နိုင်ငံသား အခွင့်အရေး မပျောက်ဆုံး စေဖို့ ...

နိုင်ငံသား အခွင့်အရေး မပျောက်ဆုံး စေဖို့ ...
Published 4 January 2015
နေထွန်းနိုင်

(၁)အခု ရက်ပိုင်းတွေမှာ လှုပ်လှုပ်ခတ်ခတ် သတင်းတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ပထမဆုံး လှုပ်ခတ်ခဲ့တာက သီတဂူ ဆရာတော် မိန့်ကြားခဲ့တဲ့ စကား ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ သမ္မတ ဦးသိန်းစိန်ကို အကြိုက်ဆုံး ဖြစ်တယ်၊ လက်ရှိ အစိုးရကို နောက်ထပ် သက်တမ်းတစ်ခု ဆက်လက်ထမ်းဆောင် ခိုင်းသင့်တယ် ဆိုပြီး သီတဂူဆရာတော် အရှင်ဉာဏိဿရရဲ့ မိန့်ကြားချက်ကို ဒီဇင်ဘာ ၃ဝ ရက်ထုတ် ပြည်မြန်မာ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ အီရန်နိုင်ငံ မသွားခင် ရန်ကုန်လေဆိပ်မှာ   သတင်းထောက်ရဲ့ မေးမြန်းချက်ကို ဖြေကြားရင် မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်။အစောပိုင်းမှာတော့ သီတဂူဆရာတော် ဒီလိုမိန့်ကြားတာမျိုး မဖြစ်နိုင်ဘူးဆိုတဲ့ စကားသံတချို့ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ သီတဂူ ဆရာတော်ရဲ့ ပြောကြားချက် အသံကို ပြည်တွင်း FM လိုင်း တစ်ခုက ထုတ်လွှင့်ပြီးချိန်မှာ တကယ်ပြောခဲ့တယ် ဆိုတာကို သိခဲ့ကြပါတယ်။ဒါနဲ့ ဆက်စပ်နိုင်တဲ့ သတင်းတစ်ပုဒ်ကို ဇန်နဝါရီ ၁ ရက်ထုတ် ပေါ်ပြူလာ သတင်းဂျာနယ်မှာ တွေ့ရပါတယ်။ “သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက်ယှဉ်ပြိုင်မည်” ဆိုတဲ့ သတင်းပါ။ ပြည်ခိုင်ဖြိုးပါတီက အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးရဲ့ ထုတ်ဖော် ပြောကြားချက်ဆိုပြီး ရေးသားခဲ့တဲ့ သတင်းမှာ “၂ဝ၁၅ ခုနှစ်အလွန် အစိုးရသစ် သက်တမ်းတွင် သမ္မတ မလုပ်လိုတော့ကြောင်း ပြောကြားထားဖူးသည့် သမ္မတ ဦးသိန်းစိန်က လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်” လို့ ဖော်ပြခဲ့ပါတယ်။(၂)သီတဂူ ဆရာတော် မိန့်ကြားချက်၊ သမ္မတ ဦးသိန်းစိန်ရဲ့ ခြေလှမ်း ဒါတွေဟာ ဆက်စပ်မှု ရှိနိုင်ပါတယ်။ဒီထက်ပိုပြီး မေးခွန်း ထုတ်စရာက မြန်မာနိုင်ငံရေးမှာ ကျောင်းတော်နဲ့ နိုင်ငံရေး ကွဲကွဲပြားပြား မရှိတော့ဘူးလားဆိုတဲ့ အချက် ဖြစ်ပါတယ်။၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံမှာ ထင်ရှားလာတဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အသွင်ဆောင် အဓိကရုဏ်း၊ ပဋိပက္ခ၊ အငြင်းပွားဖွယ် ဖြစ်ရပ်တွေ၊ ၉၆၉ လှုပ်ရှားမှုတွေဟာ ကျောင်းတော်နဲ့ နိုင်ငံရေး ရောယှက်လာတာတွေကို ပေါ်လွင်စေခဲ့ပါတယ်။ဘာသာရေးဟာ ပါတီ၊ နိုင်ငံရေး လူပုဂ္ဂိုလ် တစ်ဦး၊ အဖွဲ့အစည်း တစ်ခုရဲ့ အသုံးချခံ လက်ကိုင်တုတ် မဖြစ်သင့်ပါဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ ပိုပြီး မဖြစ်သင့်ပါဘူး။အထူးသဖြင့် ဘာသာရေးနဲ့ နိုင်ငံရေး ရောယှက်တဲ့ပုံစံကို အိမ်နီးချင်း သီရိလင်္ကာနိုင်ငံမှာ တွေ့ရပါတယ်။ ဒါပေမဲ့ ဘာသာရေးကို Power Politics အဖြစ် အသုံးချလာတာမျိုးက ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မြန်မာနိုင်ငံအတွက် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချတဲ့ ပုံစံမျိုးတွေကို ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ္မ်ဘာသာ ကိုးကွယ်သူတွေကြားမှာ တွေ့ရလေ့ ရှိပါတယ်။ အခု ဖြစ်လာတဲ့ ပုံစံတွေကို ကြည့်ခြင်းအားဖြင့် ဘာသာရေးနဲ့ နိုင်ငံရေး ရောယှက်ခြင်း သီရိလင်္ကာ ပုံစံမျိုး မြန်မာနိုင်ငံမှာ ဖြစ်လာပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။သီတဂူ ဆရာတော်ဟာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဖြစ်ပါတယ်။ တစ်ဦးတည်းရဲ့ ယုံကြည်ချက်နဲ့ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်း တစ်ခု၊ အသင်းအဖွဲ့ တစ်ခု အနေနဲ့ မြန်မာ့ နိုင်ငံရေးမှာ ဘာသာရေးက ဝင်ပြီး ရောယှက်လာပြီ ဆိုရင်တော့ ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေပါတယ်။တစ်ဖက်မှာလည်း တစ်ဦး တစ်ယောက်ချင်းစီရဲ့ သဘောထား ထင်မြင်ချက် မဟုတ်ဘဲ မဘသလို ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေက တစ်ဆင့် မဲဆွယ် စည်းရုံးတာတွေ လုပ်ခဲ့မယ်ဆိုရင် ဒါဟာ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ငြိစွန်း နေပါတယ်။(၃)နောက်ထပ် လှုပ်ခတ်ခဲ့တဲ့ သတင်းက ဒီဇင်ဘာ ၃ဝ ရက်မှာ လုပ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ပြည်သူလူထု ဆုံးဖြတ်ချက် မှားမှာကို အဓိက စိုးရိမ်ကြောင်း ထုတ်ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အောင်မြင်မှု ဘာတွေ ရှိသလဲ ဆိုတာ ပြောပြစရာတောင် မရှိဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။ထူးခြားတာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်၊ မဝင် အတည်ပြုဖို့ စောနေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ အဓိက အနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကို ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ တရားဝင်ကြေညာခြင်း မရှိသေးတာကြောင့် ပြောဖို့ စောနေတယ်လို့ သူက ဆိုခဲ့တာပါ။ဒီဇင်ဘာ ၃၁ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် တစ်စောင်ကို အမြန်ထုတ်လိုက်ပါတယ်။၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ကျင်းပမယ်လို့ တရားဝင် ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။  ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်နဲ့ မရှေးမနှောင်း တက်သုတ်ရိုက် ထုတ်ပြန်ခဲ့တဲ့ ကော်မရှင် ကြေညာချက်ကလည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲ ပြုလုပ်မယ့် အချိန် အတိအကျ တရားဝင် ထုတ်ပြန်လိုက်တာမို့ ရွေးကောက်ပွဲအကြို မဲပေးပိုင်ခွင့်ရှိသူ စာရင်းက အာရုံစိုက်စရာ ဖြစ်လာပါတယ်။၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အရေးကြီးဆုံးက မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း ဖြစ်ပါတယ်။မကြာသေးမီက လုပ်ခဲ့တဲ့ ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာတော့ မဲပေးပိုင်ခွင့်ရှိသူ စာရင်း မပြည့်မစုံ ဖြစ်ခဲ့တာမို့ ရွေးချယ်ခံ ကိုယ်စားလှယ်လောင်းတွေရော၊ ပြည်သူတွေပါ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခဲ့ကြ ရပါတယ်။    (၄)ကမောက်ကမ ဖြစ်စဉ်တွေနဲ့ ရန်ကုန်စည်ပင် ရွေးကောက်ပွဲက ဒီဇင်ဘာ ၂၇ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေကို ကန့်ကွက်သူတွေ ရှိခဲ့ပါတယ်။ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ပါဝင် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ကိုယ်တိုင် သူနေထိုင်တဲ့ မြို့နယ်မဲစာရင်းမှာ နာမည် မပါခဲ့တာ၊ ထင်ရှားကျော်ကြားသူတွေ အပါအဝင် လူပုဂ္ဂိုလ် အများစုရဲ့ နာမည်တွေ မဲစာရင်းမှာ ရှိမနေခဲ့တာ စတာတွေက ရုပ်ပျက်ဆင်းပျက် နိုင်ခဲ့ပါတယ်။  ရန်ကုန်စည်ပင် ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်မဝင်စားတာက ပထမအချက် ဖြစ်ပါတယ်။မဲပေးပိုင်ခွင့် ရှိသူ လေးသိန်းကျော်မှာ တစ်သိန်းကျော်ပဲ လာရောက် မဲပေးခဲ့တယ်။ မဲပေးသူ ၂၅ ဒသမ ၈၈ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။မဲစာရင်း မပြည့်စုံတာက ဒုတိယအချက် ဖြစ်ပါတယ်။ ကြိုတင်မဲနဲ့ သေပြီးသူများ မဲပေးခဲ့တဲ့ ဖြစ်စဉ်ကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကြုံခဲ့ပြီးပါပြီ။ ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ သေသူတွေ မဲလာပေးခဲ့တာမျိုး မရှိပေမဲ့ ရှင်သူတွေ မဲစာရင်း ပါမလာတာက အများဆုံး ဖြစ်ခဲ့ပါတယ်။(၅)ရန်ကုန်စည်ပင် ရွေးကောက်ပွဲကို ပြည်သူ စိတ်ဝင်စားမှု နည်းခဲ့ပေမယ့် ဝင်ပြိုင်သူ များခဲ့ပါတယ်။ကိုယ်စားလှယ်လောင်း ၂၉၃ ဦး ဝင်ပြိုင်တယ်။ ၁၁၅ ဦး ရွေးချယ်ခံခဲ့ရပါတယ်။မြို့တော်အဆင့် ကော်မတီဝင် လေးနေရာအတွက် ကိုယ်စားလှယ်လောင်း ၃၈ ဦး ဝင်ပြိုင်ခဲ့ပါတယ်။ ဝင်ပြိုင်ခဲ့တဲ့ ကော်မတီဝင် လောင်းတွေထဲမှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဦးဝင်းချို၊ လူထု အခြေပြု အရပ်ဘက် အဖွဲ့အစည်းဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်နေတဲ့ နော်လှလှစိုး (ခ) စူဇန်နာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ NLD ဦးညွန့်ဝေရဲ့ သမီးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံရှိသူ ဖြစ်တဲ့ ဒေါ်မေအုံးညွန့်ဝေတို့လည်း ပါခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေ အရွေးမခံရပါဘူး။မြို့တော် ကော်မတီ အဆင့်ကို မြို့တော်ဝန် ကိုးဦးနဲ့ ဖွဲ့စည်းကြမှာ ဖြစ်ပါတယ်။ လေးဦးကို ရွေးကောက်ပွဲက တစ်ဆင့်ရွေးပြီး ကျန်တဲ့ လေးဦးကို မြို့တော်ဝန်က ရွေးချယ်မှာပါ။ ဒီအတွက် ရွေးကောက်ပွဲကတက်မယ့် လေးဦးက အရေးကြီးပါတယ်။
ပြည်ပကို အကြောင်း အမျိုးမျိုးကြောင့် ရောက်နေတဲ့သူတွေ အနေနဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်း ကြေညာချိန်မှာ ကိုယ့်နာမည် ပါရှိခြင်း ရှိ၊ မရှိ ဆိုတာကို စိစစ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာပြီး ဖြစ်စေ၊ အခြားနည်းလမ်းတွေနဲ့ ဖြစ်စေ စိစစ် ကြရပါမယ်။ မှတ်ပုံတင် မရှိသူတွေလည်း အချိန်မီ ပြန်လုပ်ကြဖို့ လိုပါတယ်။ အကယ်၍ မဲပေးပိုင်ခွင့် စာရင်းမှာ ပါမလာဘူး၊ မှတ်ပုံတင်လည်း မရှိဘူး။ သန်းခေါင်းစာရင်းမှာလည်း ပါမနေဘူး ဆိုရင် နိုင်ငံသား အခွင့်အရေးကို သာမက နိုင်ငံသား ဖြစ်ခွင့်ကိုပါ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ နိုင်ငံမဲ့ နိုင်ငံသားတွေ ဖြစ်သွားပါလိမ့်မယ် . . . . .

အရေးကြီးတဲ့ လေးနာရာ အတွက် စီးပွားရေး လုပ်ငန်းကြီးတွေ ပိုင်ဆိုင်ထားတဲ့ ဦးဌေးအောင်(ဆာကူရာ)၊ လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးခင်လှိုင် (ဇောတိက)၊ လုပ်ငန်းရှင် ဦးခင်မောင်တင့်နဲ့ ဒေါက်တာအေးမင်းတို့ ရွေးချယ်ခံရပါတယ်။ဒီလေးဦးထဲမှာ သမ္မတအပေါ် ဩဇာကြီးတဲ့ နိုင်ငံတော်သမ္မတ အကြံပေးတစ်ဦးရဲ့ ဆွေးမျိုးတစ်ဦးလည်း ပါနေပြန်ပါတယ်။ ခြုံကြည့်ရင်တော့ အစိုးရနဲ့ အဆင်ပြေနိုင်တဲ့သူတွေ ပိုများပြီး အတိုက်အခံ မဟုတ်တောင် အစိုးရကို ဓမ္မဓိဋ္ဌာန်ကျကျ၊ ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြရဲသူတွေ နည်းတာကို တွေ့ရပါတယ်။တကယ်လို့သာ မဲပေးပိုင်ခွင့်ရှိသူ လေးသိန်းကျော်လုံး မဲပေးခဲ့ရင်၊ မဲပေးနိုင်သူ စာရင်းမှာ နာမည်ကျန်ခဲ့သူ အများအပြား မရှိခဲ့ရင် အဖြေတစ်မျိုး ထွက်နိုင်ပါတယ်။စည်ပင်ရွေးကောက်ပွဲ အခြေအနေက ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် သတိပေးမှု ဖြစ်လာခဲ့ပါတယ်။(၆)၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ လုပ်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ အချိန် ၁ဝ လပဲ ကျန်ပါတော့တယ်။ ကျန်နေတဲ့ ကာလအတွင်း မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ မဲစာရင်း ပြည့်စုံ မှန်ကန်နိုင်အောင် ပြုစုဖို့ အရေးကြီးလာပါတယ်။၁၉၉ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက မဲပေးပိုင်ခွင့်ရှိသူ သန်း ၂ဝ ကျော် ရှိခဲ့ပါတယ်။ ၁၅ သန်းကျော် လာရောက် မဲပေးခဲ့ကြပါတယ်။ မဲပေးသူ ၇၂ ဒသမ ၅၉ ရာခိုင်နှုန်း ရှိပါတယ်။မဲပေးသူ ၁၅ သန်းကျော်မှာ ခိုင်လုံမဲ ၁၃ သန်းကျော် ရခဲ့တယ်။ ခိုင်လုံမဲ ၈၇ ဒသမ ၇ ရာခိုင်နှုန်း ရရှိခဲ့တာပါ။ ပယ်မဲ၊ ဖျောက်မဲ၊ ထပ်မဲ ရာခိုင်နှုန်းက ၁၂ ဒသမ ၃ ရာခိုင်နှုန်း ရှိပါတယ်။အဲဒီ အချိန်က မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ကို  သတ်မှတ်တဲ့ အခါ ၁၉၇၃ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းနဲ့ ၁၉၈၃ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ လူဦးရေ သန်းခေါင်းစာရင်းကို အခြေခံခဲ့ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက အမှန်ကန်ဆုံးနဲ့ အတိအကျဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ကော်မရှင်ဥက္ကဋ္ဌ အငြိမ်းစား ဘဏ္ဍာတော်မင်းကြီး ဦးဘဌေးနဲ့ အဖွဲ့ဝင် လေးဦးစလုံးကို အများပြည်သူက လေးစားရတဲ့အထိ သမာသမတ်ကျအောင် ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ်နဲ့ မဆိုင်တဲ့ စကားအပိုတွေ မပြောဘဲ အလုပ်နဲ့ သက်သေပြခဲ့ကြသူတွေပါ။ ကော်မရှင် အဖွဲ့ခွဲတွေရဲ့ သမာသမတ် ကျမှုကလည်း အတုယူစရာ ဖြစ်ပါတယ်။၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ကော်မရှင် အဖွဲ့ခွဲတွေရဲ့ သမာသမတ်ကျမှု ဘယ်လောက်ရှိမယ်ဆိုတာ စောင့်ကြည့်ရပါမယ်။ နှစ်နှစ်တာ ကာလအတွင်း ကော်မရှင် အဖွဲ့ခွဲတွေမှာ တာဝန်ထမ်းဆောင်ဖို့ တပ်မတော်ဘက်ကနေ ပြောင်းရွှေ့ထားသူ အရာရှိ ၁ဝဝ နီးပါး ရှိပါတယ်။ ကော်မရှင် အဖွဲ့ခွဲတွေမှာ တပ်မတော် အရာရှိတွေကို တာဝန်ပေးနေတာမျိုး ရပ်သင့်ပါပြီ။ တပ်မတော်နဲ့ ပတ်သက်လာရင် ပြည်သူလူထုက သူတို့ရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို မေ့ပျောက်ခြင်း မရှိသေးပါဘူး။ အကယ်၍ ၂ဝ၁၅ ရွေးကောက်ပွဲက သန့်ရှင်းမျှတမှု မရှိဘူး။ ညစ်လုံးတွေ ဖြစ်လာခဲ့မယ် ဆိုရင် ပြည်သူလူထု ပေါက်ကွဲလာနိုင် ပါတယ်။(၇)၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရှိသူ၊ ဆန္ဒမဲ အရေအတွက် အငြင်းပွားစရာတွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲ၊ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွေ မှာတော့ အငြင်းပွားစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲက အဆုံးအဖြတ် တစ်ခုတော့ မဟုတ်ပါဘူး။ သန့်ရှင်း မျှတမှုအတွက် မှတ်ကျောက်တင်ဖို့ မလုံလောက်သေးပါဘူး။၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ၊ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ဖြစ်ခဲ့တာတွေက အာဏာရှင် နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ ရွေးကောက်ပွဲ ပုံစံမျိုးတွေ ဖြစ်ခဲ့ပါတယ်။ ပိုသာခဲ့တဲ့ အချက်က မဲရုံမပိတ်ခင်သာ မကဘဲ မဲရုံပိတ်ပြီး ချိန်မှာပါ ရောက်လာတဲ့ ကြိုတင်မဲတွေ ဖြစ်ပါတယ်။မဲပေးမှုနဲ့ ပတ်သက်ပြီး ကျေးလက်ဒေသတွေမှာ ခြိမ်းခြောက်ခံရတာ၊ မဲပေးနိုင်သူ စာရင်းမှာ သေဆုံးပြီး သူတွေရဲ့ နာမည်တွေ ပါနေတာ၊ နေရာ မတူညီတဲ့မဲ ရုံတွေမှာ နာမည်နှစ်ခါ ပါနေတာ၊ ယာယီနေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခိုင်းခဲ့တာ၊ မဲဆန္ဒရှင်တွေ မဲပေးကြတဲ့အခါ သူတို့ နာမည်နဲ့ မဲပေးပြီး ဖြစ်နေတာ၊ ဒီလို ဖြစ်စဉ်တွေကို ဇင်ဘာဘွေ နိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တွေ့ရှိခဲ့ကြရပါတယ်။  လာမယ့် ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ဒီလိုမျိုးတွေ မဖြစ်ဖို့ဆိုရင် မဲပေးနိုင်သူစာရင်း မှန်ကန်တိကျရေးက အခြေခံကျတဲ့ အဓိကအချက် ဖြစ်ပါတယ်။ ဒါကို ဖော်ဆောင်နိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ တာဝန် ရှိပါတယ်။ ဒုတိယ တာဝန် အရှိဆုံးက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဖြစ်ပါတယ်။(၈)ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂ဝ၁၄ ခုနှစ်မှာ ကောက်ယူ ခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့ လူဦးရေ စာရင်းကို အခုချိန်ထိ မသိရသေးပါဘူး။ ကနဦး ထုတ်ပြန်ထားတဲ့ လူဦးရေ ၅၁ သန်းကျော်ဟာ ရှေ့ပြေး သန်းခေါင်းစာရင်း ရလဒ် ဖြစ်ပါတယ်။၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ထုတ်ပြန်ချိန်က ဖော်ပြခဲ့တဲ့ တရားဝင် စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၇ သန်းကျော်၊ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့် ရှိသူက ၂၇ သန်းကျော် ရှိခဲ့တယ်လို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်တိုးက ထုတ်ပြန်ခဲ့ပါတယ်။ဒီဇင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သော ရန်ကုန်စည်ပင် ရွေးကောက်ပွဲတွင် မဲပေးနေသူ တစ်ဦး
