ဤရန်သူသည် ရန်သူမျိုး ငါးပါးတွင် မပါပေ။ ငါးပါး ဆိုသည်မှာလည်း ခေတ်အခါအလိုက် လူသားတို့အား ဒုက္ခအပေးဆုံး အရာကို ယေဘုယျ သတ်မှတ်ထားခြင်းသာ ဖြစ်သည်။ စင်စစ် လူသားတို့အား အန္တရာယ်ပေးနိုင်သည့် ရန်သူမှာ ခေတ်သစ်ကာလတွင် မရေတွက်နိုင်လောက်အောင်ပင် များပြားလှပေသည်။ လူသားတို့ ပယောဂ၊ လောဘကြောင့် ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် ဆက်စပ်သော အန္တရာယ်များမှာ ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် ရှေ့တန်းဦးစားပေး ဖြေရှင်းနေကြရသည်။ သို့သော် ရုတ်တရက် ပေါ်လာသော ရန်သူသည်ကား ဖြေရှင်း၍ရသော အရာမျိုး မဟုတ်ချေ။၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်း ပဲခူးတွင် အကြိမ် ၄ဝ ကျော်ခန့် ငလျင်လှုပ်ခဲ့သဖြင့် သက်ဆိုင်ရာဌာနမှ ရန်ကုန်နေ ပြည်သူများအား ငလျင်ကို သတိပြုရန် နှိုးဆော်ထားသည်။ ပဲခူးသူ၊ ပဲခူးသားများ မေးမြန်းကြည့်သောအခါ လူအများစုက ငလျင်လှုပ်သည်ကို သုံးလေးကြိမ်မျှသာ သိကြသည်။ သို့သော် ပဲခူးမြို့နယ်အတွင်းရှိ ထုံးကြီးစံပြ ကျေးရွာတွင် ဉာဏ်တော်အမြင့် ပေ ၁၃ဝ ရှိသော အောင်ဘုံသီဟ ရွှေပြည်အေးစေတီတော်၏ စိန်ဖူးတော်မှာ မြေခပြီး ထီးတော်မှာလည်း အနောက်တောင်ဘက်သို့ အနည်းငယ် တိမ်းစောင်းသွားသည်။ ထုံးကြီးရွာသားများက မကြားဖူးသော ‘တော်လည်းသံ’ ကိုပါ ကြားခဲ့ကြသည်။ အဆောက်အအုံ အက်ကွဲမှု ရှိသော်လည်း ထိခိုက်အနာတရဖြစ်ခြင်း မရှိချေ။ အကြိမ်ကြိမ် လှုပ်ခြင်းကြောင့် တစ်ကြိမ်စီ၏ ပြင်းအားသည် ရစ်ချ်တာစကေး ၄ ထက် မကျော်ချေ။ ပဲခူးသည် စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် တည်ရှိသဖြင့် ယခင်က ပြင်းအား အလယ်အလတ်ထက် ကျော်သော ငလျင် ၃၂ ကြိမ် လှုပ်ခဲ့ဖူးသည်ကို မှတ်တမ်းများအရ သိရှိရသည်။ ၁၉၁၇ ခုနှစ် ၃၁ ကြိမ်မြောက် ငလျင်ကြောင့် ရွှေမော်ဓော စေတီတော်၏ တတိယဖောင်းရစ်မှ အထက်ပိုင်းတစ်ခုလုံး မြေခခဲ့သည်။ စေတီတော်၏ အရှေ့ဘက်ရင်ပြင်တွင် ယခုမြင်နေရသော စေတီပိုင်းဟောင်းကြီးသည် ယင်းငလျင်ကြောင့် ဖြစ်သည်။ နောက် ၁၃ နှစ် အကြာ ၅-၅-၁၉၃ဝ နေ့တွင် လှုပ်ခတ်သော ငလျင်ကြောင့် ရွှေမော်ဓောစေတီ ခေါင်းလောင်းပုံအထိ ပြိုကျခဲ့ပြန်သည်။ ထိုငလျင်ကြောင့် ပဲခူးမြို့ရှိ တိုက်တာ၊ ကျောင်း၊ သိမ်၊ ဇရပ် အများအပြား ပျက်စီးခဲ့ပြီး မီးလောင်မှုလည်း ဖြစ်ပေါ်ခဲ့သည့်အပြင် လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့သည်။ ဒဏ်ရာရသူ အရေအတွက်နှင့် ဆက်စပ်၍ မှတ်တမ်းများ မရှိပါ။ ပဲခူးနှင့် ရန်ကုန်သည် မိုင် ၅ဝ ခန့်သာ ကွာဝေးသဖြင့် ဤငလျင်ကြောင့် ရန်ကုန်တွင် လူ ၅ဝ ခန့် သေဆုံးခဲ့သည်။ ရွှေတိဂုံစေတီတော်ကြီး၏ အထက်ပိန္နဲတိုင် ယိုင်သွားပြီး ငှက်မြတ်နားနှင့် စိန်ဖူးတော်ဆိုင်း ကြိုးပြတ်၍ ဇောက်ထိုးတွဲလွဲ ကျခဲ့သည်။ ပဲခူးငလျင်ကြီးများ၏ ပျမ်းမျှအချိန် ကွာခြားချက်ကို တွက်ကြည့်ရာ ကွာခြားမှုကာလမှာ ၇၂ နှစ်ဖြစ်သည်။ သို့သော် ၁၉၁၇ ခုနှစ် ငလျင်နှင့် ၁၉၃ဝ ပြည့်နှစ် ငလျင်သည် ၁၃ နှစ်သာ ကွာခြားသည်။ ထို့ကြောင့် ငလျင်ကိုကြိုတင်၍ မခန့်မှန်းနိုင်ပေ။ ငလျင်ကို ကြိုတင်ခန့်မှန်းရန် ဂျပန်နိုင်ငံမှ ပညာရှင်များက ခေတ်မီနည်း အမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့သော်လည်း ယခုထိ အောင်မြင်မှု မရသေးပေ။ ၁၁-၃-၂ဝ၁၁ နေ့တွင် လှုပ်ခတ်သော ဂျပန်ငလျင်သည် ပြင်းအား ရစ်ချ်တာစကေး ၉ ဒသမ ဝ ရှိ၍ ကမ္ဘာ့မှတ်တမ်းတင်ထားသည့် ငလျင် သမိုင်းတွင် စတုတ္ထမြောက် အပြင်းထန်ဆုံး ဖြစ်သည်။ ထိုစဉ်က ငလျင်ကြီးတစ်ခု လှုပ်ခဲ့သော် တိုကျိုမြို့ အနောက်အနီး ပင်လယ်ပြင်ကို ဗဟိုပြုလိမ့်မည်ဟု ကြိုတင်ခန့်မှန်းခဲ့သည်။ သို့သော် ထိုငလျင်ကြီးသည် တိုကျိုမြို့အရှေ့မြောက်ဘက် ၃၂၃ မိုင်အကွာကို ဗဟိုပြု၍ လှုပ်ခါခဲ့သည်။ ဂျပန် ငလျင်ပညာရှင်များအား အံ့အားသင့်သွားစေသည့် အချက်မှာ အလွန်မြင့်မားသော ငလျင်၏ပြင်းအား ဖြစ်သည်။ တွက်ချက်ခန့်မှန်းမှုအရ ထိုဒေသတွင် ရစ်ချ်တာစကေး ၈ ဒသမ ဝ ခန့်သာ လှုပ်နိုင်မည်ဟု ယူဆထားခဲ့ကြသည်။ရန်ကုန်သည် ၁၉၃ဝ ပဲခူးငလျင်၏ အရှိန်ကို ခံစားရပြီးနောက် ၁၉၇ဝ ပြည့်နှစ်တွင် နောက်တစ်ကြိမ် ငလျင်လှုပ်ခဲ့သည်။ အကြိုငလျင်နှင့် နောက်ဆက်ငလျင် အပါအဝင် အကြိမ် ၅ဝ ကျော် လှုပ်ခတ်ခဲ့ပြီး ၉-၉-၁၉၇ဝ နေ့ နံနက် ၁ဝ နာရီ ၆ မိနစ်တွင် လှုပ်သောငလျင်မှာ ပင်မငလျင် ဖြစ်သည်။ ရစ်ချ်တာစကေးဖြင့် ပြင်းအား ၅ ဒသမ ၂ ရှိသည်။ ရန်ကုန်မြို့သားအားလုံး သိသည်။ တော်လည်းသံကြီး မြည်ဟီး၍ လာသဖြင့် ပို၍အကြောက်အလန့် ပိုခဲ့ကြသည်။ ဤငလျင်ကြောင့် အသေအပျောက် မရှိချေ။ အင်္ဂတေနှင့် အုတ်အစများ ပဲ့ကွာကျ၍ လူလေးဦးသာ အနည်းငယ်စီ ဒဏ်ရာရခဲ့သည်။ သို့သော် ရန်ကုန်ရှိ အုတ်အဆောက်အအုံ အများအပြား အက်ကွဲခဲ့သည်။ ရွှေတိဂုံစေတီ၏ စိန်ဖူးတော် တောင်ဘက်သို့ အနည်းငယ် ယိုင်သွားသည်။ ရွှေတိုရွှေစအချို့ ပြုတ်ကျသည်။ စေတီတော်ပတ်လည်တွင် ထွန်းညှိထားသည့် မီးလုံးများ ကျွမ်းခဲ့သည်။ သို့သော် ရှေးယခင်များလောက် ပျက်စီးခြင်း မရှိချေ။ သမ္မတအိမ်တော်(အစိုးရဂေဟာ) ထိပ်လက်ယာဘက် ဒုတိယ ဘုချွန်ထိပ်ပိုင်း ပြုတ်ကျပြီး မျက်နှာကျက်ခုံးဆက် အချို့နှင့် အတွင်းနံရံများ အက်ကွဲခဲ့သည်။ ထိုအချိန်မှစ၍ ထိုအိမ်တော်ကြီးတွင် စံမြန်းခဲ့သော ပုဂ္ဂိုလ်မှာလည်း အင်းလျားစောင်းသို့ ပြောင်းပြေးသွားလေသည်။
မြေငလျင်လှုပ်ရခြင်းမှာ အဓိကအားဖြင့် ပြတ်ရွေ့ကြောင်း (fault) တစ်လျှောက် ကျောက်လွှာများ အန်ဝင်ခွင်ကျ မဖြစ်၍ ဖြစ်ပေါ်လာသော “ဒဏ်အား” (stress) ကို ထုတ်လွှတ်ခြင်းကြောင့် ဖြစ်သည်။ ဒဏ်အားသည် သက်ဆိုင်ရာ ကျောက်လွှာတစ်ခုလုံးတွင် နေရာအနှံ့ ပျံ့နေသဖြင့် သာမန်အားဖြင့် မသိနိုင်ချေ။ အကြောင်းတစ်ခုခုကြောင့် မူလမျှချေ အနေအထား ပျက်ယွင်းသွားပါက . . . . .
၁၉၇ဝ ပြည့်နှစ်နောက်ပိုင်း ရန်ကုန်တွင် ငလျင်လှုပ်ခြင်းများ ရှိသော်လည်း ပြင်းအား ၃ ဒသမ ဝ ပတ်ဝန်းကျင်မျှသာ ဖြစ်၍ ရပ်ကွက်အချို့ရှိ လူအချို့ ကြောက်လန့်ခဲ့ကြသော်လည်း အမှန်တကယ် လန့်စရာကောင်းသော အခြေအနေ မဖြစ်ပေါ်ခဲ့ပါ။ ထို့ကြောင့် ရန်ကုန်သား အများစုက ငလျင်ကို တွေးကြောက်ဟန် မရှိပါ။ တွေးကြောက်နေလျှင်လည်း အကျိုးမဖြစ်ပါ။ ကျွန်တော့်သူငယ်ချင်း စာရေးဆရာကြီးသည် မြို့ထဲတိုက်အိုတွင် နေထိုင်လျက် ရှိသည်။ အဆောက်အအုံမှာ နှစ် ၁ဝဝ ကျော်ပြီဖြစ်၍ ဆက်လက်ထိန်းသိမ်းရမည့် Heritage Trust ထဲ စာရင်းဝင်နေပါပြီ။ စာရေးစာဖတ်သူမို့ ငလျင်အကြောင်းကို သိသည်။ အနည်းငယ် ကြောက်ပုံရပါသည်။ သို့သော် သိပ်မကြောက်၍ ထိုအဆောက်အအုံတွင် ဆက်လက်နေထိုင်ခြင်း ဖြစ်မည်။ လူ့သဘာဝအလျောက် မိမိကြာရှည်စွာ နေခဲ့သော နေရာကို စွဲနေပုံရပါသည်။မှတ်တမ်းဝင် သမိုင်းအထောက်အထားများအရ ရန်ကုန်တွင် ရစ်ချ်တာစကေးပြင်းအား ၆ ဒသမ ၅ (မာကယ်လီစကေး ၈ ဒသမ ဝ)ထက်ပိုသော ငလျင် မလှုပ်ခဲ့ဖူးပါ။ သို့သော် ပြင်းအား ၆ ကျော်လာလျှင် တိုက်အဆောက်အအုံများအတွက် အန္တရာယ် အတော်ပင် ကြီးလာပြီဖြစ်သည်။ ရစ်ချ်တာစကေး