အပစ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးခြင်း မည်သည့်နေ့တွင် ရေးထိုးနိုင်မည်ကို အတိအကျ မပြောနိုင်သေးဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

အပစ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးခြင်း မည်သည့်နေ့တွင် ရေးထိုးနိုင်မည်ကို အတိအကျ မပြောနိုင်သေးဟု ဝန်ကြီးဦးအောင်မင်း ပြောကြား
Published 6 January 2015
စိုးမင်းထိုက်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးပွဲအား မည်သည့်နေ့တွင် လက်မှတ်ရေးထိုးနိုင်မည်ဟု အတိအကျမပြောနိုင်သေးကြောင်းနှင့် မကြာမီတွင် ရေးထိုးနိုင်ရန် ကြိုးစားနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်နဝါရီ ၅ ရက်တွင် မီဒီယာများအား ပြောကြားသည်။ဇန်နဝါရီ ၅ ရက်တွင် နေပြည်တော်ရှိ MICC-2 တွင် နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဆွေးနွေးခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးအတွက်  သဘောတူညီမှုမရသေးသည့်အချက်များ အားဆွေးနွေးခဲ့သည်ဟု ဆိုသည်။ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “အခုသမ္မတကြီးနဲ့ တွေ့ဆုံရာမှာလည်း တိုင်းရင်းသားခေါင်းဆောင်တွေက သူတို့လိုချင်တာတွေ တင်ပြကြပါတယ်။ သမ္မတကြီးကလည်း သူပြောနိုင်တဲ့ကိစ္စအားလုံးကို ပြောပေးလိုက်တာပေါ့နော်။ သူတို့အနေနဲ့ကလည်း ဘာပဲဖြစ်ဖြစ် သမ္မတကြီးကိုယ်တိုင်က ပြောတာ သူတို့ကြားသွားပြီ။ သမ္မတကြီးကလည်း တချို့ကိစ္စတွေ တာဝန်ယူထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ယုံကြည်မှုတည်ဆောက်နိုင်မယ်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက ရှေ့ကို တဖြည်းဖြည်းတိုးနေတယ်လို့ ပြောလို့ရပါ တယ်။ အဲဒီတော့ ဘယ်နေ့လက်မှတ်ထိုးနိုင်မယ်ဆိုတာကတော့ တိတိကျကျမပြောနိုင်သော်လည်းဘဲ သိပ်မကြာခင်ကာလမှာ လက်မှတ်ထိုးနိုင်ဖို့အတွက် ပြင်ဆင်နေတယ်။ ကြိုးစားနေတယ်ဆိုတာလေးကို တင်ပြတာပါ”ဟု ပြောကြားသည်။ဦးအောင်မင်းက ဒီဇင်ဘာ ၂၂၊ ၂၃ ရက်များတွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် NCCT အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ စာချုပ်ထဲတွင်ပါသည့်အချက် ၁ဝ၃ ချက်အနက် ဆွေးနွေးရန် ကျန်နေသည့် ရှစ်ချက်ရှိကြောင်း၊ အဆိုပါအချက်များအား ဆွေးနွေးခဲ့ကြောင်း၊ အားလုံးကို ဆွေးနွေးနိုင်သည်ဟု ပြောခဲ့ကြောင်း၊ သို့ရာတွင် အဲဒီဆွေးနွေးချက်များအားလုံးကို သက်ဆိုင်ရာခေါင်းဆောင်များကို တင်ပြရမှာဖြစ်ကြောင်း၊ ကျွန်တော်တို့ကတော့ နိုင်ငံတော်သမ္မတကြီးကို တင်ပြပြီးဖြစ်ကြောင်း၊ သူတို့ဘက်က ပြန်ပြီးတင်ပြပြီးလို့ ပြန်ပြောပြီဆိုရင်တော့ အဲဒီစာချုပ်ကြီးတစ်စောင်လုံး သဘောတူသွားပြီဟု ပြော၍ရမည်ဖြစ်ကြောင်း ပြောကြားသည်။လက်ရှိတွင် အပစ်အခတ်ရပ်စဲရေးအတွက် စကားပြောနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ရှိသည့်အနက် ၁၆ ဖွဲ့လုံးကို ဖိတ်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လေးဖွဲ့ မတက်နိုင်ခဲ့ကြောင်း၊ မတက်နိုင်သည့် အကြောင်းများကိုလည်း စာပေးပို့ပြီး