ပြီးခဲ့တဲ့ နှစ်က ထုတ်ပြန်ခဲ့တဲ့ ရှေ့ပြေး သန်းခေါင်စာရင်းမှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ ဦးအောင်တိုး ပြောခဲ့တာက ၅၇ သန်းကျော် ဖြစ်ပါတယ်။ ခြောက်သန်း ပျောက်ဆုံးနေပါတယ်။ ယေဘုယျ ပြောဆိုကြတဲ့ သန်း ၆ဝ ဆိုတဲ့ ပမာဏနဲ့ ချိန်ဆရင် ကိုးသန်းကျော် ပျောက်ဆုံးနေပါတယ်။  ပျောက်ဆုံးနေတဲ့ လူဦးရေ ခြောက်သန်းကျော်ဟာ ပြည်ပကို ရောက်ရှိနေသူတွေလည်း ဖြစ်နိုင်ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း အခြားနိုင်ငံသား ခံယူသွားတဲ့ တိုင်းရင်းသားတွေလည်း ပါနိုင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ အရေးကြီးတာက လူဦးရေ အတိအကျ စာရင်း ဖြစ်ပါတယ်။ပြီးပြည့်စုံတဲ့ လူဦးရေ သန်းခေါင်းစာရင်း ရလဒ် (ပင်မ သန်းခေါင်စာရင်း)ကို ၂ဝ၁၅ ခုနှစ် မေမှာ ထုတ်ပြန်မယ်လို့ အစိုးရ တာဝန်ရှိသူတွေ ပြောထားပါတယ်။ အသေးစိတ် အစီရင်ခံစာနဲ့ သန်းခေါင်းစာရင်း အခြား ရလဒ်တွေကို နိုဝင်ဘာလ နှောင်းပိုင်းမှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။၂ဝ၁၅ ခုနှစ် မေရောက်မှ ပင်မသန်းခေါင်စာရင်း ရလဒ် သိရမယ် ဆိုရင် ရွေးကောက်ပွဲနဲ့ အချိန် သိပ်ကပ်သွားပါပြီ။ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းက ၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းမှ ထွက်နိုင်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ခန့်မှန်းကြပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်နဲ့ အတော် နီးပါတယ်။ ဒီအပေါ် မူတည်ပြီး မဲပေးပိုင်ခွင့်ရှိသူ စာရင်း မတည်မငြိမ် ဖြစ်လာနိုင်ပါတယ်။(၉)နောက်ထပ် အရေးကြီးတာက သန်းခေါင်းစာရင်း မရှိသူတွေနဲ့ မှတ်ပုံတင် မရှိသူတွေ များနေတဲ့ အချက် ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ဝ ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တွေ့ချိန်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော် ပြောခဲ့တာ ရှိပါတယ်။သန်းခေါင်စာရင်း ရှိမှ မှတ်ပုံတင် လုပ်ပေးတဲ့ လဝက (လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန)မူကြောင့် မှတ်ပုံတင် မရှိသူတွေ များပြီး နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသူတွေ ရှိနေတယ်လို့ ပြောခဲ့တာပါ။ သူပြောတဲ့ အချက် မှန်ပါတယ်။နာဂစ်မုန်တိုင်းလို သဘာဝ ဘေးအန္တရာယ် ကပ်ဘေး သင့်ခဲ့သူတွေ၊ ရွှေ့ပြောင်း လုပ်သားတွေမှာ သန်းခေါင်းစာရင်းရော မှတ်ပုံတင်ပါ မရှိသူ များပါတယ်။ အခြား အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်ရော၊ သန်းခေါင်စာရင်း မရှိသူပါ ရှိနေပါတယ်။ကိုယ့်နိုင်ငံသား မဟုတ်တဲ့ သူတွေ လက်ထဲမှာ မှတ်ပုံတင်တွေ အလွယ်တကူ ရှိနေချိန်မှာ မြန်မာစကား ပြော၊ မြန်မာစစ်စစ်တွေဆီမှာ မှတ်ပုံတင် ရှိမနေတာဟာ ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။
ပြည်တွင်း၊ ပြည်ပမှာ နေထိုင်နေသူ မြန်မာနိုင်ငံသား မည်သူမဆို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်ငံသား အခွင့်အရေး မပျောက်ဆုံးစေဖို့၊ နိုင်ငံမဲ့ နိုင်ငံသားတွေ ဖြစ်မသွားဖို့ ဆိုရင် (၁) မှတ်ပုံတင် ရှိရပါမယ် (၂) သန်းခေါင်းစာရင်း ရှိဖို့နဲ့ စာရင်းမှာ ကိုယ်ပါနေဖို့ လိုပါတယ် (၃) မဲပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ကိုယ်နာမည် ပါမပါ ဆိုတာကို အသေအချာ စိစစ်ရပါမယ်၊ မပါရင် ပါအောင် လုပ်ရပါမယ်။ ဒီသုံးချက်က အရေးကြီးဆုံးပဲ . . . . .

