လယ်ယာမြေပြဿနာ ၂၀၁၅ နိုင်ငံရေးလှုပ်ရှားမှုအပေါ် အကျိုးသက်ရောက်မှု ကြီးလာနိုင်

လယ်ယာမြေပြဿနာ ၂၀၁၅ နိုင်ငံရေးလှုပ်ရှားမှုအပေါ် အကျိုးသက်ရောက်မှု ကြီးလာနိုင်
Published 4 January 2015
မျိုးမင်းထက်

လယ်ယာမြေပြဿနာများသည် ၂ဝ၁၅ နိုင်ငံရေးလှုပ်ရှားမှုများအပေါ် အကျိုးသက်ရောက်မှုကြီးမားလာနိုင်သည်ဟု ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က The Daily Eleven သတင်းစာသို့ သုံးသပ်ပြောကြားသည်။အစိုးရအဖွဲ့အစည်းများအနေဖြင့် မြေယာ ပြဿနာဖြေရှင်းပေးမှု အရေအတွက်မှာ လွန်စွာနည်းပါးနေပြီး လက်ရှိဖြေရှင်းမှုနှုန်းနှင့်ဆိုလျှင် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည့်အခြေအနေ မရှိနိုင်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်က ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် အစီရင်ခံစာတင်ပြထားသည်။“ပြောချင်တာက ပြဿနာတွေဖြစ်နေမှန်း သိကြပါတယ်။ ဒါပေမဲ့ ကိုယ့်ရှေ့နားမှာ လက်လှမ်းမီသလောက် ပြဿနာလေးတွေကိုလောက်ပဲ ရှင်းနေပြီးတော့မှ တကယ်ကြီးမားတဲ့ပြဿနာတွေကို တစ်နေ့ကျ ရှင်းသွားလိမ့်မယ်လို့  အနေအထားမျိုးနဲ့ပဲ ဖြစ်ဖြစ်၊ ပြဿနာတွေကို မွေးထားတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်၊ ကိုယ်မနိုင်လို့ ထားတာပဲဖြစ်ဖြစ်၊ ပြဿနာဆိုတာ ရေရှည်မထားသင့်ဘူး။ မဟုတ်တဲ့ ပြဿနာ ကြောင့်မို့လို ဒီနိုင်ငံမှာ အကောင်းဘက်ကို ရှေ့ရှုမယ့်ကိစ္စတွေဟာ အဆိုးဘက်လမ်းကြောင်း ပြောင်းသွားနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းသင့်တယ်။ လယ်ယာမြေပြဿနာဆိုတာ က ဆင်းရဲသားလူတန်းစားတွေရဲ့ ပြဿနာ ဖြစ်တဲ့အတွက် ဒါကိုအဓိကထားပြီး ဖြေရှင်းသင့်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။ဆက်လက်ပြီး ဦးခိုင်မောင်ရည်က “ဒါတွေက တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ကိစ္စဖြစ်တဲ့အပြင် အခု ၂ဝ၁၅ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမားဖြစ်ပေါ်လာနိုင်ပါတယ်”ဟု  သုံးသပ်သည်။အစိုးရဌာနများအနေဖြင့် လိုအပ်ချက်ထက် ပိုမိုသိမ်းဆည်းပြီး အသုံးမပြုသောမြေကို သီးစားအငှားချထား၍ ဝန်ထမ်းသက်သာကို အကြောင်းပြကာ ကိုယ်ကျိုးရှာနေမှုများလည်း တွေ့ရှိရကြောင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်က လွှတ်တော်တွင် တင်ပြထားသည်။“မြန်မာနိုင်ငံမှာက ပြဿနာတစ်စုံတစ်ရာဖြစ်ချင်လို့ ဖွချင်တယ်။ လူထုအုံကြွမှု ပေါက်ကွဲမှုဖြစ်ချင်တယ်ဆိုရင် အတော်လေးနဲ့ လွယ်လွယ်ကူကူလုပ်လို့ရတဲ့ အနေအထားမျိုးတွေက နေရာတိုင်းမှာ ပြဿနာတွေရှိတယ်။ ဒီလိုပြဿနာမျိုးတွေမရှိအောင် တကယ်တော့ ကြိုတင်ကာကွယ်ထားရမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒါတွေက နေရာတိုင်းမှာရှိတဲ့အတွက် ထစ်ခနဲဆိုရင် လူတွေက လမ်းပေါ်ရောက်လာမယ်။ ထစ်ခနဲဆိုရင် အားလုံးဟာ ရုတ်ရုတ်သဲသဲဖြစ်လာမယ်ဆိုတဲ့ အနေအထားမျိုးတွေက အများကြီးရှိတဲ့အတွက် အကောင်းကို လုပ်တာလား၊ အဆိုးလုပ်တာလားလည်း ဝေခွဲရခက်လာမယ်။ နောက်ကွယ် ဘယ်သူတွေပါလို့ပါလဲဆိုတာလည်း စုံစမ်းသိရှိဖို့ ခက်မယ်။ စနစ်တကျ မပြင်ဆင်ထားဘူးဆိုရင် ဒါဟာ ရှုပ်ထွေးမှုဖြစ်နိုင်တယ်။ ၂ဝ၁၅ ဟာ ရွေးကောက်ပွဲကျင်းပမှာရယ်။ ၂ဝ၁၆ အစိုးရသစ်တစ်ရပ်ပေါ်ထွက်ဖို့အတွက်  ပြည်သူလူထုက အကောင်းဆုံးမျှော်လင့်နေကြတဲ့ကိစ္စဟာ အဆိုးဘက်ကို ရောက်သွားဖို့လည်း လွယ်တယ်။ တကယ်လို့ ကောင်းစေချင်တဲ့ ဆန္ဒတွေရှိကြရင် ဝိုင်းဝန်းပြီး ကောင်းအောင် ကြိုတင်ပြင်ဆင်သင့်တယ်။ တကယ်လို့ ကောင်းစေချင်တဲ့ဆန္ဒကို သွေဖည်သွားမယ်ဆိုရင်တော့ ဆိုးတဲ့ဘက်ကို ရောက်နိုင်တယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆက်လက်ပြောကြားသည်။နေပြည်တော်အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ သက်ဆိုင်ရာပြည်သူများထံ သို့ ပြန်လည်စွန့်လွှတ်မည့် မြေဧက ၃ဝ၂၂ဝ၁ ဒသမ ၇၆၂ ဧကရှိသည့်အနက် ၁၆၁ဝ၄၇ ဒသမ ၁၆ ဧကအား လွှဲအပ်ရန် ကျန်ရှိနေသေးကြောင်း မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက သတင်းထုတ်ပြန်ထားသည်။သက်ဆိုင်ရာမှ ပြန်လည်စွန့်လွှတ်ထားသည့် လယ်ယာမြေများနှင့်ပတ်သက်၍ မူလလက်ငုပ်လက်ရင်း လယ်သမားများထံ မှန်မှန်ကန်ကန် မရောက်ရှိမှုများရှိနေသည့်အတွက် လွှတ်တော်သို့ တင်ပြလာမှုများရှိကြောင်း သတင်းရရှိသည်။ယနေ့အချိန်ကာလတွင် မြေယာပြဿ နာကို မဖြေရှင်းပေးနိုင်လျှင် အများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရမည်ဖြစ်ပြီး လက်ရှိအစိုးရနှင့် လွှတ်တော်တို့၏ ကျန်ရှိသည့်သက်တမ်းအတွင်း အပြီးဖြေရှင်းပေးရန်လိုသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။ 

Most Read

Most Recent