နှစ်သစ်မှာ လူအသစ်လည်း ပြောင်းပါရစေ

နှစ်သစ်မှာ လူအသစ်လည်း ပြောင်းပါရစေ
Published 3 January 2015
ရဲထွတ်နီ

(၁)ပြောဆိုနေကြတဲ့ ခရစ်နှစ်သစ် ၂၀၁၅ ကို ရောက်ခဲ့ကြပါပြီဗျာ။ဟေမာန်ဆောင်းထဲ ရောက်နေခဲ့ပေမယ့် ရန်ကုန်ဆောင်းက ဒီဇင်ဘာကုန်တဲ့အထိ ဟုတ်တိပတ်တိ မအေးဘူးခင်ဗျ။ ရာသီမအေးမြရတဲ့ကြား ပြည်ထဲအရေးကလည်း ဆွေးစရာတွေကိုပဲ ပိုခံစားမိပါရဲ့။ ခရစ်နှစ်ဆန်းမှာ မြန်မာ့လွတ်လပ်ရေး နှစ်ပတ်လည် ကြုံမြဲမို့ မြန်မာ့စာဆိုကြီး ဆရာဇော်ဂျီရဲ့   
    ဆွေးမိသည်တည့် ဆွေးမိသည်    မလေးမောင် သည်ယနေ့    ဆွေးမြေ့မိသည်။    သွေးစက်နှင့် ကျမျက်ရည်၊ ပြည်နိုင်ငံ့အရေး    လူ့လမ်းစဉ် လူ့ခရီးမှာ    စီးရတယ်လေး။ဆိုတဲ့ ‘၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့ အတွေး’ ကဗျာပိုဒ်တွေကို အောက်မေ့သတိရ ရွတ်ဆိုစရာ ဖြစ်ရပါတယ်။ ဆရာကတော့ အဲဒီနေ့မှာ ငေးလည်းငေးမိ၊ ရေးလည်းရေးမိသည်ဆိုပြီး ကဗျာပိုဒ်တွေ ဆက်ဖွဲ့ဆိုခဲ့ပါတယ်။    ငေးမိသည်တည့် ငေးမိသည်။    မလေးမောင် သည်ယနေ့    ငေးမေ့မိသည်။    ဝမ်းမမျှမညီ၊ ပြည်နိုင်ငံ့အရေး    လူ့လောကီ သည်ရှုပ်ထွေး    ရှင်းပါမှလေး။    ရေးမိသည်တည့် ရေးမိသည်။    မလေးမောင် သည်ယနေ့    ရေးမွေ့မိသည်။    စီးခဲ့တဲ့သွေးမျက်ရည်၊ ပြည်နိုင်ငံ့အရေး    စာတေး သည်မြိုင်ချောင်က    သည်ကလောင် ရောင်ခြည်လွှတ်    ဦးညွှတ်တယ်လေး... ပါတဲ့။လွတ်လပ်ရေးနှစ်ပတ်လည် နှစ် ၆၀ ကျော် ၇၀ အတွင်း ရောက်လာလည်း ဆွေးမြည့်စရာတွေ ရှိနေသေးပါသလား။ လူ့ဓမ္မတာကတော့ နှစ်သစ်မှာ လူသစ်စိတ်သစ် ခွန်အားသစ်တွေနဲ့ မျှော်လင့်ချက်ဆီ ရောက်ချင်ကြပါတယ်။ ဒါကြောင့် မြန်မာပြည်လူထု လိုလားတဲ့ ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ဆန္ဒမွန်ပြုရင်း နှစ်ကုန်ပိုင်းမှာ စိတ်ပျော်မိတာလေးတွေနဲ့ ခိုးလိုးခုလု ဖြစ်နေတာတွေကို ဖျောက်ကြည့်လိုက်ပါတယ်။(၂)ဒီဇင်ဘာ ၂၀ မနက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမထဲ တစ်ခေါက်ရောက်ခဲ့ပါတယ်။ ရန်ကုန်ပညာရေး တက္ကသိုလ်ရဲ့ ၄၇ ကြိမ်မြောက် ဘွဲ့များအပ်နှင်းပွဲမှာ ဦးသန်းဦးဖောင်ဒေးရှင်း ရွှေတံဆိပ်ဆု ချီးမြှင့်ပွဲ တက်ခဲ့တာပါ။  ဆုပေးသူကိုယ်တိုင် လွန်ခဲ့တဲ့ ၅၄ နှစ်က ပညာရေးဘွဲ့ရရာမှာ ပထမရ ထူးချွန်အောင်မြင်လို့ ပညာမင်းကြီး မဟာသရေစည်သူ ဒေါက်တာဦးဘရဲ့ ရွှေတံဆိပ် ချီးမြှင့်ခံရသူပါ။ အခု