သမ္မတကြီး ပွင့်လင်းမြင်သာ အစီရင်ခံပါ

သမ္မတကြီး ပွင့်လင်းမြင်သာ အစီရင်ခံပါ
Published 5 January 2015
ဒေါက်တာရန်မျိုးသိမ်း

၂၀၁၅ ခုနှစ် နှစ်သစ်ကူးကာလတွင် နိုင်ငံတော်သမ္မတ အနေဖြင့် နှစ်ဟောင်းအခြေအနေများကို ပြန်လည်သုံးသပ်ပြီး နှစ်သစ်ကာလအတွက် အစီအစဉ်သစ်များ၊ လမ်းကြောင်းသစ်များ၊ မျှော်လင့်ချက်သစ်များနှင့် ကတိကဝတ်သစ်များကို ပြည်သူလူထုထံ အသိပေး ပြောကြားခြင်းသည် ပြည်သူကို မျက်နှာမူသော ခြေလှမ်းပင်ဖြစ်သည်။ သမ္မတသည် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ၊ ရှင်းလင်းနားလည် လွယ်ကူစွာ ပြည်သူလူထုကို အသိပေးနိုင်ရန် အရေးကြီးသည်။ တိုင်းရင်းသား ပြည်သူလူထု အနေဖြင့် သမ္မတ၏ ကတိကဝတ် စကားများနှင့်အတူ ၂၀၁၅ ခုနှစ်ကို ချိန်ထိုးဖြတ်သန်းနိုင်မည် ဆိုလျှင် ပိုမို အဓိပ္ပာယ်ပြည့်ဝမည် ဖြစ်သည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ၂၀၁၄ ခုနှစ် နိုင်ငံတော်အခြေအနေနှင့် ပတ်သက်၍ ပြည်သူသို့ အစီရင်ခံ တင်ပြချက်ကို ထုတ်လွှင့်ဖော်ပြခဲ့သည်။ သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ်သည် လက်ရှိအစိုးရ တာဝန်ယူပြီး တည်ဆောက်ခဲ့သော နိုင်ငံရေးဖြစ်စဉ်၏ အရေးကြီးသော လုပ်ငန်းစဉ်များကို အဆင့်ဆင့် အကောင်အထည်ဖော်ရမည့် နှစ်တစ်နှစ် ဖြစ်သည်ဟု လည်းကောင်း၊ နိုင်ငံရေးဖြစ်စဉ်၏ အရေးကြီးသော အပြောင်းအလဲများ၊ ဖြစ်ထွန်းတိုးတက်မှုများ ပေါ်ပေါက်လာမည့် နှစ်တစ်နှစ်အဖြစ် ရှုမြင်သုံးသပ်ရမည်ဟု လည်းကောင်း ပြည်သူသို့ အစီရင်ခံခဲ့သည်။သို့ရာတွင် သမ္မတသည် နိုင်ငံရေးဖြစ်စဉ်၏ အရေးကြီးသော လုပ်ငန်းစဉ်များကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ခြင်း မရှိသည့်အပြင် အဆင့်ဆင့် အကောင်အထည်ဖော်မည့် လမ်းကြောင်းကိုလည်း ပြည်သူလူထုအား အသိပေး ပြောကြားရန် ပျက်ကွက်ခဲ့သည်။ နိုင်ငံရေးဖြစ်စဉ်၏ အရေးကြီးသော အပြောင်းအလဲများကိုလည်း အတိအကျ ထုတ်ဖော်အသိပေးခြင်း မရှိပေ။ အရေးကြီးသော နိုင်ငံရေး အပြောင်းအလဲများနှင့် တိုက်ရိုက်ဆက်စပ်နေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တစ်လုံးတစ်ပါဒမျှ ထုတ်ဖော်မပြောခဲ့သည်မှာ သိသာမြင်သာသော အားနည်းချက်ကြီး ဖြစ်သည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသော အဆင့်တစ်ဆင့်ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတိုင်းတွင် နိုင်ငံရေး အင်အားစုအားလုံး ပါဝင်နိုင်သော အခြေအနေမျိုး ဖန်တီးနိုင်ခဲ့ခြင်း မရှိဟု သမ္မတက သုံးသပ်ခဲ့သည်။ မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက် ရွေးကောက်ပွဲများကို ပြန်လည်ခြေရာကောက်မည် ဆိုလျှင် လွတ်လပ်ပြီးခေတ်၊ ပထမဆုံး ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန် ၁၂ ရက်မှ ၁၉၅၂ ခုနှစ် ဇန်နဝါရီ ၃ ရက်အတွင်း ကျင်းပခဲ့သည်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများကို ၁၉၅၆ ခုနှစ်နှင့် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်တို့တွင် ထပ်မံကျင်းပခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရခေတ်၊ တစ်ပါတီစနစ်အောက် ရွေးချယ်တင်မြှောက်ပွဲများကို ၁၉၇၄ ခုနှစ် ဇန်နဝါရီလ၊ ၁၉၇၈ ခုနှစ် ဇန်နဝါရီလ၊ ၁၉၈၁ ခုနှစ် အောက်တိုဘာလ၊ ၁၉၈၅ ခုနှစ် အောက်တိုဘာလတို့တွင် ကျင်းပခဲ့သည်။ တစ်ကျော့ပြန် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများကို ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နှင့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်တို့တွင် ကျင်းပခဲ့သည်။လွတ်လပ်ပြီးခေတ် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ငါးကြိမ်နှင့် တစ်ပါတီစနစ်အောက် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ လေးကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ လွတ်လပ်ပြီးစ ပါလီမန် ဒီမိုကရေစီခေတ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ သုံးကြိမ် ကျင်းပခဲ့ပြီး တပ်မတော်အစိုးရများ လက်ထက်တွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲ ငါးကြိမ်အနက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးချုပ်ဟောင်းဦးနု အပါအဝင် ထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်ဟောင်းများ ပါဝင်နိုင်ခဲ့ခြင်း မရှိသော်လည်း နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် နှိုင်းယှဉ်ချက်အရ လွတ်လပ်၍ တရားမျှတမှုစံချိန် အမြင့်မားဆုံး ဖြစ်ခဲ့သည်ဟု သုံးသပ်မှုများလည်း ရှိခဲ့သည်။ သို့ဖြစ်၍ သမ္မတပြောကြားသော ရွေးကောက်ပွဲတိုင်းတွင် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သော အခြေအနေမျိုး ဖန်တီးနိုင်ခဲ့ခြင်း မရှိဟူသော အချက်သည် အငြင်းပွားဖွယ် ဖြစ်သည်ဟု သုံးသပ်နိုင်သည်။သမ္မတဦးသိန်းစိန်က ယနေ့ မြန်မာ့နိုင်ငံရေးသည် အားလုံးဝိုင်းဝန်းကြိုးပမ်း တည်ဆောက်မှုကြောင့် မတူညီသော၊ ဖယ်ထုတ်သော နည်းလမ်းများကို စွန့်ပယ်ပြီး နှစ်ဖက်စေ့စပ် ဆွေးနွေးခြင်း နည်းလမ်းများနှင့် အဖြေရှာသော နိုင်ငံရေးယဉ်ကျေးမှုသစ်ကို ပိုမိုအသက်ဝင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ အဓိက နိုင်ငံရေးအင်အားစု အားလုံး အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံရေး အင်အားစုများ အနေဖြင့် ရွေးကောက်ပွဲနည်းလမ်းမှ တစ်ဆင့် နိုင်ငံရေးအဖြေကို ရှာဖွေပြီး မှန်ကန်သော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ရေး ကြိုးပမ်းနေသော အခြေအနေများကြောင့် ၂၀၁၅ သည် နိုင်ငံရေးအရ ထူးခြားမှုရှိမည့်နှစ် ဖြစ်ကြောင်း ပြည်သူသို့ အစီရင်ခံခဲ့သည်မှာ စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။
၂၀၁၅ ခုနှစ်ကို နိုင်ငံရေးအရ အလွန့်အလွန် အရေးကြီးသောနှစ်ဟု ဆိုလင့်ကစား အစိုးရအနေဖြင့် အပြောင်းအလဲများနှင့် ဆက်စပ်၍ လည်းကောင်း၊ ရွေးကောက်ပွဲများနှင့် ဆက်စပ်၍ လည်းကောင်း၊ ပွင့်လင်းမြင်သာမှုနှင့် ပြင်ဆင်ဖွဲ့စည်းလိုမှုတို့ အားနည်းနေမည်ဆိုလျှင် အပြောင်းအလဲများသည် ပြည်သူကို ကိုယ်စားပြုနိုင်ခြေ၊ ပြည်သူကို မျက်နှာမူနိုင်ခြေ လျော့ရဲပျော့ပြဲ လာနိုင်ပါကြောင်း . . . . .