ဇန်နဝါရီ ၃ ရက်က မြန်မာ့အလင်း သတင်းစာမှာ လဝကရဲ့ ထုတ်ပြန်ချက် တစ်ရပ်ကို ဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့ လေးနှစ်တာ ကာလမှာ မိုးပွင့်စီမံချက်နဲ့ လူဦးရေ လေးသန်းကျော်၊ အိမ်ထောင်စု ခြောက်သိန်းကျော်အတွက် မှတ်ပုံတင်တွေ ထုတ်ပေးခဲ့တယ်။ ကျန်နေတဲ့ သူတွေအတွက် မိုးပွင့်စီမံချက်(အထူး) အနေနဲ့ ခြောက်လအတွင်း နိုင်ငံအနှံ့ ကွင်းဆင်း လုပ်ပေးမယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ လဆန်းကစပြီး ဇွန်လကုန်အထိ လုပ်ပေးမယ်လို့ သူတို့က ပြောခဲ့ပါတယ်။ရွေးကောက်ပွဲအတွက် မဲပေးတဲ့ အခါ မှတ်ပုံတင်ရှိမှ မဲပေးပိုင်ခွင့် ရှိမှာပါ။ နေထိုင်ကြောင်း တစ်ခုတည်းနဲ့ မရပါဘူး။ ဒီအတွက် မဲပေးပိုင်ခွင့် ရှိသူတိုင်း မှတ်ပုံတင် ရှိနေဖို့ လိုပါတယ်။ မှတ်ပုံတင် ကိစ္စအတွက် လဝကမှာ တာဝန်ရှိပါတယ်။(၁၀)နိုင်ငံသား အစစ်အမှန် ဖြစ်သူတွေ မှတ်ပုံတင်ရဖို့ လိုအပ်နေသလို နိုင်ငံသား မဟုတ်သူတွေ ကိုင်ထားတဲ့ မှတ်ပုံတင်တွေကိုလည်း ပြန်စိစစ်ဖို့ လိုပါတယ်။ရခိုင်ပြည်နယ် မြောက်ပိုင်းက ယာယီနေထိုင်ခွင့် လက်မှတ် ကိုင်ထားသူတွေကို ဆန္ဒမဲ ပေးခွင့်ပြုမှာ မဟုတ်တဲ့အတွက် သူတို့က ပြဿ နာရှိမှာ မဟုတ်တော့ပါဘူး။ဒါပေမဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တရုတ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်တွေကို ပြန်ပြီး စိစစ် ရပါလိမ့်မယ်။ အဲဒီ မှတ်ပုံတင်တွေနဲ့ မဲပေးတာကို ခွင့်ပြုချက် မပေးဖို့ ကန့်သတ်မှုတွေ လုပ်ရပါလိမ့်မယ်။အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ရှေ့ပြေးသန်းခေါင်စာရင်း ရလဒ်အရ ရှမ်းပြည်နယ်ထဲမှာ ရှိသင့်တဲ့ လူဦးရေထက် တစ်သန်းကျော် ပိုနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ လဝကဘက်က ဒီသတင်းကို ငြင်းပါတယ်။ ကချင်ဘက်မှာ ပြဿနာတချို့ ရှိတယ်။ လိုင်ဇာနားမှာပဲ ရှိတဲ့ ရွာတွေကို မကောက်နိုင်ခဲ့ဘူးလို့ သူတို့က ဆိုပါတယ်။တိုင်းရင်းသား အဖွဲ့တွေရဲ့ အဆိုအရ ကိန်းဂဏန်း အတိအကျ မသိရပေမဲ့ ရှမ်းပြည်နယ်ထဲမှာ မြန်မာမှတ်ပုံတင် ကိုင်ထားသူ တရုတ်တွေ အမြောက်အမြား ရှိနေတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မှာတင် မကပါဘူး။ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအထိ ရောက်ရှိ နေထိုင်နေသူတွေ ရှိနေပါတယ်။သူတို့ရဲ့ နိုင်ငံသားဖြစ်မှုကို ပြန်စိစစ်ကြရမှာပါ။ ထိုင်းနိုင်ငံမှာ ဆိုရင် သူတို့ရဲ့ နိုင်ငံတော်သီချင်းကို ကျွမ်းကျွမ်းကျင်ကျင် ဆိုတတ်သလား၊ သူတို့ ဘာသာစကားကို ရေလည်အောင် ပြောတတ်သလား ဆိုတဲ့ ပေတံနဲ့ တိုင်းပါတယ်။ မြန်မာနိုင်ငံလည်း ထိုင်းနိုင်ငံက ပုံစံအတိုင်း ကျင့်သုံးပြီး မှတ်ပုံတင်ကို စိစစ်ရပါမယ်။နိုင်ငံသား