ဖောင်ဒေးရှင်းထူထောင်ပြီး ဘီအီးဒီ ပညာရေးဘွဲ့ လေးနှစ်တာ သင်ယူရာမှာ ပေါက်မြောက်ထူးချွန်သူကို ရွှေစင်တစ်ကျပ်သား ဆုချီးမြှင့်ပါတယ်။ အခုနှစ်မှာ တတိယမြောက်ဆုရှင်အထိ ပေါ်ထွက်ပါပြီ။ ထူးတာက သုံးနှစ်မြောက်တဲ့အထိ ဆုရတာက အမျိုးသမီးတွေပဲ ဖြစ်တယ်ခင်ဗျ။ဘွဲ့ပေးအပ်ပွဲ ထုံးစံအတိုင်း ကတိသစ္စာများ၊ ပါမောက္ခချုပ်ရဲ့ မိန့်ခွန်းကိုလည်း ကြားနာမှတ်သားခဲ့ရပါတယ်။
လွတ်လပ်ရေးနှစ်ပတ်လည် နှစ် ၆၀ ကျော် ၇၀ အတွင်း ရောက်လာလည်း ဆွေးမြည့်စရာတွေ ရှိနေသေးပါသလား။ လူ့ဓမ္မတာကတော့ နှစ်သစ်မှာ လူသစ်စိတ်သစ် ခွန်အားသစ်တွေနဲ့ မျှော်လင့်ချက်ဆီ ရောက်ချင်ကြပါတယ်။ ဒါကြောင့် မြန်မာပြည်လူထု လိုလားတဲ့ ဆန္ဒတွေ ပြည့်ဝကြပါစေလို့ . . . . .

“... ပညာရေးဘွဲ့ကို သင်တို့အား အသီးသီး အပ်နှင်းလိုက်သောအခါ နေ့စဉ်နေ့တိုင်း နေထိုင်ပြောဆိုမှု၌ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းထွက်များနှင့် သင့်လျော်ထိုက်တန်စွာ နေထိုင်ပြောဆိုပါမည်ဟု ရိုးသားဖြောင့်မတ်စွာ ကတိပြုကြမည်လော”“ကတိပြုပါ၏”အလားတူ ‘ကိုယ်ကျင့်တရား ကောင်းမွန်မှုနှင့် ပညာရှာမှီးမှုတို့ကို အခွင့်အရေး အစွမ်းရှိသမျှ၊ သတ္တိရှိသမျှ ထိန်းသိမ်းဆောင် ရွက်ပါမည်’၊ ‘ပြည်သူပြည်သား တစ်ရပ်လုံး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းသတ္တိရှိသမျှ ဆောင်ရွက်ထိန်းသိမ်း စောင့်ရှောက်ပါမည်’ ဆိုတဲ့ ကတိစကားတွေလည်း ကြားလိုက်ရပါတယ်။ ‘ပညာသည် ဟုတ်တိုင်းမှန်သော သဘောတရားကို ထိုးထွင်း၍ သိမြင်ခြင်း လက္ခဏာရှိ၏။ ဉာဏ်၏အရာ အာရုံဓမ္မသဘာဝကို ထွန်းပြခြင်း ကိစ္စရှိ၏။ မတွေမဝေခြင်းလျှင် ထင်ရှားဖြစ်ပေါ်လာသော အခြင်းအရာရှိ၏။ စိတ်၏ တည်ကြည်ခြင်းလျှင် ဦးစွာသော အကြောင်းအရာ ရှိ၏’ ဆိုတဲ့ ဥတ္တမပုရိသဒီပနီက ဖွင့်ဆိုချက်ကိုလည်း ပါမောက္ခချုပ်က ထည့်မှာကြားပြီး အချုပ်အားဖြင့် ဆရာ့စိတ်ဓာတ်အပြည့် မွေးမြူ၊ ဆရာဘဝကို တန်ဖိုးထား လေးစား၊ စံနမူနာပြဖြစ်အောင် တွေးကြံပြောဆိုပြုမူ ဆိုခဲ့တဲ့ ပညာသဘောကို နားလည်ကျင့်ဆောင်ပေးဝေ၊ သစ္စာပြုခဲ့တဲ့အတိုင်း လုံခြုံစွာ စောင့်ထိန်းကြပါလို့ မှာကြားတာ၊ မောင်တို့မယ်တို့ အားလုံး၊ ပညာပြည့်၀ နှလုံးလှကြပါစေလို့လည်း ဆုတောင်းပေးတာတွေ ကြားရတော့ အလွန်ကို နှလုံးသွင်းလိုက်နာ ကျေပွန်သင့်တာပဲမို့ ခန်းမထဲ အားရကြည်နူးမှု