တစ်ဆင့်တိုးလျှင် ငလျင်၏ပြင်းအား ၁ဝ ဆ တိုးလာသည်။ ယခင်လှုပ်ခဲ့သော ငလျင်၏ ပြင်းအားကို ရွှေတိဂုံဘုရား သမိုင်းဖြင့် (ဒဏ္ဍာရီမဟုတ်) ညှိယူ သိရှိနိုင်သည်။ မှတ်တမ်းများအရ ၁၆၂ဝ ပြည့်နှစ် နိုဝင်ဘာငလျင်ကြောင့် ရွှွေတိဂုံစေတီ အထက်ပိုင်း ပြိုကျခဲ့သည်။ ၁၆၄၄ ခုနှစ် ဒီဇင်ဘာငလျင်ကြောင့် ရွှေတိဂုံစေတီ ထီးတော် မြေခခဲ့သည်။ ၁၆၅၂ ခု မေလငလျင်ကြောင့် ထီးတော် ထပ်မံမြေခပြန်သည်။ ၁၆၆၂ ဖေဖော်ဝါရီလ ငလျင်၊ ၁၆၇၉ ဩဂုတ်လ ငလျင်၊ ၁၇၆၈ ဇွန်လ ငလျင်၊ ၁၈၈၈ အောက်တိုဘာလ ငလျင်၊ ၁၈၈၉ အောက်တိုဘာလ ငလျင်တို့ကြောင့်လည်း ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်နှင့် ငှက်မြတ်နား (သို့မဟုတ်) ထီးတော် မြေခခဲ့သဖြင့် ပြင်းအား ၆ ခန့်ရှိသည်ဟု ခန့်မှန်းနိုင်သည်။ ရန်ကုန်သည် စစ်ကိုင်းပြတ်ရွေ့ကြီးနှင့် အက်ဒမန်ကျွန်းမှ မြောက်ဘက်ရခိုင်ကမ်းရိုး မြောက်ပိုင်းအထိ ရှည်လျားသော ပြတ်ရွေ့ကြားတွင် တည်ရှိသဖြင့် ငလျင်လှုပ်နိုင်ခြေရှိကြောင်း ငလျင်ဌာန (မိုးလေဝသနှင့် ဇလဗေဒဌာနနှင့် တွဲဖက်ထားသည်) မှ ပြောကြားခဲ့သည်။မြေငလျင်လှုပ်ရခြင်းမှာ အဓိကအားဖြင့် ပြတ်ရွေ့ကြောင်း (fault) တစ်လျှောက် ကျောက်လွှာများ အန်ဝင်ခွင်ကျ မဖြစ်၍ ဖြစ်ပေါ်လာသော “ဒဏ်အား” (stress) ကို ထုတ်လွှတ်ခြင်းကြောင့် ဖြစ်သည်။ ဒဏ်အားသည် သက်ဆိုင်ရာ ကျောက်လွှာတစ်ခုလုံးတွင် နေရာအနှံ့ ပျံ့နေသဖြင့် သာမန်အားဖြင့် မသိနိုင်ချေ။ အကြောင်းတစ်ခုခုကြောင့် မူလမျှချေ အနေအထား ပျက်ယွင်းသွားပါက ဒဏ်အားနှင့်ဒဏ်ခံအား (strains) ထွက်ပေါ်လာပြီး မြေငလျင်လှုပ်ခြင်းကို ဖြစ်ပေါ်စေသည်။ ရန်ကုန်သည် စစ်ကိုင်းပြတ်ရွေ့နှင့် အတော်အတန် အလှမ်းဝေးသည်။ ဘူမိဗေဒ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ရန်ကုန်မြို့ အရှေ့မြောက်ဘက် အနီးတွင် ပြတ်ရွေ့ကြောင်း နှစ်ခုရှိသည်။ ပြတ်ရွေ့တစ်ခုသည် ပဲခူးရိုးမ အရှေ့ဘက် ဆင်ခြေလျှောမှ တောင်ဘက်မုတ္တမကွေ့ထဲသို့ ထိုးဆင်းသွားသည်။ အခြားတစ်ခုမှာ ပဲခူးရိုးမ အနောက်ဘက် ဆင်ခြေလျှောတွင် ရှိသည်။ တောင်ဘက်သို့ ဆက်လက်ထိုးဆင်းလာရာ ရန်ကုန်မြို့ အရှေ့ဘက် ငါးမိုင်အကွာ နှုန်းမြေအောက်တွင် ပျောက်ကွယ်သွားသည်။ ဤပြတ်ရွေ့သည် ရန်ကုန်အနီး (သို့) ရန်ကုန်အောက်မှ တောင်ဘက်သို့ ဖြတ်ဆင်းသွားနိုင်သည်။ ၁၉၇ဝ ပြည့်နှစ်က လှုပ်ရှားခဲ့သော ငလျင်သည် ကြည့်မြင်တိုင်၊ စမ်းချောင်းနှင့် အလုံတစ်ဝိုက်ကို ဗဟိုပြုခဲ့သောကြောင့် ဤအယူအဆ ပို၍ မှန်ကန်နိုင်သည်။ ဖော်ပြပါ ပြတ်ရွေ့ကြောင်းတို့၏ မတည်ငြိမ်မှုသည် အိန္ဒိယကျောက်ချပ်၊ မြန်မာကျောက်ချပ်တို့၏ တွန်းထိုးအားနှင့်လည်း ဆက်စပ်နေသည်။ ခြုံ၍ဆိုရသော် ရန်ကုန်သည် အတိတ်သမိုင်းနှင့် ပြတ်ရွေ့တို့၏ အနေအထားအရ ပြင်းအားရစ်ချ်တာစကေး ၆ မှ ၆ ဒသမ ၂ အထိ အမြင့်ဆုံးလှုပ်နိုင်သည်။ သို့သော် သာမန်အားဖြင့် ပြင်းအား ၅ ထက်ကျော်သော ငလျင် လှုပ်နိုင်ခြေ နည်းပါသည်။ ဂျပန်နိုင်ငံ ‘ကိုဘေး’ ငလျင် (၁၉၉၅) လှုပ်စဉ်က TIME မဂ္ဂဇင်းတွင် ငလျင်သည် ထိန်းချုပ်၍မရသော တိရစ္ဆာန်ရိုင်းကြီးနှင့် တူပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သည့်ပြင်းအားဖြင့် လှုပ်မည်ကို မသိနိုင်ဟု ဖော်ပြခဲ့သည်။ ခန့်မှန်း၍ မရသည်မှာ မှန်သော်လည်း ရန်ကုန်တွင် အလယ်အလတ် ပြင်းအားထက် လှုပ်ရန် အကြောင်းမရှိချေ။ရန်ကုန်သားများ လက်ရှိနေထိုင်ကြသည့် အဆောက်အအုံ အခြေအနေကို မတို့မထိတော့ပါ။ ငလျင်လှုပ်ပါက မည်သို့ပြုမူ ဆောင်ရွက်ရမည်ကို တစ်ခါတစ်ရံ အစိုးရ မီဒီယာက ဖော်ပြတတ်ပါသည်။ သို့သော် အများက အလေးထားပုံ မရချေ။ ငလျင်လှုပ်ချိန်သည် အလွန်လျင်မြန်သဖြင့် မိမိနေထိုင်ရာကို လေ့လာထားပါ။ အိမ်အဆောက်အအုံထဲတွင်ရှိလျှင် ခိုင်မာသော စားပွဲ၊ ခုတင်အောက် အမြန်ဆုံး ပြေးဝင်ပါ။ ဖြည်းဖြည်းနှင့် အချိန်အတန်ကြာလှုပ်သော ငလျင်မျိုးတွင် အိမ်ထဲ၌နေရန် စိတ်မချပါက အိမ်ပြင်သို့ထွက်လျှင် ဓာတ်တိုင်၊ ဓာတ်ကြိုးနှင့် ဝေးသော ကွက်လပ်သို့သွားပါ။ နိုင်ငံတကာ အတွေ့အကြုံအရ အဆောက်အအုံထဲရှိ ခိုင်မာသော အရာအောက်တွင် ခိုနေခြင်းက ဘေးကင်းနိုင်ခြေ အမြင့်ဆုံး ဖြစ်သည်။ အိမ်အသစ် ဆောက်ပါက ကန်ထရိုက်ကို အားမနာဘဲ အင်ဂျင်နီယာ ရှုထောင့်အရ လိုအပ်ချက် အပြည့်ရအောင် ဝင်ရောက်စွက်ဖက်ပါ။ အဆင့်လေးဖြင့် တစ်ကြိမ်လှုပ်ပြီးလျှင် ကောလာဟလများ ထွက်ပေါ်လာလေ့ ရှိသည်။နက္ခတ်ဗေဒင်ကို အခြေခံ၍ ငလျင်လှုပ်မည်ကို ကြိုတင်ဟောတတ်သည်။ မယုံကြပါနှင့်။ ငလျင်ကို မည်သူမှ မည်သည့်အတတ်ပညာရှင်ကမှ ယခုအချိန်ထိ မှန်ကန်အောင် မခန့်မှန်းနိုင်သေးပါ။ သို့သော် ငလျင်လှုပ်ပါက မည်သို့ဆောင်ရွက်သင့်သည်ကို သတိမူသင့်ပေသည်။