ခွင့်လွှတ်တတ်တဲ့ ပတ်ဝန်းကျင်

ခွင့်လွှတ်တတ်တဲ့ ပတ်ဝန်းကျင်
Published 6 January 2015
ညီအောင်ညီ

ကိုယ့်ကိုယ်ကိုယ် မေးကြည့်နေမိတဲ့ ပုစ္ဆာတစ်ခု ရှိခဲ့တယ်။ ခွင့်လွှတ်တတ်ပြီလား ဆိုတဲ့ မေးခွန်းလေးပါ။ အေးပါ...ငါ နင့်အပေါ်မှာ ဘယ်လိုမှ သဘောမထားပါဘူး။ ခွင့်လွှတ်ပါတယ်လို့ ပြောပြီး စိတ်ထဲမှာ တေးထားတဲ့ ခွင့်လွှတ်ခြင်းမျိုးကို မဆိုလိုပါ။ တကယ်ကို အကြွင်းမဲ့ လေးလေးနက်နက် ခွင့်လွှတ်ခြင်းမျိုးနဲ့ ခွင့်လွှတ်တတ်ပြီလား ဆိုတဲ့ မေးခွန်းမျိုးပါ။ခွင့်လွှတ်ဖို့ တောင်းပန်တဲ့ နေရာမှာလည်း တောင်းပန်တတ်ပြီလားဆိုတဲ့ မေးခွန်းကလည်း အဓိက ကျနေခဲ့တယ်။ ပေါ့ပေါ့တန်တန် တောင်းပန်ပြီး အလားတူ အပြစ်တွေကို ဆက်ကျူးလွန်နေရင်လည်း အဲဒီ တောင်းပန်ခြင်းက မေးခွန်းထုတ်ရမယ့် တောင်းပန်ခြင်းပါပဲ။ အဲဒီလိုလူမျိုးတွေ အတွက်ရော ခွင့်လွှတ်ပေးရမှာက တစ်မျိုးကြီးလိုပါပဲ။ခွင့်လွှတ်တတ်ပြီလားလို့ စဉ်းစားမိတဲ့ အခါမှာ ကျွန်တော် အပါအဝင် တော်တော်များများက ခွင့်လွှတ်တတ်ဖို့ ဝန်လေးတတ်ကြတယ်။ ခွင့်လွှတ်တတ်ဖို့ အဆင်သင့် မဖြစ်သေးဘူး။ ကြိုးစားနေကြတုန်းပါပဲ။ အပေါ်ယံ ခွင့်လွှတ်တတ်ခြင်းမျိုး မဟုတ်ပါဘူး။ လေးလေးနက်နက် ခွင့်လွှတ်တတ်ခြင်းမျိုးပါ။ပုထုဇဉ်ပီပီ ကျွန်တော်တို့က နာကြည်းတတ်ကြတယ်။ အငြိုးအတေးတွေ ထားတတ်ကြတယ်။ ကလဲ့စား ချေတတ်ကြတယ်။ ရှုံးနိမ့်မှာကို ကြောက်တတ်ကြတယ်။ မှားတဲ့ အနေအထားမှာ ရှိနေတာတောင် တောင်းပန်ဖို့ ဝန်လေးနေတတ်ကြတယ်။ ကိုယ်အသာရဖို့ အတွက် အမြဲ ကြိုးစားတတ်ကြတယ်။ အတ္တများကြတယ်။ အဲဒီ အကြောင်းအရာတွေနဲ့သာ ဆိုရင် သူတစ်ပါးကို ခွင့်လွှတ်တတ်ဖို့ မလွယ်ကူနိုင်ပါဘူး။ပေးကမ်းခြင်းဖြင့် ပြန်ရရှိပါတယ်။ ခွင့်လွှတ်ခြင်းဖြင့် ခွင့်လွှတ်ခံရပါတယ်ဆိုတဲ့ အစစ်စီမြို့သား အရှင်ဖရန်စစ်ရဲ့ ဆုတောင်းလေးကို သဘောကျမိခဲ့တယ်။ ခွင့်လွှတ်တတ်ဖို့လည်း နည်းလမ်းပေးသွားသလိုပါပဲ။ ကျွန်တော်တို့ ဘဝမှာ ခွင့်လွှတ်တတ်ဖို့လည်း တကယ် လိုအပ်ပါတယ်။ တချို့တချို့သော ခွင့်လွှတ်တတ်မှုတွေဟာ လှပတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်ပေးနိုင်လို့ပါပဲ။လူမှုလောကကြီးထဲမှာ ခွင့်လွှတ်တတ်တဲ့ ပတ်ဝန်းကျင်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ကိစ္စတစ်ခု၊ အပြစ်တစ်ခု အပေါ်မှာ တဖွဖွ အပြစ်တင်ပြီး ဝေဖန်ရှုတ်ချ နေတာထက်စာရင် အပြစ်တစ်ခုကို ခွင့်လွှတ်နားလည်ပေးပြီး ကောင်းအောင်နေတတ်ဖို့ ညွှန်ကြားပေးလိုက်ခြင်းက လူတစ်ယောက်ရဲ့ ဘဝကို ပိုပြီး ကောင်းသွားစေပါတယ်။ အဲဒီအတွက် စိတ်ထားနူးညံ့တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်အောင် ဖော်ဆောင်သင့်ပါတယ်။မှားယွင်းမှု ဆိုတာကတော့ ပုထုဇဉ်ပီပီ အနည်းနှင့်အများ ရှိတတ်ကြတာပါပဲ။ အပြစ်သေးနဲ့ အပြစ်ကြီးဆိုပြီး ကွာခြားသွားပေမယ့် အပြစ်လုပ်ခဲ့ခြင်းနဲ့ ကျွန်တော်တို့ ပုထုဇဉ်လူသားတွေ မကင်းခဲ့ကြပါဘူး။ လောကစည်းမျဉ်းအရ အပြစ်ကျူးလွန်သူတွေအတွက် ပြစ်ဒဏ်ဆိုတာ ရှိပြီးသားပါ။ ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ရတဲ့ လောကပြစ်ဒဏ်ဆိုတာ ရှိပြီးသားပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးကို ခံရမယ်ဆိုတဲ့ ကံကံ၏ အကျိုးဆိုတာကိုလည်း သိကြပြီးသားပါ။
လူသားတိုင်းက ကြုံခဲ့ဆုံခဲ့ကြရတာတွေ၊ ခံရစံရခဲ့တာတွေကို မမေ့တတ်ကြဘူး။ မေ့လို့လည်း မဖြစ်ပါဘူး။ အဲဒီအရာတွေက လူတစ်ယောက်အတွက် သမိုင်းပါပဲ။ ဒါပေမဲ့ မှားတတ်ကြပါတယ်။ အမှားခံရတတ်ပါတယ် . . . . .