သို့သော် သမ္မတ၏ နှစ်ဖက်စေ့စပ်ဆွေးနွေးခြင်း နည်းလမ်းများနှင့် အဖြေရှာသော နိုင်ငံရေးယဉ်ကျေးမှုသစ်ကို ပိုမိုအသက်ဝင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဟု အစီရင်ခံမှုကို ပြည်သူအများစု အနေဖြင့် နားမလည်နိုင် ဖြစ်ရသည်။ အကယ်စင်စစ် နှစ်ဖက်စေ့စပ် ဆွေးနွေးခြင်း နည်းလမ်းများနှင့် အဖြေရှာခြင်းသည် နိုင်ငံရေးယဉ်ကျေးမှုသစ် မဟုတ်ပေ။ ရှေးကတည်းက ရှိရင်းစွဲ နိုင်ငံရေးလမ်းရိုး လမ်းဟောင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အတိုက်အခံများ၏ နိုင်ငံရေး အကျပ်အတည်းများ၊ ပြဿနာများကို ရေရှည်အမြင် ရှိရှိ၊ စစ်စစ်မှန်မှန် စေ့စပ်ဆွေးနွေး အဖြေရှာရေး တောင်းဆိုမှုများအား အကြောင်းအမျိုးမျိုးပြလျက် မျက်ကွယ်ပြုနေသည်မှာ သမ္မတဦးသိန်းစိန် အစိုးရပင် ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများသည်လည်း သောင်မတင်ရေမကျ ဖြစ်နေပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအဝင် နိုင်ငံအနှံ့ မြေသိမ်းယာသိမ်း ပဋိပက္ခများ ပိုမိုရှုပ်ထွေး လာနေခြင်းသည် အစိုးရအနေဖြင့် နှစ်ဖက်စေ့စပ်ဆွေးနွေးခြင်း နည်းလမ်းများကို ကျင့်သုံးနိုင်မှုတွင် အားနည်းချက်များ ရှိနေသည်ဟု သုံးသပ်နိုင်သည်။သမ္မတဦးသိန်းစိန် ပြည်သူ့ထံ အစီရင်ခံသကဲ့သို့ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ အဓိက နိုင်ငံရေး အင်အားစု အားလုံး အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲဟု သတ်မှတ်နိုင်ခြေကို ဆန်းစစ်ရန် လိုအပ်မည် ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံရေးပါတီ ၂၇ ပါတီက ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက် ခံခဲ့ရသည်။ ပါတီ ၂၇ ပါတီအနက် ပါတီ ၂၀ ခန့်သည် တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြုသော ပါတီများ ဖြစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲထက် နိုင်ငံရေးအင်အားစုများ၏ ကိုယ်စားပြုမှု မြင့်မားခဲ့ပြီး လွတ်လပ်၍ တရားမျှတမှု အပိုင်းတွင်လည်း သာလွန်ခဲ့သည်မှာ အထင်အရှား ဖြစ်သည်။လာမည့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးခေတ် မြန်မာ့နိုင်ငံရေး သမိုင်းတွင် အဓိကနိုင်ငံရေး အင်အားစုအားလုံး ပါဝင်ယှဉ်ပြိုင်မည့် ပထမဆုံး ရွေးကောက်ပွဲဟု သတ်မှတ်နိုင်ခြေ နည်းပါးသည်ဟု သုံးသပ်နိုင်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးအင်အားစုများ၏ ပါဝင်နိုင်ခြေသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲထက် မြင့်မားမည်ဟု သုံးသပ်နိုင်ရန် ခဲယဉ်းသည်။ နိုင်ငံရေး အင်အားစုများဟု ဆိုရာတွင် ပြည်သူကို လက်တွေ့ကျကျ ကိုယ်စားပြုနိုင်ရန် လိုအပ်မည် ဖြစ်သည်။ နိုင်ငံရေး ပါတီများအကြား ပြည်သူကို ကိုယ်စားပြုမှုသည် ကွဲပြားခြားနား နိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့ကို နှိုင်းယှဉ်လျှင် ရွေးကောက်ပွဲကော်မရှင် နှစ်ခု၏ အနေအထားသည်ပင် မိုးနှင့်မြေပမာ ကွာခြားသည်ကို တွေ့ရှိရသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကမကထပြု ကြပ်မတ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကော်မရှင်တွင် အငြိမ်းစား ဘဏ္ဍာတော်မင်းကြီး