အခွန်ရှောင်မှု ဖော်ထုတ်ရေးနှင့် ပန်းပန်နေကြသူများ

အခွန်ရှောင်မှု ဖော်ထုတ်ရေးနှင့် ပန်းပန်နေကြသူများ
Published 4 January 2015
သစ်ထွဋ်

၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် စည်းကမ်းအတိုင်း အချိန်မီ တရားဝင်ပေးဆောင်တဲ့ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းကို မကြာမီက ထုတ်ပြန်လိုက်သော်လည်း အခွန်ကောက်ခံ ရရှိနေမှုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုများကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် ထိပ်တန်းကုန်သွယ်ခွန် ပေးဆောင်သူ ၁၀၀၀ စာရင်းအပြင် ထိပ်တန်းဝင်ငွေခွန် ထမ်းဆောင်သူ ၁၀၀၀ စာရင်း၊ နိုင်ငံခြားကုမ္ပဏီများ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်ပေးဆောင်ထားတဲ့ သီးခြားစာရင်းများကို ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်၊ ၂၀၁၄ မတ် ၃၁ ရက်နောက်ပိုင်း ဝင်ငွေခွန်အများဆုံး ပေးဆောင်ခဲ့သူ မြန်မာလုပ်ငန်းရှင်/ကုမ္ပဏီများစာရင်း ခေါင်းစဉ်ဖြင့် အခွန်ထမ်း ၁၇၇ ဦးပါသော စာရင်းကိုလည်း တပါတည်း ထုတ်ပြန်ခဲ့ပါတယ်။ ထုံးစံအတိုင်း ထွက်ရှိလာတဲ့ ထိပ်တန်းအခွန်စာရင်းပါ နှစ်စဉ်ပါနေကြ ကုမ္ပဏီကြီးတွေ ဦးဆောင်ပါဝင်နေပေမယ့် ပါသင့်ပါထိုက်တဲ့ လုပ်ငန်းကုမ္ပဏီအချို့တော့ ပါမလာသေးကြောင်းနဲ့ အချို့ဟာလည်း ထင်မှတ်ထားတဲ့ ပမဏနဲ့ လျော့နည်းနေတယ်လို့ မီဒီယာတွေမှာ ဝေဖန်ရေးသားမှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ငွေကြေးများစွာနဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်နေပြီး ထိပ်တန်းအခွန် ပေးဆောင်သူစာရင်းမှာ ပါလာသင့်သော်လည်း ပါမလာခဲ့တဲ့ လုပ်ငန်းကုမ္ပဏီအချို့ ရှိနေတာဖြစ်တယ်လို့ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။အခွန်ရှောင်မှုများပေးဆောင်သင့်တဲ့ အခွန်ကို မဆောင်ဘဲ အခွန်ရှောင်နေတဲ့ ဖြစ်ရပ်တွေ အများကြီး ရှိနေတယ်ဆိုတာ စီးပွားရေး အသိုက်အဝန်း နယ်ပယ်မှာ တွေ့နေရကြားနေရတဲ့ ဖြစ်ရပ်တစ်ခုပါ။ တကယ်တော့ အခွန်ရှောင်မှုများနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ကိုယ်တိုင်က အခွန်လုံးဝမပေးဆောင်တဲ့ လုပ်ငန်းကုမ္ပဏီများ ရှိနေပြီး အခွန်ရှောင်မှုတွေ ရှိနေကြောင်း တရားဝင် ပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။ သတင်းမီဒီယာတွေမှာ ပြည်တွင်းအခွန် ဦးစီးဌာနရုံးမှ ပြောကြားချက်တွေကို ကိုးကားဖော်ပြချက်များ အရတော့ မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ၄၀၀ ကျော် မှတ်ပုံတင်ထားတဲ့ အထဲက လေးပုံတစ်ပုံဖြစ်တဲ့ လုပ်ငန်း ၁၀၀ ကျော်ဟာ လုံးဝအခွန်မဆောင်ဘဲ အခွန်ရှောင်နေကြတယ်လို့ ဖတ်ရပါတယ်။ ဒါ့အပြင် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက ပြောကြားချက်အရ အခွန်မဆောင်တဲ့ ပြည်တွင်းကုမ္ပဏီ ၁၀၀၀၀ ကျော် ရှိနေတယ်လို့ ဆိုကြောင်း သတင်းမီဒီယာတွေက ရေးသားမှုတွေကိုလည်း ဖတ်ခဲ့ရပါတယ်။ ဒီလို အခွန်ရှောင်နေတဲ့ အထဲမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏများတဲ့ လုပ်ငန်း၊ ကုမ္ပဏီကြီးတွေ ဘယ်လောက်ထိ ပါနေလဲဆိုတာ မသိနိုင်ပေမယ့် အခွန်ပမာဏများစွာ ပေးဆောင်ရနိုင်တဲ့ ကုမ္ပဏီကြီးတွေ အခွန်ရှောင်စာရင်းထဲ ပါဝင်နေမယ် ဆိုရင်တော့ နိုင်ငံနဲ့ နိုင်ငံသားများအတွက် နစ်နာမှုများ ရှိစေမှာ ဖြစ်ပါတယ်။အခြားသက်ရောက်မှုများပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီအတွင်း ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး တစ်ရပ်မှာ တင်ပြခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း အရတော့ ပြည်ထောင်စုရဲ့ စုစုပေါင်းရငွေမှာ ကျပ်ဘီလျံ ၁၆၀၀၀ ကျော်နဲ့ စုစုပေါင်းသုံးငွေမှာ ဘီလျံ ၁၉၀၀၀ ကျော်ဖြစ်ပြီး လိုငွေ ကျပ် ဘီလျံ ၂၇၀၀ ကျော်အထိ ရှိနေခဲ့ပါတယ်။ ဒီလို အသုံးစရိတ် လိုငွေပြနေချိန်မှာ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ ဆုံးရှုံးနေတာဟာ အခြားသက်ရောက်မှုများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အရပ်ရပ်က ကောက်ခံရရှိတဲ့ အခွန်ငွေတွေဟာ နောက်ဆုံး နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ တစ်နည်းအားဖြင့် အစိုးရများရဲ့အသုံးစရိတ်ထဲကို စီးဝင်သွားတာ ဖြစ်ပါတယ်။ ဒီအတွက် အခွန်ရရှိတာ နည်းသွားရင် အစိုးရအသုံးစရိတ်လည်း နည်းသွားတာဟာ ရိုးရှင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒီလို အစိုးရ အသုံးစရိတ် နည်းသွားမယ်ဆိုရင် နိုင်ငံသားတွေအတွက် သုံးစွဲရတဲ့ ကျန်းမာရေး၊ ပညာရေးကဲ့သို့ အသုံးစရိတ်တွေမှာလည်း လိုအပ်ချက် ရှိလာခဲ့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အထက်မှာ ဖော်ပြခဲ့သလို ဝင်ငွေထက် အသုံးစရိတ်က ပိုများနေတာကြောင့် ဘတ်ဂျက်အသုံးစရိတ်တွေ ပိုသုံးလာဖို့ အခွန်အကောက်တွေ ပြည့်ဝစွာရရှိဖို့ စနစ်တကျ စီမံခန့်ခွဲ ကောက်ခံနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။သတိပေးခဲ့ပေမယ့်အခွန်ပေးဆောင်ရာတွင် မသမာမှုများ ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ အခွန်ထမ်းသူများအား မက်လုံးပေးခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ တိုးတက်ရရှိအောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဖော်ပြပါ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာပင် နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး အနာဂတ်ကာလမှာ တခြားနိုင်ငံများနည်းတူ အစိုးရရဲ့ အသုံးစရိတ်များကို နိုင်ငံတော်က ကောက်ခံရရှိတဲ့ အခွန်ငွေနဲ့ ရပ်တည်ဆောင် ရွက်နိုင်တဲ့ နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအတွက် ရသင့်ရထိုက်တဲ့ အခွန်အကောက် ရရှိရေး၊ အခွန်ထမ်း ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ပြည်သူလူထုက လိုလားစွာ အခွန်ထမ်းသော အခွန်ယဉ်ကျေးမှု ထွန်းကားရေး၊ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီသော၊ ပွင့်လင်းမြင်သာသော၊ ရှင်းလင်းလွယ်ကူစွာ
မည်သို့ပင်ဖြစ်စေ အခွန်ရှောင်ခြင်းဟာ နိုင်ငံသားများ ထမ်းဆောင်ရမယ့် တာဝန်ကို ရှောင်လွှဲခြင်းဖြစ်ပြီး အခွန်ရှောင်မှု ပမာဏ ကြီးလေလေ နိုင်ငံရဲ့ဝင်ငွေကို ထိခိုက်စေသလို နိုင်ငံသားများရဲ့ အကျိုးစီးပွားကိုလည်း သက်ရောက်မှု ရှိစေပါတယ် . . . . .

