မျှော်လင့်မကုန် ငြိမ်းချမ်းဘုံ

မျှော်လင့်မကုန် ငြိမ်းချမ်းဘုံ
Published 4 January 2015
နီမင်းဆွေ

လူတစ်ယောက်ဟာ မျှော်လင့်ချက်တစ်ခုကို မြင့်မြင့်မားမားထားဖို့ လိုပါတယ်။ အဲဒီလို ထားလိုက်ပြီးတာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ လုပ်ဆောင်ချက်က အဲဒီမျှော်လင့်ချက်ကို လိုက်မီနိုင်အောင် ကြိုးစားဖို့လည်း သင့်ပါတယ်။ သာမန်ကာ လျှံကာလောက်ပဲ ကြိုးစားလုပ်ဆောင်ချင်လို့ အဲဒီလုပ်ဆောင်မှုနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ရဲ့မျှော်မှန်းချက်ကို အောက်တစ်ဆင့်နှိမ့်ပြီး မျှော်မှန်းတာမျိုး မလုပ်သင့်ဘူးလို့ ပညာရှိတွေက ပြောကြပါတယ်။ လူတစ်ယောက်မှာပဲ ဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံမှာပဲ ဖြစ်ဖြစ် မျှော်လင့်ချက် ဆိုတာကတော့ ရှိကြစမြဲပါပဲ။ လူဟာ မျှော်လင့်ချက် သေသွားရင် လူသေသွားတာနဲ့ ဘာမှမထူးသလို နိုင်ငံတစ်နိုင်ငံဟာလည်း မျှော်လင့်ချက် ကင်းမဲ့နေမယ် ဆိုရင်တော့ အဲဒီနိုင်ငံထဲမှာ နေကြရတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုမှပျော်နိုင်ကြမယ် မထင်ဘူး။မျှော်လင့်ချက် မြင့်မြင့်မားမားထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး “ချားလ်စ်ဒစ်ကင်” (Charles Dickens) က “မျှော်တလင့်လင့်” ဆိုတဲ့ ဝတ္ထုရှည်ကြီးတစ်ပုဒ်ကို ၁၈၆၁ ခုနှစ်က ရေးခဲ့ဖူးတယ်။ ဒစ်ကင်က ဒီဝတ္ထုဟာ သူအကြိုက်ဆုံး ဝတ္ထုပါပဲလို့ ပြောခဲ့သလို အိုင်းရစ်ရှ် ပြဇာတ်ရေးဆရာကြီး “ဂျော့ရှ်ဘားနဒ်ရှော” ကလည်း ဒီဝတ္ထုကို ချီးမွမ်းစကား ဆိုခဲ့ဖူးပါတယ်။ ဒီဝတ္ထုထဲမှာ စာရေးဆရာ တင်ပြခဲ့တဲ့ လူ့သဘော လူ့မနောတွေဟာ အခုအချိန်ထိလည်း မှန်နေတုန်းပဲဖြစ်လို့ ကမ္ဘာပေါ်က ကျောင်းတွေမှာ ဒီဝတ္ထုကို သင်ရိုးစာအုပ်အဖြစ်နဲ့ ဒီကနေ့ထိလည်း ပြဋ္ဌာန်းနေရတုန်းပဲ ဖြစ်ပါတယ်။ ဟိုတစ်နေ့ကတော့ အဲဒီဝတ္ထုကို ပြန်ဖတ်မိတဲ့အပြင် ၁၉၄၆ ခုနှစ်မှာ အဲဒီဝတ္ထုနာမည်နဲ့ပဲ ထွက်ပေါ်လာခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း တစ်ခါပြန်ကြည့် ဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှာ ကိုယ်တို့နိုင်ငံက လူတချို့အတွက် မှာကြားစရာ စကားတစ်ခွန်း ရှိလာလို့ ဒီဇာတ်လမ်းအကြောင်း ပြန်ပြောပြချင်စိတ်တွေ ဖြစ်ပေါ်လာမိပါတယ်။အင်္ဂလန်က “ပစ်” ဆိုတဲ့ အသက် ခုနစ်နှစ်အရွယ် ယောကျ်ားလေးတစ်ဦးဟာ ၁၈၁၂ ခုနှစ် ခရစ်စ္စမတ် မတိုင်မီ တစ်ရက်မှာ သူ့မိဘတွေကို မြှုပ်နှံထားတဲ့ ရွာနားက သင်္ချိုင်းထဲကို သွားလည်ရင်း ထောင်ပြေးတစ်ယောက်နဲ့ ပက်ပင်းတိုးမိပါတယ်။ အဲဒီ “မက်ဂွစ်ရှစ်” လို့ အမည်ရတဲ့ ထောင်ပြေးက ခြိမ်းခြောက်လို့ ပစ်ဟာ နောက်တစ်နေ့မနက်မှာ အဲဒီလူစားဖို့ အစားအစာတွေနဲ့ သံခြေကျင်းတွေကိုဖြတ်ဖို့ တံစဉ်းတွေကို သင်္ချိုင်းကို သွားပို့ရပါတယ်။ ဒါပေမဲ့လည်း မက်ဂွစ်ရှ်ဟာ သူ့လိုပဲ ထွက်ပြေးလာတဲ့ ထောင်ပြေးတစ်ယောက်နဲ့ လုံးထွေးသတ်ပုတ်နေရင်းနဲ့ နှစ်ယောက်စလုံး နွံထဲမှာ နစ်သွားလို့ ရဲတွေရဲ့ အဖမ်းအဆီးကို ပြန်ခံသွားကြရပါတယ်။သူဌေးမအပျိုကြီး “ဟာဗစ်ရှန်” ဆိုသူက အလိုရှိလို့ ပစ်ဟာ သူ့အိမ်နဲ့ မနီးမဝေးမှာရှိတဲ့ အိမ်ကြီးတစ်အိမ်ဆီကိုသွားပြီး သူဌေးမကြီးရဲ့ မွေးစားသမီး အပျိုပေါက်မလေး “အက်စတယ်လာ” နဲ့ ကစားပေးရပါတယ်။ အက်စတယ်လာဟာ ပစ်ကို မတရားနှိမ်ပေမယ့် ပစ်ဟာ ချောမောလှပတဲ့ အက်စတယ်လာ့ကို ချက်ချင်းပဲ ချစ်မိသွားပါတယ်။ ပစ်နဲ့ အက်စတယ်လာတို့ရဲ့ ဇာတ်လမ်းဟာ ပစ် အသက် ၁၄ နှစ်ပြည့်တဲ့ အချိန်မှာ ရပ်တန့်သွားပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ပစ်ဟာ သူ့အစ်မကြီးရဲ့ ခင်ပွန်းသည် ယောက်ဖတော် “ဂျိုး” ဆီမှာ ပန်းပဲပညာ သင်ယူရတော့မှာ ဖြစ်သလို အက်စတယ်လာဟာလည်း ပြင်သစ်ကိုသွားပြီး ပညာသင်ရတော့မှာမို့ ဖြစ်ပါတယ်။နောက် ခြောက်နှစ်ကြာတဲ့ အခါမှာ သူဌေးမကြီး ဟာဗစ်ရှန်ရဲ့ရှေ့နေ “ဂျက်ဂါ” ဆိုသူဟာ ပစ်တို့အိမ်ကို ရောက်လာပါတယ်။ အမည်မဖော်လိုတဲ့ သူဌေးကြီးတစ်ယောက်က ပစ်ကို ငွေကြေးထောက်ပံ့ပြီး လန်ဒန်မှာ လူကြီးလူကောင်းတစ်ယောက်လို ဘယ်လိုနေထိုင်ရမလဲဆိုတာ သင်ကြားပေးတော့မယ်ဆိုတဲ့ သတင်းကို လာပြောတာ ဖြစ်ပါတယ်။ အဲဒီ သူဌေးကြီးဟာ ဘဝမှာ အလွန်မြင့်မားတဲ့ မျှော်လင့်ချက်တွေကိုလည်း ထားတတ်သူဖြစ်ကြောင်း ဂျက်ဂါရှင်းပြလို့ ပစ် သိလိုက်ရပါတယ်။ သူဌေးကြီးဆိုသူဟာ မစ္စဟာဗစ်ရှန်ပဲ ဖြစ်ရမယ်ဆိုတာ အတတ်သိလိုက်တဲ့ ပစ်ဟာ လန်ဒန်ကို မသွားခင်မှာ မစ္စဟာဗစ်ရှန်တို့အိမ် သွားပြီး သူဌေးမကြီးကို နှုတ်ဆက်ခဲ့ပါတယ်။
လူတစ်ယောက်မှာပဲ ဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံမှာပဲ ဖြစ်ဖြစ် မျှော်လင့်ချက် ဆိုတာကတော့ ရှိကြစမြဲပါပဲ။ လူဟာ မျှော်လင့်ချက် သေသွားရင် လူသေသွားတာနဲ့ ဘာမှမထူးသလို နိုင်ငံတစ်နိုင်ငံဟာလည်း . . . . .