မဟုတ်သူတွေရဲ့ မှတ်ပုံတင်တွေကို သေချာဆန်းစစ်ပြီး မသိမ်းဆည်းဘူး ဆိုရင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကြီးမားတဲ့ ပြဿနာတွေ ရှိလာမှာပါ။ အချိန် မရှိတော့ပါဘူး။    (၁၁)ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲပေးပိုင်ခွင့် ရှိသူတွေ အပေါ် သတ်မှတ်ထားတဲ့ အချက် တချို့ကိုလည်း ပြန်ပြီး စိစစ်ဖို့ လိုပါတယ်။ဥပမာ အနေနဲ့ မဲစာရင်းပြုစုခြင်း အခန်းမှာ ပါနေတဲ့ အချက်တစ်ခုကို ပြောချင်ပါတယ်။မဲပေးပိုင်ခွင့် ရှိသူ တစ်ဦးဟာ သူနေထိုင်ရာ မြို့နယ်က ကိုယ်စားလှယ်လောင်းတွေကို မဲပေးချင်ရင် အဲဒီ မြို့နယ်မှာ အနည်းဆုံး ရက် ၁၈ဝ (ပျှမ်းမျှ အချိန်ခြောက်လ) နေထိုင်ထားသူ ဖြစ်ရမယ်လို့ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ခြောက်လ မပြည့်ဘူး ဆိုရင် ကိုယ်အရင်နေခဲ့တဲ့ နေရာကို ပြန်သွားပြီး မဲပေးရပါမယ်။ အနည်းဆုံး ခြောက်လ နေထိုင်ထားပေမဲ့ အရင် နေခဲ့တဲ့ နေရာကို ပြန်ပြီး မဲမပေးချင်ဘူးဆိုရင် အခုနေထိုင်ရာ အရပ်မှာ မဲပေးဖို့ ထောက်ခံချက် ယူရမှာ ဖြစ်ပါတယ်။ရက်ပေါင်း ၁၈ဝ၊ ပျှမ်းမျှ အချိန်ခြောက်လ သတ်မှတ်ချက်က သာမန် မဲဆန္ဒရှင် တစ်ဦးအတွက် များပါတယ်။မြန်မာနိုင်ငံတွင်း နေထိုင်နေတဲ့ မဲပေးပိုင်ခွင့် ရှိသူ စာရင်းမှာ ရွေ့ပြောင်းလုပ်သား အများအပြား ပါဝင်ပါတယ်။ ရေကြည်ရာမြက်နု ရွေ့ပြောင်း နေရသူတွေလည်း ရှိပါတယ်။ နေရာ အတည်တကျ မရှိသူတွေ အများအပြား ရှိပါတယ်။သူတို့အတွက် ရက် ၁၈ဝ ဆိုတာ များလွန်းပါတယ်။ ရန်ကုန်မြို့ပြင်မှာ နေထိုင်သူ တစ်ဦးက မြို့ထဲ ပြောင်းနေတဲ့အတွက် မြို့ပြင်ပြန်ပြီး မဲပေးရတာ အရမ်းခက်ခဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ပြောင်းလာသူ တစ်ဦးအဖို့ ရခိုင်ပြည်နယ်ပြန်ပြီး မဲပေးဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ လက်လုပ်လက်စား သာမန်လူတန်းစား ဖြစ်နေရင် ပိုပြီးတော့ ခက်ခဲပါလိမ့်မယ်။ နေရပ်ပြန်ပြီး မဲပေးမှာ မဟုတ်တော့ပါဘူး။ မဲပေးပိုင်ခွင့် ဆုံးရှုံးပါမယ်။(၁၂)ဘယ်လိုပဲ ဖြစ်ဖြစ် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရှိသူတွေ မဲပေးကြဖို့ လိုပါတယ်။ မဲပေးပိုင်ခွင့် အပြည့်အဝ ရှိဖို့ လိုပါတယ်။ ကိုယ့်ဒေသကိုပြန်ပြီး မဲပေးတာပဲ ဖြစ်ဖြစ်၊ ကိုယ်ရောက်ရှိနေရာ အရပ်ကနေ မဲပေးတာပဲ ဖြစ်ဖြစ် မဲပေးဖို့ လိုပါတယ်။ပြည်ပကို အကြောင်း အမျိုးမျိုးကြောင့် ရောက်နေတဲ့သူတွေ အနေနဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်း ကြေညာချိန်မှာ ကိုယ့်နာမည် ပါရှိခြင်း ရှိ၊ မရှိ ဆိုတာကို စိစစ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာပြီး ဖြစ်စေ၊ အခြားနည်းလမ်းတွေနဲ့ ဖြစ်စေ စိစစ် ကြရပါမယ်။ မှတ်ပုံတင် မရှိသူတွေလည်း အချိန်မီ ပြန်လုပ်ကြဖို့ လိုပါတယ်။အကယ်၍ မဲပေးပိုင်ခွင့် စာရင်းမှာ ပါမလာဘူး၊ မှတ်ပုံတင်လည်း မရှိဘူး။ သန်းခေါင်းစာရင်းမှာလည်း ပါမနေဘူး ဆိုရင် နိုင်ငံသား အခွင့်အရေးကို သာမက နိုင်ငံသား ဖြစ်ခွင့်ကိုပါ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ နိုင်ငံမဲ့ နိုင်ငံသားတွေ ဖြစ်သွားပါလိမ့်မယ်။ပြည်တွင်း၊ ပြည်ပမှာ နေထိုင်နေသူ မြန်မာနိုင်ငံသား မည်သူမဆို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်ငံသား အခွင့်အရေး မပျောက်ဆုံးစေဖို့၊ နိုင်ငံမဲ့ နိုင်ငံသားတွေ ဖြစ်မသွားဖို့ ဆိုရင် (၁) မှတ်ပုံတင် ရှိရပါမယ် (၂) သန်းခေါင်းစာရင်း ရှိဖို့နဲ့ စာရင်းမှာ ကိုယ်ပါနေဖို့ လိုပါတယ် (၃) မဲပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ကိုယ်နာမည် ပါမပါ ဆိုတာကို အသေအချာ စိစစ်ရပါမယ်၊ မပါရင် ပါအောင် လုပ်ရပါမယ်။ ဒီသုံးချက်က အရေးကြီးဆုံးပဲ။  ရွေးကောက်ပွဲ ကော်မရှင်ကလည်း မဲစာရင်း တိကျမှန်ကန်ဖို့ အစွမ်းကုန် လုပ်ဆောင်ပေးရပါမယ်။ အစိုးရ သတင်းစာတွေကနေ ဝတ်ကျေတန်းကျေ ကြေညာချက် ထုတ်ပြီး ဖြည့်ရမယ့် ပုံစံတွေကို ပြောနေတာထက် သာမန်လူတိုင်း နားလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ရှင်းလင်းရပါမယ်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုသာ မကဘဲ ကော်မရှင် အဖွဲ့ခွဲတွေရဲ့ ဆောင်ရွက်လှုပ်ရှားမှုတွေကို စောင့်ကြည့် သတိပေးဖို့ လိုအပ်ချက်တွေ ရှိလာပါပြီ။နိုင်ငံတကာ ကျောက်ထောက်နောက်ခံပြု အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ တက်ကြွ လှုပ်ရှားသူတွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာပါပြီ။ ပိုပြီး အလုပ်လုပ်ကြ ရပါတော့မယ်။ အခုချိန်က စပြီး လုပ်ရမယ့်အချိန် ရောက်လာပါပြီ။ ကော်မရှင်နဲ့ ပလဲနံပသင့်ရုံ လုပ်ဆောင်မှုတွေနဲ့ ကျေနပ် မနေသင့်တော့ပါဘူး။ကော်မရှင် အလိုကျ အလုပ်တွေ လိုက်လုပ်နေရုံ၊ ရွေးကောက်ပွဲ သန့်ရှင်းမျှတဖို့ စောင့်ကြည့်ပေးမယ်ဆိုတဲ့ ကတိတွေ ပေးရုံနဲ့လည်း မလုံလောက်တော့ပါဘူး။ရွေးကောက်ပွဲ မစခင်မှာ ၁ဝ လာတာ ကာလအတွင်း ထုတ်ပြန်လာမယ့် မဲပေးနိုင်သူစာရင်း မှန်ကန် တိကျဖို့က လက်ငင်း လိုအပ်ချက်ပါ။နောက်ပြီး ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ခြေချင်းလိမ် ဝင်ရောက်ပြီး ပွဲဖျက်ချင်သူတွေလည်း ရှိနေပါတယ်။ ဘာသာရေးကို ခုတုံးလုပ်၊ ငွေကြေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမှာ ဝင်စွက်ဖက်ဖို့ ပြင်နေသူတွေ လူထုရဲ့ မဲပေးပိုင်ခွင့်ကို အလွဲသုံးစား လုပ်မယ့်သူတွေရဲ့ အန္တရာယ်ကို သတိထားရပါမယ်။ပြည်သူလူထုက ထပ်ပြီး အလိမ် မခံချင်တော့ပါဘူး။

Most Read

Most Recent