ဦးဘဌေး၊ အငြိမ်းစား ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ညွန့်၊ အငြိမ်းစား ချွေတာစုဆောင်းရေးနှင့် အာမခံစာချုပ်များ မင်းကြီး ဦးစန်းမောင်၊ အငြိမ်းစား ဗိုလ်မှူးချုပ် စောကြာဒိုး၊ ပါလီမန် အမတ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဆရာချယ်တို့ ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကော်မရှင်၏ ဖွဲ့စည်းမှုသည် ကြားနေသော၊ ဘက်မလိုက်သော၊ ပါတီအကျိုးစီးပွား ကင်းလွတ်သော၊ သမာသမတ်ကျသော သဘောသဘာဝများဘက်ကို ဦးတည်နေသည်ဟု ယေဘုယျ ကောက်ချက်ပြုနိုင်သည်။၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကြပ်မတ်ကျင်းပမည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဖွဲ့စည်းမှုသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကော်မရှင်နှင့် များစွာခြားနားသည်ကို တွေ့ရှိရသည်။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် ရှစ်ဦးပါဝင်ပြီး ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင်လေးဦးသည် အငြိမ်းစား တပ်မတော် အရာရှိကြီးများ ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းနှင့် ပါတီထိပ်တန်း ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ခြင်း၊ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နှစ်ဦးသည် အငြိမ်းစား စစ်မှုထမ်းဟောင်းများ ဖြစ်ခြင်းတို့သည် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ လွတ်လပ်၍ တရားမျှတနိုင်ခြေကို မလွဲမသွေ တိုက်စားမည် ဖြစ်သည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သော သမ္မတဦးသိန်းစိန်၏ အပတ်စဉ်တူ သူငယ်ချင်း ဖြစ်နေသည့် အချက်ကလည်း လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ၏ ဘက်မလိုက်မှု၊ ကြားနေမှု၊ သမာသမတ် ကျမှုတို့ကို ကြီးကြီးမားမား သံသယဖြစ်လာနိုင်ဖွယ် ရှိသည်။အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေဖြင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို မျက်နှာမူလျက် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးဖြစ်စဉ်၏ အရေးကြီးသော လုပ်ငန်းစဉ်များ၊ အရေးကြီးသော အပြောင်းအလဲများ၊ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှုများကို ပွင့်လင်းမြင်သာစွာ အသိပေး ထုတ်ပြန်သင့်သည်။ ၂၀၁၅ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများနှင့် ဆက်စပ်နေသည့် လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်တစ်ခုလုံး ပြင်ဆင်ဖွဲ့စည်းနိုင်ရေးကို နိုင်ငံတော်သမ္မတ အနေဖြင့် ကျောသားရင်သား မခွဲမခြား ဖော်ဆောင်သင့်သည်။ ၂၀၁၅ ခုနှစ်ကို နိုင်ငံရေးအရ အလွန့်အလွန် အရေးကြီးသောနှစ်ဟု ဆိုလင့်ကစား အစိုးရအနေဖြင့် အပြောင်းအလဲများနှင့် ဆက်စပ်၍ လည်းကောင်း၊ ရွေးကောက်ပွဲများနှင့် ဆက်စပ်၍ လည်းကောင်း၊ ပွင့်လင်းမြင်သာမှုနှင့် ပြင်ဆင်ဖွဲ့စည်းလိုမှုတို့ အားနည်းနေမည်ဆိုလျှင် အပြောင်းအလဲများသည် ပြည်သူကို ကိုယ်စားပြုနိုင်ခြေ၊ ပြည်သူကို မျက်နှာမူနိုင်ခြေ လျော့ရဲပျော့ပြဲ လာနိုင်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။

Most Read

Most Recent