လန်ဒန်ကိုရောက်တော့ ပစ်ဟာ ဂျက်ဂါရဲ့ စီစဉ်ပေးမှုနဲ့ သူနဲ့ သက်တူရွယ်တူ “ဟားဗတ်” ဆိုတဲ့သူနဲ့ အတူနေရပါတယ်။ ဟားဗတ်ပြောပြလို့ မစ္စဟာဗစ်ရှန်ဟာ သူမင်္ဂလာဆောင်တဲ့ နေ့ကစပြီး မင်္ဂလာအခမ်းအနား ကျင်းပတဲ့ အိမ်ကြီးရဲ့ အပေါ်ဆုံးအထပ်မှာပဲ နေနေတဲ့အကြောင်း သိရပါတယ်။ အဲဒီ မင်္ဂလာဆောင်က ရိုရိုးတန်းတန်း ပြီးသွားတာတော့ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မင်္ဂလာဆောင်မယ့်နေ့ မနက် ရှစ်နာရီလေးဆယ်မှာ ဒီမင်္ဂလာဆောင်ကို သူမလာနိုင်တော့တဲ့အကြောင်း သတို့သားဆီကစာကို လက်ခံရရှိလိုက်လို့ပါပဲ။ အဲဒီအချိန်ကစပြီး မစ္စဟာဗီရှန်ဟာ သတို့သမီးဝတ်စုံကိုလည်း မချွတ်တော့ဘူး။ နာရီကိုလည်း ရှစ်နာရီလေးဆယ်မှာပဲ ရပ်တန့်ထားလိုက်တဲ့အပြင် မင်္ဂလာဆောင် အခမ်းအနား အပြင်အဆင်တွေကိုလည်း လက်ဖျားနဲ့တောင် မတို့တော့ဘဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အဆိုးဆုံးကတော့ မစ္စဟာဗီရှန်ဟာ ပြတင်းပေါက်က လိုက်ကာတွေကို အသေပိတ်ထားလိုက်ပြီး အခန်းထဲကို နေရောင်မဝင်နိုင်အောင် လုပ်ထားလိုက်တဲ့အပြင် နေရောင်ကို မြင်ရမှာစိုးလို့ အဲဒီနေ့ကစပြီး အခန်းအပြင်ဘက်ကို သူကိုယ်တိုင်လည်း လုံးဝမထွက်တော့ခြင်းပါပဲ။ ဒီလို လုပ်နေရင်းနဲ့ ယောကျ်ားတွေရဲ့ အသည်းကို အတတ်နိုင်ဆုံး ခွဲနိုင်ဖို့ဆိုတဲ့ ဘဝအတွက် မြင့်မားတဲ့ မျှော်မှန်းချက်တစ်ခုကိုလည်း ထားခဲ့ကြောင်း ဟားဗတ်ပြောပြလို့ ပစ် သိလိုက်ရပါတယ်။ပစ်အသက် ၂၁ နှစ်ပြည့်တဲ့ နေ့မှာတော့ ယောက်ဖဖြစ်သူ “ဂျိုး” တစ်ယောက် ရွာကနေ လန်ဒန်ကို လိုက်လာပါတယ်။ အကြောင်းကတော့ မစ္စဟာဗီရှန်က ပစ်ကို အိမ်လာလည်ဖို့ ခေါ်လို့ပါပဲ။ ပစ်ဟာ ရွာခဏပြန်သွားပြီး ဟာဗီရှန်ရဲ့အိမ် သွားလည်တဲ့အခါမှာ အက်စတယ်လာ့ကို ပြန်တွေ့ရပါတယ်။ အက်စတယ်လာက သူ့မှာ လူတစ်ဖက်သားကို ချစ်တတ် သနားတတ် စာနာတတ်တဲ့ နှလုံးသား မရှိတော့တဲ့ အကြောင်းနဲ့ အခု သူတွဲနေတဲ့ လန်ဒန်က သူလက်ထပ်မယ့် သူဌေး “ဒရမ်မဲ” ကိုလည်း သူလုံးဝချစ်တာ မဟုတ်တဲ့အကြောင်း ပစ်ကို ပြောပြပါတယ်။ အဲဒီနောက် သင်္ချိုင်းမှာ တစ်ခါက သူအစားအစာတွေ ခိုးကျွေးခဲ့ဖူးတဲ့ ထောင်ပြေး “မက်ဂွစ်ရှစ်” ဟာ ပစ်ကို လန်ဒန်ကအိမ်မှာ လာတွေ့ပါတယ်။ မက်ဂွတ်ရှ် က ပစ်ကို ငွေကြေးတွေထောက်ပံ့ပေးနေတဲ့ အမည်မဖော်လိုတဲ့ သူဌေးကြီးဆိုသူဟာ သူပဲဖြစ်တယ် ဆိုတဲ့အကြောင်း ပစ်ကို ပြောပြပါတယ်။ အဲဒီအခါကျမှ ဟာဗီရှန်ဟာ သူ့ကျေးဇူးရှင်မဟုတ်ဘဲ သူ့အသည်းကိုခွဲဖို့ စနစ်တကျ နှစ်ရှည်လများ ပြင်ဆင်လာခဲ့သူသာဖြစ်ကြောင်း ပစ် သိသွားပါတော့တယ်။ ဒါ့ကြောင့် ဒီကိစ္စကို အခု သူသိရပြီဖြစ်ကြောင်း ဟာဗီရှန်ကို ပစ်သွားပြောလိုက်ပါတယ်။ ဟာဗီရှန်ရဲ့ အခန်းထဲက ပစ်ပြန်ထွက်အသွားမှာ ဟာဗီရှန်က ပစ်ကို လိုက်တောင်းပန်ဖို့ ဘီးတပ်ကုလားထိုင်ပေါ်က အထလိုက်မှာ ဘေးမှာရှိတဲ့ မီးဖိုထဲက ထင်းစတစ်စလိမ့်ဆင်းလာပြီး ဟာဗီရှန်ရဲ့ သတို့သမီးဝတ်စုံ ဂါဝန်အဖျားကို မီးစွဲသွားပါတော့တယ်။ ဟာဗီရှန်ရဲ့ အော်သံကိုကြားလို့ ပစ်အခန်းထဲ ပြန်ပြေးဝင်ပြီး ကယ်ပေမယ့် အချိန်မမီလိုက်တော့ဘဲ ဟာဗီရှန်ဟာ မီးလောင်တဲ့ဒဏ်ရာနဲ့ ကွယ်လွန်သွားပါတယ်။မက်ဂွစ်ရှစ်နဲ့ သင်္ချိုင်းထဲမှာ ထွေးလုံးသတ်ပုတ်ခဲ့တဲ့ အကျဉ်းသား “ကွန်ပေဆန်” ဆိုသူဟာ လန်ဒန်ကို ရောက်နေပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ တစ်ကျွန်းဖြစ်တဲ့ ဩစတေလျားကို အပို့ခံရပြီးနောက် နယူးဆောက်ဝေးလ်မှာ သိုးတွေမွေးပြီး မက်ဂွတ်ရှစ် ချမ်းသာသွားတယ် ဆိုတာရယ်၊ အခု ဩစတေလျားကနေ အင်္ဂလန်ကို မက်ဂွတ်ရှစ် ခဏပြန်ခိုးဝင်လာခဲ့တယ် ဆိုတာတွေရယ်ကို ကွန်ပေဆန် သိနေပါတယ်။ အဲဒီအချိန်တုန်းက ဩစတေလျားကို အပြစ်နဲ့ အပို့ခံရတဲ့သူတွေ အင်္ဂလန်မြေကို ပြန်နင်းရင် ကြိုးပေးကွက်မျက် ခံကြရပါတယ်။ ဒါ့ကြောင့် ပစ်ဟာ သူငယ်ချင်း ဟားဗတ်နဲ့အတူ မက်ဂွစ်ရှ်ကို အနောက်ဥရောပကို လိုက်ပို့ပေးဖို့ ကြိုးစားရာမှာ ကွန်ပေဆန်တို့နဲ့ တိုက်ခိုက်ရပြီး ကွန်ပေဆန်သေသွားပုံ၊ ကွန်ပေဆန်ဟာ မစ္စဟာဗီရှန်ရဲ့ သစ္စာမဲ့တဲ့ ချစ်သူဖြစ်နေပုံ၊ မက်ဂွတ်ရှ်လည်း ပြန်အဖမ်းခံသွားရပြီး အက်စတယ်လာဟာ သူ့သမီးအရင်း