အဲဒီအရာတွေက ခွင့်လွှတ်ပေးနိုင်တဲ့ အကြောင်းတရားတွေပါပဲ။ အပြစ်ကို အပြစ်မှန်းသိပြီး မကုစား၊ မတောင်းပန်တဲ့သူဟာ လူမိုက်ပါတဲ့။ တရားနည်းလမ်း ကျကျ တောင်းပန်နေတာကို ခွင့်မလွှတ်တတ်တဲ့ သူဟာလည်း လူမိုက်ပါလို့ လူမိုက်နှစ်ယောက်ကို မြတ်ဗုဒ္ဓရဲ့ ကျမ်းဂန်တွေထဲမှာ ဖတ်မှတ်ခဲ့ဖူးပါတယ်။ မတောင်းပန်တတ်တဲ့သူ၊ ခွင့်မလွှတ်တတ်တဲ့ သူတွေဟာ အကောင်းစာရင်းထဲမှာ မပါတာတော့ အမှန်ပါပဲ။ ခွင့်လွှတ်တတ်အောင်၊ တောင်းပန်ဝန်ချတတ်အောင် ကျွန်တော်တို့ ကျင့်ကြံကြရမှာပါ။ ထပ်ကာတလဲလဲ အပြစ်တွေ မကျူးလွန်မိအောင်လည်း နေကြရမှာပါ။ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အပြစ်ရှိသူ တစ်ယောက်ကို တွေ့ရပြီ ဆိုပါတော့။ ကျွန်တော်တို့က သူ့ကို နောက်ထပ် အပြစ်တွေ ထပ်လုပ်ဖြစ်အောင် တွန်းအားပေးမှာလား။ ဒါမှမဟုတ် ကျန်ရှိနေသေးတဲ့ သူ့ဘဝသက်တမ်းကို အကောင်းဖြစ်စေဖို့ လမ်းပြပေးကြမှာလား။ လူတစ်ယောက်ကောင်းဖို့၊ ဆိုးဖို့ဆိုတာ ပတ်ဝန်းကျင်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ရတဲ့ ကျေးညီနောင်လိုပါပဲ။ ပတ်ဝန်းကျင်ကောင်းနဲ့တွေ့ရင် ကောင်းတတ်ကြသလို ပတ်ဝန်းကျင်ဆိုးနဲ့တွေ့ရင် ဆိုးတတ်ကြတဲ့ သဘောပါ။တချို့ကျတော့ ဖိအားလည်း မပေးတတ်ဘူး၊ ကောင်းအောင်လည်း လမ်းမညွှန်ကြဘူး။ အပြစ်ရှိသူ တစ်ယောက်ကို လူရာမသွင်းတော့သလို ရှောင်ကြဉ်တတ်ကြတယ်။ နှိမ့်ချဆက်ဆံ တတ်ကြတယ်။ အဲဒီ သဘောတရားတွေက ဆိုးခဲ့တဲ့ လူတစ်ယောက်ကို ပိုဆိုးစေခဲ့တယ်။ လူတစ်ယောက်ရဲ့ စရိုက်ကို ပိုပြီး ကြမ်းတမ်းစေနိုင်ခဲ့ပါတယ်။ လူတချို့ဟာ မကောင်းခဲ့ဘူး။ ဆိုးခဲ့ကြတယ် ဆိုပေမယ့် ပြုပြင်ဖို့ ကြိုးစားနေကြချိန်မှာ ခွဲခြားဆက်ဆံ နှိမ့်ချမှုတွေဟာ သူတို့ကို မူလအဆိုးနယ်ပယ်ထဲကို ပြန်ရောက်စေနိုင်ပါတယ်။ အဲဒီလို ရောက်ခဲ့ကြတာဟာ ခွင့်မလွှတ်တတ်တဲ့ ပတ်ဝန်းကျင်ကြောင့်ပါ။ ခွင့်လွှတ်ဖို့ မကြိုးစားချင်တဲ့ ပတ်ဝန်းကျင်ကြောင့်ပါ။ခွင့်လွှတ်နားလည်ပေးနိုင်ခြင်းဆိုတာ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ အပြန်အလှန် လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခွင့်မလွှတ်နိုင်ခဲ့မှုတွေ၊ နားလည်မပေးနိုင်ခဲ့မှုတွေဟာ ကျွန်တော်တို့အတွက် မကောင်းနိုင်ခဲ့သလို ပတ်ဝန်းကျင်အတွက်လည်း အဆင်မပြေပါဘူး။လူတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဘူးဆိုရင် အဲဒီ ခွင့်မလွှတ်နိုင်ခြင်းက ကျွန်တော်တို့အတွက် လေးလံတဲ့ ဝန်ထုပ်ဝန်ပိုး တစ်ခုပါပဲ။ သံယောဇဉ်ဆိုတာ နှောင်ဖွဲ့ခြင်း တစ်မျိုးပါ။ ချစ်ခြင်းနဲ့ နှောင်ဖွဲ့မှ သံယောဇဉ် မဟုတ်ပါဘူး။ ခွင့်မလွှတ်ခြင်း၊ မုန်းတီးခြင်းတွေနဲ့ လူတစ်ယောက်ကို မမေ့နိုင်တဲ့၊ အငြိုးအတေးတွေ၊ ခွင့်မလွှတ်နိုင်တဲ့ အငြိုးအတေးတွေကလည်း သံယောဇဉ်တစ်မျိုးပါပဲ။ အဲဒီ သံယောဇဉ်မျိုးကို ရင်ထဲမှာ ထားထားရင်တော့ အမြဲ ပူလောင်နေမှာပါ။လူသားတိုင်းက ကြုံခဲ့ဆုံခဲ့ကြရတာတွေ၊ ခံရစံရခဲ့တာတွေကို မမေ့တတ်ကြဘူး။ မေ့လို့လည်း မဖြစ်ပါဘူး။ အဲဒီအရာတွေက လူတစ်ယောက်အတွက် သမိုင်းပါပဲ။ ဒါပေမဲ့ မှားတတ်ကြပါတယ်။ အမှားခံရတတ်ပါတယ်။ သူတော်ကောင်းစိတ်နဲ့ မှားခဲ့ကြောင်းကို တောင်းပန်ဝန်ချ တတ်ရပါမယ်။ ပြစ်ဒဏ်ကို ခံယူရပါမယ်။ကြီးမြတ်တဲ့စိတ်ထား၊ ကြီးမြတ်ကောင်းမွန်တဲ့ အမြင်တွေနဲ့လည်း ခွင့်လွှတ်ပေးတတ်ရပါမယ်။ နားလည်ပေးတတ်ရပါမယ်။ ခွင့်လွှတ်တတ်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ငြိမ်းအေးမှု တစ်ခုအတွက် ဖော်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။ ခွင့်လွှတ်ခြင်းဖြင့် ကြီးမြတ်မှုကို ကျွန်တော်တို့ ရနိုင်လို့ပါပဲ။

Most Read

Most Recent