၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား နေပြည်တော်တွင် ကျင်းပ

၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား နေပြည်တော်တွင် ကျင်းပ
Published 4 January 2015
စိုးမင်းထိုက်

၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဗိုလ်ရှုခံ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် နေပြည်တော်၌ ပြန်လည် ကျင်းပခဲ့သည်။အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။  ဗိုလ်ရှုခံ အခမ်းအနားတွင် နိုင်ငံတော် သမ္မတအား တပ်မတော် ကြည်း၊ ရေ၊ လေမှ ကိုယ်စားပြု အဖွဲ့များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားပြု အဖွဲ့များ၊ ကင်းထောက်အဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကိုယ်စားပြုအဖွဲ့များ စသည်ဖြင့် တက်ရောက်အလေးပြုကြသည်။လက်ရှိတွင် ပြုပြင်ပြောင်းလဲရေး တတိယလှိုင်း အဆင့်ကို အကောင်အထည်ဖော်နေသည့် နည်းတူ အောင်မြင်မှု အသီးအပွင့်များကို ပြည်သူများ အနေဖြင့် ရရှိခံစား နေရပြီဖြစ်ကြောင်း လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။နိုင်ငံတော် သမ္မတက “ကျွန်တော်တို့ အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ အောင်မြင်စေရန်အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍစုံ ပြုပြင်ပြောင်းလဲနိုင်အောင် လွှမ်းခြုံဆောင်ရွက် ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းဆိုပြီး နိုင်ငံရဲ့ ပကတိ အရှိတရားများကို အခြေခံတဲ့ လက်တွေ့ကျတဲ့ စနစ်တကျ အဆင့်ဆင့် အကောင်အထည်ဖော်ရာမှာ အခုဆိုရင် ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းကို အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး အဆင့်ဆင့်က ရရှိခဲ့တဲ့ အောင်မြင်မှုများ၊ အသီးအပွင့်များကို ပြည်သူများ ရရှိခံစားနေပြီ ဖြစ်ပါတယ်။ တတိယလှိုင်း အကောင်အထည်ဖော်မှု ကာလအတွင်းမှာလည်း ပြည်သူများ အနေနဲ့ ပြုပြင်ပြောင်းလဲရေး အသီးအပွင့်များကို ပိုမိုလျင်မြန်စွာ ခံစားနိုင်ရန်အတွက် အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ ပဋိပက္ခများ အခက်အခဲများကို အချိန်ကြာမြင့်စွာ ဖြတ်သန်းလာခဲ့တဲ့အတွက် အခြားနိုင်ငံများထက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတယ် ဆိုတာ ကျွန်တော်တို့အားလုံး သင်ခန်းစာ ရရှိပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။ဇန်နဝါရီ ၄ ရက်က နေပြည်တော်တွင် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား ကျင်းပမှု မြင်ကွင်းတစ်ခု
၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ဗိုလ်ရှုသဘင်အား ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခု ပါလီမန်ဒီမိုကရေစီခေတ်တွင် ပြန်လည် ကျင်းပခြင်းဖြစ်ကြောင်း၊ ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ် ပါလီမန်ဒီမိုကရေစီ စနစ်ကို ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှာ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ပြောင်းလဲဆောင်ရွက်ရာတွင် ကျွန်တော်တို့ အစိုးရအဖွဲ့ ကတိပြုခဲ့တာ တစ်ခုပဲ ရှိကြောင်း၊ အဲဒါ ဘာလဲဆိုတော့ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ကြောင်း၊ ဒီကနေ့ သန်း ၅၀ ကျော် ပြည်သူတွေရဲ့ တူညီတဲ့ အဓိကကျတဲ့ ဆန္ဒနှစ်ခု ရှိကြောင်း၊ အဲဒါကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးများ ဖြစ်ကြောင်း၊ ဒါကြောင့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးမူဘောင် အခြေခံမှာ ပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုများကို ဒီမိုကရေစီရဲ့ အနှစ်သာရများနဲ့အညီ ရရှိခံစားနိုင်ဖို့ ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စတင်ခဲ့ပြီး တစ်နှစ်ကျော် ကာလအတွင်းတွင် အစိုးရ လွှတ်တော် အသီးသီး၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု သက်ဆိုင်သူ အသီးသီးရဲ့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ညင်သာချောမွေ့စွာ ပြောင်းလဲဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ ဒါကြောင့်မို့ မြန်မာ့နိုင်ငံရေး ပြောင်းလဲဖွံ့ဖြိုး တိုးတက်မှုကို ကမ္ဘာ့နိုင်ငံ အသီးသီးက ချီးကျူးခဲ့ကြတဲ့အတွက် နိုင်ငံနဲ့ လူမျိုးအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ရကြောင်း၊ အဲဒီလို ငြင်သာချော့မွေ့တဲ့ အသွင်ကူးပြောင်းရေး ကာလမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး တရားစီရင်ရေး မဏ္ဍိုင်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အချိန်နဲ့အမျှ တည်ဆောက်ခဲ့တာကို နိုင်ငံရေး စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ အသစ်ရေးဆွဲ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားမှာ ၁၉၆၂ ခုနှစ် နောက်ပိုင်း ပထမဆုံးကျင်းပသည့် အခမ်းအနားဖြစ်ကြောင်း သိရသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ၁၉၄၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။၁၉၄၉ ခုနှစ်က ရန်ကုန်မြို့တော် ခန်းမရှေ့တွင် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား ကျင်းပခဲ့ကြောင်း၊ ၁၉၄၉ ခုနှစ်တွင် နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်နှင့် ဒေါက်တာဘဦးတို့ တက်ရောက်ခဲ့ကြောင်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ် ဗိုလ်ရှုခံ အခမ်းအနားကို ပြည်လမ်းတွင် ကျင်းပခဲ့ရာ၌ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦးနှင့် သမ္မတမန်းဝင်းမောင်တို့ တက်ရောက်ခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခြင်း မရှိတော့ကြောင်း၊ ၂၀၁၅ ခုနှစ် လွတ်လပ်ရေး ဗိုလ်ရှုခံ အခမ်းအနား ပြန်လည်ကျင်းပသည်မှာ နှစ် ၅၀ ကြာမှ ပြန်လည်ကျင်းပခြင်း ဖြစ်သည်။ 

Most Read

Most Recent