ထမ်းဆောင်နိုင်သော၊ မသမာမှု ကင်းရှင်းသော အခွန်စနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ သမ္မတက အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီလို သမ္မတကိုယ်တိုင် သတိပေးပြောကြားမှုတွေ ရှိခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အခွန်တိမ်းရှောင်မှုများ ရှိနေကြောင်း သတင်းများနဲ့ ဝေဖန်မှုများကတော့ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်သလို အခွန်တိမ်းရှောင်မှုများအပေါ် အရေးယူမှုများကိုလည်း မတွေ့ရသလောက် ရှိနေပါသေးတယ်။ပန်းပန်လျက်ရှိနေဒါ့အပြင် ဝေဖန်သူများက အမြဲထောက်ပြနေတဲ့ အခွန်ရှောင်ခဲ့သူများကို စိစစ်ပြီး နောက်ကြောင်းပြန် အခွန်ကောက်ခံဖို့ ကိစ္စရပ်တွေဟာလည်း လက်တွေ့အရေးယူ ဆောင်ရွက်နေတာမျိုးကိုတော့ မတွေ့ရသေးတာကြောင့် အခွန်ရှောင်သူများကတော့ ပန်းပန်လျက် ရှိနေကြတာ ဖြစ်ပါတယ်။ အခွန်ပေးဆောင်မှုများနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ နည်းပါးတဲ့ လုပ်ငန်းကုမ္ပဏီများကို လုပ်ငန်းတိုးတက်မှု၊ လျော့ပါးမှုအပေါ် အခြေခံပြီး အခွန်ကောက်ခြင်းမျိုး မဟုတ်ဘဲ လျာထားသတ်မှတ်ချက်နဲ့ ကောက်ခံမှုများအပေါ် ဝေဖန်မှုများ ရှိသလို အခွန်ကောက်ခံမှု စနစ်မကျမှုများ အပေါ်လည်း ဝေဖန်ကြပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးစွာဖြင့် လုပ်ကိုင်နေပြီး ကုမ္ပဏီ အမျိုးမျိုး ခွဲထားခြင်း၊ အကြောင်းအမျိုးမျိုး ဖန်တီးကာ အခွန်ရှောင်ခြင်း၊ အမှန်တကယ် ပေးဆောင်သင့်တာထက် လျော့နည်းစွာ ပေးဆောင်ခြင်းများကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ တရားဝင် စာရင်းများအရ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် အနည်းငယ်အတွင်း အရပ်ရပ် အခွန်ကောက်ခံမှု ပမာဏများ တိုးလာသော်လည်း အမှန်တကယ် ရသင့်ရထိုက်သော အခွန်များကိုတော့ အပြည့်အ၀ မရရှိသေးဘူးလို့ ပြောကြားမှုများလည်း ရှိနေပါတယ်။ ဥပမာအားဖြင့် အခွန်ရရှိရာ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ကုန်သွယ်မှုတွေမှာလည်း တရားမဝင်ကုန်သွယ်မှု တားဆီးရေး အဖွဲ့များဖြင့် အခွန်မဆောင်ဘဲ တင်သွင်းလာတဲ့ ကုန်စည်များကို ဖမ်းဆီးခဲ့ရာ လေးနှစ်အတွင်း ကျပ်ခြောက်ဘီလျံကျော်အထိ ရှိခဲ့ပေမယ့် အခွန်မဆောင်ဘဲ ကုန်သွယ်မှုတွေ ဆက်လက်ရှိနေခြင်းက အခွန်ရရှိမှုကို စိန်ခေါ်မှုတွေ ရှိစေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း နာမည်ကျော် နာရီအရောင်းဆိုင် တစ်ဆိုင်မှ နာရီများ ပြည်ပမှ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်နဲ့ သွင်းကုန်ကြေညာလွှာတွင် ဖော်ပြထားချက်များနဲ့ အမှန်တကယ် တင်သွင်းလာတဲ့ နာရီအမျိုးအစားနဲ့ အရွယ်အစား မတူညီတဲ့ နာရီတွေ တင်သွင်းခဲ့မှုနဲ့ ကုမ္ပဏီကြီးတစ်ခုက အခွန်မဆောင်ဘဲ တင်သွင်းထားတဲ့ တန်ဖိုးကြီးဝိုင်များနဲ့ ယမကာများကို ပမာဏများစွာ တင်သွင်းသိုလှောင်ထားခဲ့တဲ့ ဖြစ်စဉ်များဟာ အခွန်ကောက်ခံမှုတွေမှာ လိုအပ်ချက်များ ရှိနေတယ်ဆိုတာ ညွှန်ပြနေတဲ့ ဖြစ်ရပ်များလို့ ဆိုနိုင်ပါတယ်။တကယ်တော့ အခွန်ရှောင်မှုများ ဖြစ်ပေါ်နေရခြင်းတွင် ကောက်ခံတဲ့ အခွန်စနစ်ရဲ့ အားနည်းချက် ရှိနေခြင်းက အချက်တစ်ချက်အဖြစ် ပါဝင်နေသလို အခြားအကြောင်းအရာများနဲ့လည်း ဆက်စပ်ပါတယ်။ အထူးသဖြင့် အခြားနိုင်ငံတွေမှာ တွေ့ရတတ်တဲ့ အခွန်ရှောင်မှုများဟာ လာဘ်ပေးလာဘ်ယူပြဿနာများနဲ့ ဆက်စပ်မှု ရှိနေသလား ဆိုတာကလည်း အခွန်ဆောင်ရာတွင် မသမာမှုများ ကင်းရှင်းရေးအတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဖြစ်ပွားလေ့ရှိတဲ့ ပမာဏ ကြီးမားတဲ့ အခွန်ရှောင်မှုတွေမှာတော့ အများစုဟာ ပမာဏကြီးမားတဲ့ လာဘ်ပေးလာဘ်ယူမှုများ၊ ကိုယ်ကျိုးစီးပွား ဆက်စပ်နေမှုများနဲ့ ဆက်နွှယ်နေလေ့ ရှိတာကြောင့် အရေးယူခဲ့တဲ့ သတင်းတွေကိုလည်း နိုင်ငံတကာ သတင်းတွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ နောက်တစ်ခုက လုပ်ငန်းကုမ္ပဏီများရဲ့ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေတွေဟာ ပွင့်လင်းမြင်သာစွာ မသိမြင်နိုင်တဲ့ အခြေအနေအချို့ (ပြည်တွင်းက ရလမ်းမဖော်ပြနိုင်တဲ့ ငွေများဖြင့် လည်ပတ်ရင်းနှီး မြှုပ်နှံ လုပ်ကိုင်နေခြင်း၊ ဝင်ငွေထွက်ငွေဆိုင်ရာ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများမှာ မသမာမှုများ ရှိနေခြင်း၊ ပြည်ပက တရားမဝင် ရင်းနှီးမြှုပ်နှံငွေများ ပါဝင်နေခြင်းကဲ့သို့ ဖြစ်ရပ်များ)ဟာလည်း အခွန်မပေးဘဲ ရှောင်ရှားမှုများ ဖြစ်ပေါ်စေနိုင်တာကြောင့် နိုင်ငံတကာမှာတော့ လုပ်ငန်း၊ ကုမ္ပဏီများရဲ့ ရင်းနှီးမြှုပ်နှံငွေများ၊ ဘဏ္ဍာရေးဆိုင်ရာ ရှင်တမ်းများကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးကာ အခွန်ရှောင်မှုများ မဖြစ်ပေါ်စေဖို့ အားကောင်းတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုများကို ရေးဆွဲချမှတ် ဆောင်ရွက်လေ့ရှိကြတာ ဖြစ်ပါတယ်။မည်သို့ပင်ဖြစ်စေ အခွန်ရှောင်ခြင်းဟာ နိုင်ငံသားများ ထမ်းဆောင်ရမယ့် တာဝန်ကို ရှောင်လွှဲခြင်းဖြစ်ပြီး အခွန်ရှောင်မှု ပမာဏ ကြီးလေလေ နိုင်ငံရဲ့ဝင်ငွေကို ထိခိုက်စေသလို နိုင်ငံသားများရဲ့ အကျိုးစီးပွားကိုလည်း သက်ရောက်မှု ရှိစေပါတယ်။ နိုင်ငံတကာမှာလည်း အခွန်ရှောင်မှုကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုအဖြစ် မြင်ပြီး ထိထိရောက်ရောက် အရေးယူလေ့ ရှိပါတယ်။ ဒီအတွက် နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်သင့်တဲ့ အခွန်များစွာကို မပေးဆောင်ဘဲ ပျက်ကွက်နေသူများကို ကျောသားရင်သား မခွဲခြားဘဲ အချိန်မဆိုင်း ဖော်ထုတ်အရေးယူသင့်ပြီး လိုအပ်ပါက အခွန်ပမာဏများစွာ ပေးဆောင်ဖို့ ပျက်ကွက်ခဲ့သူများကိုလည်း နောက်ကြောင်းပြန် အခွန်ပေးဆောင်စေခြင်းများ မဖြစ်မနေ ဆောင်ရွက်သင့်ပါကြောင်း အများအကျိုးမျှော် နှိုးဆော်တိုက်တွန်း ရေးသားလိုက်ရပါတယ်။