ဖြစ်တဲ့အကြောင်းနဲ့ အသက်နှစ်နှစ် အရွယ်ကတည်းက မွေးစားဖို့ ဟာဗီးရှန်ကို သူပေးခဲ့တာဖြစ်ကြောင်း ကြိုးပေးအသတ်မခံရခင် ထောင်ဆေးရုံမှာ ပစ်ကိုပြောပြီး ကွယ်လွန်သွားပုံ၊ အက်စတယ်လာရဲ့ချစ်သူ ဒရမ်မဲဟာလည်း သူ့ရဲ့သတို့သမီးလောင်းဟာ ထောင်ပြေးတစ်ယောက်ရဲ့သမီး ဖြစ်နေမှန်း သိသွားတဲ့အခါမှာ အက်စတယ်လာ့ကို စွန့်ခွာသွားပုံ၊ ပစ်ဟာ အက်စတယ်လာ့ဆီကို လိုက်သွားတဲ့အခါမှာ အက်စတယ်လာဟာ အမွေရတဲ့ မစ္စဟာဗီရှန်ရဲ့ အိမ်ကြီး အပေါ်ထပ်မှာ ဟာဗီရှန်လိုပဲ တစ်ယောက်တည်း နေနေတာကို တွေ့လိုက်ရပုံ၊ ပစ်က နှစ်ပေါင်းမြောက်မြားစွာကြာအောင် မစ္စဟာဗီရှန် ပိတ်ထားခဲ့တဲ့ အခန်းထဲက ခန်းဆီးတွေကို ဆောင့်ဆွဲပြီး ဖွင့်ချလိုက်တဲ့အခါ အခန်းကြီးဟာ ပင့်ကူအိမ်တွေ၊ ဖုန်တွေ၊ အမှိုက်တွေနဲ့ အင်မတန် ရွံရှာစိတ်ပျက်စရာ ကောင်းနေတာကို တွေ့ရပုံ၊ အဲဒီနောက်တော့ ပစ်နဲ့ အက်စတယ်လာတို့ ချစ်သူနှစ်ဦးဟာ မစ္စဟာဗီရှန်ရဲ့ အိမ်ကြီးကို ကျောခိုင်းပြီး အိမ်ကြီးကနေ အဝေးကို ထွက်ခွာသွားပုံတို့ကို ရုပ်ရှင်က ပြသသွားသလို ရုပ်ရှင်ထဲမှာမပါတဲ့ တချို့အခန်းတွေကိုလည်း ဝတ္ထုထဲမှာ ဖတ်လိုက်ရပါတယ်။ဒါ့ကြောင့် အတ္တဆိုတဲ့ လိုက်ကာကြီးနဲ့ စာနာတရားတွေအား ဖုံးကွယ်ထားတာတွေကို ရပ်တန့်လိုက်ကြပါတော့လို့ ကိုယ်တို့နိုင်ငံက တချို့လူတွေကို အမှာစကား ပါးလိုက်ချင်ပါတယ်။ ဒီလိုက်ကာကို ဖယ်လိုက်မယ်ဆိုရင် ဒီအတ္တကြောင့် အခန်းထဲမှာ ဘယ်လောက်တောင် ညစ်ပတ်ပေရေ နေခဲ့ရသလဲ ဆိုတာကို မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒါ့အပြင် အဲဒီအချိန်မှာ ဝင်လာတဲ့ အလင်းရောင်ကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး သုခဘုံဆီကို သွားရမယ့် လမ်းစကိုလည်း ဘွားခနဲ တွေ့လိုက်ကြရပါလိမ့်မယ်၊ ဒါ့ကြောင့် အခု စတင်ရောက်ရှိနေတဲ့ နှစ်သစ်ကစပြီး အဲဒီ ငြိမ်းချမ်းရေးသုခဘုံဆီကို အတူသွားကြဖို့ အရေးကိုပဲ စိတ်တူကိုယ်တူ မျှော်လင့်သွားကြရအောင်ပါလို့ တိုက်တွန်းနှိုးဆော်လိုက်ချင်ပါတယ်။

Most Read

Most Recent