အကြောင်းကြားကြောင်း၊ ပြင်ဆင်ချိန်မရခြင်း၊ ခရီးဝေးနေခြင်း၊ ခေါင်းဆောင်များခရီးသွားနေ၍ စသဖြင့် အကြောင်းကြားကြောင်း၊ မတက်ရောက်နိုင်သည့်အဖွဲ့များမှာ KIA၊ TNLA၊ KNPP၊ CNF  အဖွဲ့များဖြစ်ကြောင်း၊ ကျန်သည့် ၁၂ ဖွဲ့တက်ရောက်ကြောင်း၊ ယခုကဲ့သို့ လူကြီးများနှင့် တွေ့ပြီးကာမှပဲ ယုံကြည်မှုတည်ဆောက်၍ ရမည်ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြားသည်။ကရင်အမျိုးသားအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက “ဖေဖော်ဝါရီ ၁၂ ရက်ဟာ တစ်ပြည်လုံးလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပေါ်လာတာကိုး။ ပြည်ထောင်စုနေ့ မှာ လက်မှတ်ရေးထိုးချင်တဲ့အကြောင်းရင်း က နှစ်ချက်ရှိပါတယ်။ တစ်အချက်ကတော့ ကျွန်တော်တို့ ညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့စလုံးက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အမြန်ဆုံးရရှိနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ အဲဒီအချိန်မှာ နောက်ဆုံးရဲ့ လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုမှာကျတော့ ကျွန်တော်တို့ သဘောတူညီချက်တော်တော်များများ ရှိခဲ့တယ်။ အချက်အလက်အနည်းငယ်ပဲကျန်ပြီးတော့ ဆက်လက်ညှိနှိုင်းဖို့ရှိတဲ့အတွက်  ဒီကာလထဲမှာ ဖေဖော်ဝါရီ ၁၂ ရက်မတိုင်ခင် ညှိနှိုင်းလုပ်ဆောင်နိုင်မယ်ဆိုရင် အကုန်လုံးသဘောတူညီနိုင်တဲ့ အနေအထားရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ ပြောတာဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ဆန္ဒရှိတာပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့ နှစ်ဖက်ရဲ့ ဆွေးနွေးမှုအပေါ်မှာလည်း မူတည်ပါတယ်။ နှစ်ဖက်ရဲ့ သဘောထားအပေါ်မှာလည်း မူတည်တာပေါ့”ဟု ပြောကြားသည်။ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးချင်သည်မှာ ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံအတွက် နိုင်ငံ၏ သမိုင်းဝင်နေ့ရက်ဖြစ်ကြောင်း၊ ပြည်ထောင်စု စတင်ပေါ်ပေါက်လာသည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံသဘောတူညီမှုနှင့် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည့်အတွက်ကြောင့် ပြည်ထောင်စုနေ့တွင် လက်မှတ်ထိုးနိုင်မည်ဆိုပါက ဒုတိယအကြိမ်မြောက် ပြည်ထောင်စုကို ပြန်လည်တည်ဆောက်နိုင်သည့်အခြေခံဖြစ်သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ပါက ဒုတိယ သမိုင်းဝင်နေ့သစ်ပဲဟု မြင်မိကြောင်း၊ ဆန္ဒလည်းရှိသည့်အတွက် ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “NCCT နဲ့ UPWC ဆွေးနွေးမှုဟာလည်း တော်တော်လေးကို နိဂုံးချုပ်သဘောတူညီချက်ရဖို့ တော်တော်လေးနီးနေပြီ။ လက်တစ်ကမ်းရောက်နေပြီလို့လည်း ပြောလို့ရပါတယ်။ သို့သော် ကြားထဲမှာ မမျှော်လင့်တဲ့ အနှောင့်အယှက်အဟန့်အတားလေးလို ကြန့်ကြာစေတဲ့ စစ်ရေးဆိုင်ရာလိုကိစ္စတွေ ထပ်ပေါ်လာတဲ့အခါ မှာ ဒီအရေးအခင်းလေးတွေကို ဖြေရှင်းသွားနိုင်မယ်ဆိုရင်တော့ ဒီစာချုပ်က သဘောတူညီမယ်လို့ ပြောနိုင်ပါတယ်”ဟု ပြောကြားသည်။ 

Most Read

Most Recent