ . . . . .
ဤကိစ္စတွင် အဓိပတိကလည်း စကားနည်းရန်စဲ လုပ်စေချင် ဗိုလ်ချုပ်နှင့် သခင်နုတို့ သွားတောင်းပန်ရန် ဒေါက်တာဘမော်က အဆုံးအဖြတ်ပေး၏။အဓိပတိဆီက အပြန် ဗိုလ်ချုပ်နှင့် သခင်နုတို့ ကားပေါ်တက်မည် အပြုမှာ မှောင်ရိပ်ခို ထိုဂျပန်သည် ရုတ်တရက် ထွက်လာပြန်၏။ ‘အစ္စမိုးရားဆီကို မသွားဘူးလား’ ဟု ဗိုလ်ချုပ်ကိုမေး၏။ ဗိုလ်ချုပ်က ‘အင်း၊ အင်း’ ဟု ဘောက်ဆက်ဆက်ပြန်ပြောကာ အစ္စမိုးရားအိမ်သို့ ထွက်လာကြ၏။မှောင်ရိပ်ခိုဂျပန်က ဗိုလ်ချုပ်နှင့် သခင်နုတို့ သွားမှ သွားပါ့မလား သံသယဖြင့် ဗိုလ်ချုပ်တို့ကားနောက်က သူ့ကားဖြင့် လိုက်လာ၏။ ည ၁၀ နာရီလောက်မှာ အစ္စမိုးရာအိမ်သို့ ရောက်၏။ အင်မတန်ကို အတောင်းပန်ခံလိုသော အစ္စမိုးရားသည် မအိပ်ဘဲ ထိုင်စောင့်နေသည်။ ဤနေရာတွင် ဗိုလ်ချုပ်နှင့် သခင်နုတို့သည် ပရိယာယ် သဘောအရ လိမ္မာပါးနပ်ကြသည်။ ဝမ်းနည်းကြောင်းကို ၁၀ မိနစ်လောက် ပြောပြကြသည်။ ယင်းနောက် ဗိုလ်ချုပ်နှင့် သခင်နုတို့သည် ဂျပန်သံအမတ်အိမ်သို့ ထွက်လာခဲ့ကြသည်။မှောင်ရိပ်ခို ထိုဂျပန်သည် ကျေနပ်သွားပြီဖြစ်၍ ဗိုလ်ချုပ်တို့ကားနောက်သို့ ဆက်မလိုက်လာတော့ပါ။ဤနေရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါသကို ထိန်းသည်။ ကားပေါ်တွင် ငြိမ်လျက် ထိုင်လိုက်လာ၏။ သခင်နုကတော့ စိတ်တိုနေ၏။ သူ့ဆန္ဒကို ဖွင့်ဟ၏။“ကဲ ဖိုးအောင်ဆန်း၊ ဂျပန်သံအမတ်ကိုတော့ ကိုယ်ဘောက်ချလိုက်မယ်၊ ဘယ့်နှယ့်လဲ”“ချလည်းဗျာ၊ မထူးပါဘူး”သူတို့နှစ်ဦး ရောက်သွားသောအခါ၊ ဂျပန်သံအမတ်သည် ဧည့်ခန်းတွင် အသင့် ထိုင်စောင့်နေ၏။ ဗိုလ်ချုပ်က ဘာမျှမပြောဘဲ ငြိမ်နေသည့်တိုင် သခင်နုကတော့ နှုတ်ဖြင့် ဆွလိုက်ရမှ ကျေနပ်ပုံပင်။“ကျွန်တော်တို့က လာချင်လို့လာတာ မဟုတ်ဘူး။ ဂျပန်အရာရှိ တစ်ယောက်က သွားပါလို့ အတင်းတိုက်တွန်းလို့ လာခဲ့ရတာ။ ဘာမှပြောစရာ မရှိဘူး။ယင်းသို့ သခင်နုသည် ခပ်ပြတ်ပြတ် ပြောပြီးသော် ဗိုလ်ချုပ်နှင့်အတူ နှုတ်ဆိတ်လျက် ခပ်တည်တည် ထိုင်ချလိုက်၏။စင်စစ် ဂျပန်သံအမတ်သည် အတောင်းပန်ခံလိုဟန်ဖြင့် စောင့်နေသူဖြစ်သည်။ ဗိုလ်ချုပ်နှင့် သခင်နုတို့က မတောင်းပန်ဘဲ ခပ်တည်တည် ထိုင်နေကြ၍ အောင့်သက်သက်တော့ ဖြစ်နေပေလိမ့်မည်။ သို့သော် အတွေ့အကြုံ ရင့်ကျက်သော အရေထူသော သံတမန်တစ်ဦးဖြစ်၍ ယင်းကဲ့သို့ သခင်နုက (ဘာမှပြောစရာ မရှိပါဘူး) ဟု ရေပိတ်စပါး ပြောလိုက်သည့်တိုင် သံတမန်ပီသစွာပင် ပြုံး၍ နားထောင်နေလေသည်။သခင်နုသည် ဗိုလ်ချုပ်နှင့် ခြားနား၏။ တစ်ခါတစ်ခါ အတော်ရွတ်၏။ ဗိုလ်ချုပ်နှင့်သူ တိုင်ပင်ထားသည့်အတိုင်း ဆက်မပြောဘူးဆို မပြောဘဲ တုံဏှိဘာေ၀ လုပ်နေ၏။ဗိုလ်ချုပ်နှင့် သခင်နုတို့သည် သံအမတ်တိုက်သော လက်ဖက်ရည်ကို သောက်ပြီးနောက် ထပြန်လာခဲ့ကြသည်။ အဓိပတိ ဒေါက်တာဘမော်နှယ် ဘယ်လိုလူတွေများ ဝန်ကြီးတွေ ခန့်ထားပါလိမ့်ဟု ဂျပန်သံအမတ်သည် အောက်မေ့ကောင်း အောက်မေ့နေပေလိမ့်မည်။ ထိုက အပြန်မှာ သခင်နုကတော့ ကားပေါ်တွင် တွေးရင်း သူ့ဘာသာသူ ကျေနပ်နေလေတော့သည်။စာကိုး-သခင်နု-ငါးနှစ်ရာသီဗမာပြည်(၁၉၄၅)။