တိုက်ပွဲဝင်များ

တိုက်ပွဲဝင်များ
Published 4 January 2015
ကိုနော်(ပုဂံ)

ဧရာဝတီမြစ်ရဲ့ ညောင်ဦးကမ်းပါး .  .  .နတ်သမီးကမ်းပါးဆိုတာ ပုဂံညောင်ဦးသားတွေရဲ့ မြန်မာတွေရဲ့ သတ္တိသွေးကို ဖော်ထုတ်ပြသခဲ့ဖူးတဲ့ နေရာဖြစ်တယ်။ တစ်နည်းအားဖြင့် မန္တလေး ရတနာပုံ နေပြည်တော်ကြီးဆီ ရေကြောင်းက ချီတက်လာတဲ့ ကိုလိုနီ နယ်ချဲ့အင်္ဂလိပ်တွေကို လက်နက်အင်အား မမျှတဲ့ကြားက မကြောက်မရွံ့၊ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက် တော်လှန်ခဲ့တဲ့ နေရာ။အဲဒီ သမိုင်းဝင်နေရာနဲ့ မလှမ်းမကမ်း (တစ်ဆက်တစ်စပ်တည်းလို့တောင် ဆိုနိုင်တယ်) ဧရာဝတီကမ်းနံဘေးက ကမ်းပါးစောက်စောက်ကြီးတွေနား ရောက်သွားတော့၊ အစဉ်အလာကြီးတဲ့ ဧရာဝတီမြစ်ရဲ့ အရှိန်အဝါရယ်၊ ကမ်းပါးမြင့်မြင့်ကြီးတွေရယ်ကြောင့် ဇာတိသွေး၊ ဇာတိမာန်တွေဟာ ဧရာဝတီမြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနဲ့အတူ တဖြန်းဖြန်း ထခဲ့သေးရဲ့။ ဤနေရာမှာလည်း မြန်မာ့သူရဲကောင်း မျိုးချစ်ရဲဘော်များဟာ ရေကြောင်းချီလာတဲ့ နယ်ချဲ့အင်္ဂလိပ်များကို ခုခံတော်လှန်ရင်း သတ္တိသွေးတွေကို ဧရာဝတီသိအောင် ပြခဲ့ကြမှာပါပဲ။ကျွန်တော် ကမ်းနားဆင်းတော့ မွန်းတည့်ခါနီး အချိန်။ ဧရာဝတီမြစ်လယ်မှာ သင်္ဘောကြီးတစ်စင်း ခုတ်မောင်းသွားလို့ ရေပြင်ဟာ လှိုင်းဂယက်ထကာ ကမ်းစပ်ဆီ တဗျန်းဗျန်း ရိုက်ခတ်နေတယ်။ ကမ်းစပ်မှာ ဖိနပ်ကလေးတွေ စီချွတ်ထားသလို ဆိုက်ကပ်ထားတဲ့ လှေငယ်လေးတွေဟာ လှိုင်းရဲ့အရှိန်ကြောင့် လူးလာဆန်ခတ် ဖြစ်သွားတယ်။“ကျွန်တော်တို့ ဇီးကျွန်းမှာ ကမ်းပါးတွေ ပြိုကျပြီး နေမရတော့လို့ ဒီဘက်ကမ်းရွှေ့လာတာ နှစ်ပေါင်း ၄၀ လောက် ရှိရော့မယ်။ မှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျွန်တော့်အသက် ရှိလှ ခုနစ်နှစ်၊ ရှစ်နှစ်ပေါ့။ ပစ္စည်းတွေ သယ်လာကြတော့ အဘက ပဲ့က၊ ဦးလေးလုပ်သူက ရှေ့ကခတ်လို့၊ ကျွန်တော်က ဝါးခြမ်းကို တက်လုပ်ပြီး ခတ်လာတာ မရလို့ ငိုပြီး ရေထဲလွှင့်ပစ်ခဲ့တာ အမှတ်ရသေးတယ်။”ဧရာဝတီမြစ် တစ်ဖက်ကမ်း ဇီးကျွန်းဘက်ဆီ မျှော်ငေးရင်း အတိတ်ကို ပြောပြနေသူမှာ အသက်အားဖြင့် ၅၀ ပင် မပြည့်သေး။ လောကဓံလှိုင်းတံပိုး ရိုက်ခတ်မှုများက သူရဲ့မျက်နှာကို ပိုလို့ အိုစာစေခဲ့ပုံပါပဲ။ သူက တံငါအလုပ် မလုပ်နိုင်တာ အတော်ကြာပြီ။ ဇနီးဖြစ်သူရဲ့ ကျန်းမာရေးက တစ်နေ့ရွှေ၊ တစ်နေ့ငွေဆိုတော့ အနီးကပ် ပြုစုစောင့်ရှောက်မယ့်သူက သူပဲရှိတယ်။ သမီးဖြစ်သူက မိုးလင်းတာနဲ့ စိုက်ပျိုးရေးခြံဘက် အလုပ်သွားလုပ်ရတယ်။“ဟိုအရင်တုန်းကတော့ ဝါဆို၊ ဝါခေါင် ရေတက်လာလိုက်။ ဒီဘက်ကမ်း ပြောင်းရွှေ့နေလိုက်။ ရေကျချိန် ကိုယ့်နေရာလေးကို ပြန်ပြီး တောင်သူလုပ်ငန်းလေးလုပ်နဲ့ နေခဲ့ကြတာပေါ့။ မြောက်ဘက်ထောက်ရှာပင်ဘက်ကို ပြောင်းရွှေ့နေခဲ့ကြသေးတယ်။ နောက်တော့ အဲဒီဘက်လည်း ကမ်းပါးပြိုလိုက်လာလို့ ဒီရွှေ့ခဲ့ရတယ်။”ပုဂံညောင်ဦးမြို့ရဲ့ မြောက်ဘက် ဧရာဝတီမြစ်အတွင်း ထောက်ရှာပင်၊ သဖန်းပင်၊ လုံးပို့၊ ကျွန်းကလေး၊ အင်းဝိုင်း၊ ကူကျွန်း၊ လက်ပံကျွန်း စသဖြင့် ကျွန်းရွာလေးပေါင်းများစွာ ရှိပါတယ်။ ဧရာဝတီမြစ်အတွင်းက ကျွန်းသူ၊ ကျွန်းသားတွေ အဖို့တော့ မြစ်ရေတက်ချိန်ရဲ့ ကမ်းပါးပြိုသံဟာ သံစဉ်ဂီတတစ်ခုလို ရင်းနှီးနေကြပေမယ့် ဇီးကျွန်းရွာလေးကတော့ ရွာတစ်ရွာအဖြစ် ဆက်လက်ရပ်တည်ခွင့် မရတော့တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရင်ဆိုင် ခဲ့ရသတဲ့။
ဒီနေရာဟာ သမိုင်းဝင်နယ်ချဲ့ တော်လှန်ရေးတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ နေရာတစ်ဝိုက်ဆိုတာ သူတို့ သိကောင်းမှ သိမယ်။ နော်ဝေဘုရင်ကြီးဟာ ပုဂံကနေ မန္တလေးကို သူတို့ရှေ့ ဧရာဝတီမြစ်ထဲကနေ သင်္ဘောနဲ့ ထွက်ခွာသွားတာ သိချင်မှ သိကြပါလိမ့်မယ် . . . . .

ဇီးကျွန်းဘက်က ပြန်လာတဲ့ စက်လှေတစ်စင်း ကမ်းကပ်လာတော့ လှေတစ်စင်းလုံး မိန်းမသားတွေချည်းပဲ။ ပြောင်းထုံးပွေ့သူက ပွေ့၊ ပဲရွက်၊ ချဉ်ပေါင်ရွက်လို ဟင်းသီးဟင်းရွက် သယ်သူက သယ်လာတယ်။ စိုက်ထားပျိုးထားတဲ့ ပဲခင်းလေးတွေ ပေါင်းနုတ်၊ ပေါင်းရှင်းသွားကြပုံရတယ်။ အပြန်မှာ နွားစာ၊ လူစာ တစ်ပိုင်တစ်နိုင် သယ်လာကြတယ်။ ဇီးကျွန်းက ရွာတည်လို့ မရတော့ပေမယ့် သူတို့ရဲ့ အသက်နဲ့ ခန္ဓာကိုယ် ရှင်သန်တည်မြဲရေးအတွက်တော့ အရေးပါလှတယ်။“မနက် မိုးလင်းတာနဲ့ ကျွန်းဘက်ကို လှေလေးနဲ့သွား၊ စိုက်ထား၊ ပျိုးထားတာလေးတွေအတွက် လိုအပ်တာလေးတွေလုပ်။ မွန်းတိမ်းချိန်လောက်ဆို ပြန်လာ။ ဒီလိုပဲ ချောက်ဘုရားလှရောက် ဇီးကျွန်းသူ၊ ဇီးကျွန်းသားတွေ နိစ္စဒူ၀ ရှင်သန်လှုပ်ရှားနေကြတယ်။ တောင်သူလုပ်ငန်း လွတ်တဲ့ အချိန်မှာတော့ လက်သမားလုပ်တဲ့သူလုပ်၊ အခြားအလုပ် ဝင်လုပ်တဲ့သူ လုပ်ပေါ့။ သားသမီးတွေကတော့ ဟိုတယ်၊ တည်းခိုခန်း လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေမှာ ဝင်လုပ်တဲ့သူ လုပ်နေကြပြီ။“ပဲဇီးကွက်တို့၊ ပဲနီတို့၊ ပဲထောပတ်တို့ပေါ့။ တောင်သူလုပ်ငန်းကတော့ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆို ကျွန်းပေါ်ပြီး စိုက်ကြ၊ ပျိုးကြပြီ။ တပို့တွဲ၊ တပေါင်းကျတော့ သိမ်းကြပေါ့။ တစ်နှစ်သားက ကျွန်းကြီး ပျောက်သွားဖူးတယ်။ နှစ်နှစ်လောက်နေမှ ပြန်ပေါ်တယ်” ဟု ချောက်ဘုရားလှမှာ အခြေကျနေတဲ့ အသက် (၄၇)နှစ်အရွယ် ဇီးကျွန်းသူ တောင်သူအမျိုးသမီးတစ်ဦးက ပြောပြတယ်။ကျွန်းပေါ်တဲ့အခါ အိမ်ထောင်စု (၈၀)ကျော်ဟာ သမာဓိအဖွဲ့ရဲ့ တိုင်းတာခွဲဝေပေးမှုနဲ့ အိမ်ထောင်တစ်စုကို သုံးဧကလောက်စီ ခွဲတမ်းချ လုပ်ကိုင်ကြရတယ်လို့ ဆိုတယ်။“ရန်ကုန်ဘက်ရောက်သွားတာ အနည်းအကျဉ်း ရှိတယ်။ ထောက်ရှာပင်ဘက် ကိုးဦး၊ ၁၀ ဦးလောက် ရှိမယ်။ အများစုကတော့ ဒီဘက် ရွှေ့ခဲ့ကြတယ်” ဟု ရွာရဲ့ ဝေယျာဝစ္စတွေကို ဦးစီးဦးဆောင် လုပ်ပေးနေတဲ့ သူတစ်ဦးက ပြောပြတယ်။အမှန်တော့ ဇီးကျွန်းဆိုတာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူနယ်ဘက်က ကျေးရွာ။ ဇီးကျွန်းလေးရွာ တည်မရတော့လို့ စွန့်ခွာထွက်ပြေးကာ အခြေချကြတော့ ဧရာဝတီမြစ် တစ်ဖက်ကမ်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းက ညောင်ဦးကမ်းပါး အနားမှာ။ အဲဒီနားမှာ ချောက်ဘုရားလှစေတီ ရှိတယ်။ အဲဒီစေတီ တစ်ဝိုက်မှာရှိတဲ့ ချောက်ကမ်းပါးကြို၊ ချောက်ကမ်းပါးအကြား သူတို့နေကြတယ်။ သူတို့တစ်တွေ စိတ်အေးချမ်းသာစွာ မှေးစက်ဖို့၊ ဝမ်းစာရှာမှီးဖို့၊ ပညာသင်ကြားဖို့ ကျွန်တော်က တွေးပြီးပူမိပေမယ့် သူတို့ကတော့ လက်ရှိ အခြေအနေမှာ နေသားကျနေပုံပါပဲ။“လက်ရှိအခြေအနေမှာ ဘာအလိုအပ်ဆုံးလဲ မေးရင် အတည်တကျ နေရာလေးပေါ့။ ကိုယ့်သားသမီးလေးတွေ နောင်ရေးအတွက်”ပြောင်းရွှေ့လာသူတွေထဲမှာ အတော်အသင့် အဆင်ပြေနေပုံရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက် ပြောတော့ တောင်သူလုပ်ငန်းလေး လုပ်လိုက်၊ လက်သမားလေးလုပ်လိုက်နဲ့ မိသားစုအရေး ဖြေရှင်းနေရသူ အိမ်ထောင်ဦးစီးက “မောင်ရင့်နှယ် ဒီအတိုင်းလေးက နံနက်မိုးလင်းတာနဲ့ ကျွန်းဘက်သွားလိုက် တောင်သူလုပ်ငန်းလေး လုပ်လိုက်နဲ့ အဆင်ပြေနေတာ။ နေစရာ တောင်းလိုက်မှ ယောယုဝပို့လိုက်လို့ ကျွန်းလုပ်စားဖို့ ခက်သွားပါဦးမယ်” တဲ့။ဧရာဝတီမြစ်အတွင်းမှာ သင်္ဘောကြီးတစ်စင်း ရေဆန်အတိုင်း ခုတ်မောင်းသွားတယ်။ တောင်သူတစ်ဦးက ပိုးသတ်ဆေးဖျန်းတဲ့ ကရိယာ တန်ဆာပလာတွေနဲ့ ကျွန်းဘက်ကပြန်လာတာ တွေ့လိုက်ရတယ်။ဒီနေရာဟာ သမိုင်းဝင်နယ်ချဲ့ တော်လှန်ရေးတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ နေရာတစ်ဝိုက်ဆိုတာ သူတို့ သိကောင်းမှ သိမယ်။ နော်ဝေဘုရင်ကြီးဟာ ပုဂံကနေ မန္တလေးကို သူတို့ရှေ့ ဧရာဝတီမြစ်ထဲကနေ သင်္ဘောနဲ့ ထွက်ခွာသွားတာ သိချင်မှ သိကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဘ၀ ရှေ့ဆက်ရှင်သန် ရပ်တည်ခွင့် ရရှိရေးကိုတော့ ဉာဏ်စွမ်းရှိသရွေ့ လှုပ်ရှားရုန်းကန် နေကြတယ်။ကမ်းစပ်မှာကပ်ထားတဲ့ သူတို့ရဲ့ လှေလေးတွေကတော့ အင်ဂျင်ပါဝါကောင်းကောင်းနဲ့ သင်္ဘောတွေ ဖြတ်သန်းသွားတိုင်း လှုပ်ခါယမ်းလို့ပေါ့။တစ်ခေတ်တစ်ခါဆီက နယ်ချဲ့ကို တွန်းလှန်ခုခံခဲ့တဲ့ သူရဲကောင်း တော်လှန်ရေးသမားတွေ လှုပ်ရှားသွားလာခဲ့ရာ နေရာတစ်ဝိုက်မှာ ဘဝတိုက်ပွဲကို အနိုင်မခံ အရှုံးမပေး တိုက်ခိုက်ဆင်နွှဲနေသူတွေ ဒုနဲ့ဒေးပါလား။