ခံစားလိုက်ရပါတယ်။(၃)ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့မနက် တော်ဝင်ဥယျာဉ် ဟိုတယ်ခန်းမကြီးထဲမှာ ထူးချွန် ဆရာဆုရှင်တွေ၊ သူတို့ရဲ့ သက်ဆိုင်ရာ တိုင်းဒေသနဲ့ ပြည်နယ်တွေက လာရောက်ယှဉ်ပြိုင်ကြပြီး ဗဟိုအဆင့်မှာ ထိုက်တန်တဲ့ဆုတွေ ရကြတော့ သူတို့တွေ ပျော်ရွှင်ဝမ်းသာနေကြတာကိုကြည့်ပြီး ကိုယ်လည်းပျော်ခဲ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ ပထမရခဲ့ကြသူတွေချည်း ဗဟိုအဆင့်မှာ ရေးဖြေ၊ နှုတ်မေး၊ လက်တွေ့တန်းပြဆင်း ယှဉ်ပြိုင်မှုကနေ ပထမ၊ ဒုတိယ၊ တတိယ သုံးဦးစီသုံးဆင့်မှာ ဆုရှင်ကိုးဦးဟာ ပထမငွေ ကျပ်သိန်း ၄၀၊ ဒုတိယငွေ ကျပ်သိန်း ၂၀ နဲ့ တတိယ ငွေကျပ် ၁၀ သိန်းဆုငွေတွေ ရရှိကြပါတယ်။ တိုင်းပြည်မှာ ပထမအကြိမ် ‘ဆရာရည်ချွန်’ အဖြစ် ရွေးချယ်ပြီး ဆုငွေထိုက်တန်စွာ ချီးမြှင့်တဲ့ တော်ဝင်ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းကိုလည်း သာဓုခေါ်ရပြီး ဆုရသူတွေအတွက် ဝမ်းသာဂုဏ်ယူရသလောက် နက်နဲသိမ်မွေ့တဲ့ ပညာရေးလုပ်ငန်းမှာ လစာနည်းနည်းနဲ့ အရိုးခံ တာဝန်ထမ်းဆောင်ကြသူတွေအတွက် ဖြည့်ဆည်းမြှင့်တင်ပေးလိုတဲ့ စေတနာ၊ သဒ္ဓါအတွက် အလွန်စိတ်ပျော်မိပါတယ်။ဒီနေရာမှာလည်း ဗဟိုအဆင့် ရောက်လာကြသူ ၅၄ ဦးမှာ ဆရာမက ၄၃ ဦး၊ ဆရာက ၁၁ ဦးပဲဖြစ်ပြီး ဆုရှင်ကိုးဦး ထွက်ပေါ်တော့ အမျိုးသမီးက ရှစ်ဦး၊ အမျိုးသားက ဖျစ်ဖစ်မြည်တစ်ဦးသာ ပါခဲ့ပါသဗျ။ အမျိုးသမီး ကိန်းခန်းများလားလို့ ဒါလည်း ထူးတယ်လို့ ဆိုချင်တော့တယ်။ဒီဇင်ဘာလ ၂၈ ညကတော့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ဆေးတက္ကသိုလ်(၁)ရဲ့ မြက်ခင်းပြင်မှာ ပျော်ရွှင်ရတာပါပဲ။လူရည်ချွန် ၁၉၆၄-၈၈ အဖွဲ့ရဲ့ လူရည်ချွန်စီမံကိန်း ရွှေရတု မိတ်ဆုံညစာစားပွဲ တက်ရောက်ခဲ့ရလို့ ပျော်ခဲ့ရတာ ဖြစ်ပါတယ်။ ကိုယ်နဲ့ ဆုံကြုံမိခဲ့ဖူးသမျှ လူရည်ချွန်များကလည်း စုစည်းရောက်လာသမျှနဲ့ တွေ့ဆုံရလို့ လှိုက်လှဲဝမ်းသာရပါတယ်။ သူတို့တွေရဲ့ စေတနာနဲ့ ဆောင်ရွက်မှုကို အားရကျေနပ် မိပါတယ်။ ဒါဟာ ကျေးဇူးမှတ်တမ်း တင်စရာလည်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးကို အစိုးရဌာနက အသိအမှတ် မပြုချင်သလို ရပ်ပစ်ခဲ့တာပဲ မဟုတ်လား။ အခု သူတို့တွေက အသက်အရွယ် ကြီးလာကြပေမယ့် တာဝန်သိစွာ ရှင်သန်အောင် ပြုမူနေကြတာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဒီနောက်ပိုင်းမှ ဆုရကြတဲ့ ဘက်စုံထူးချွန် ကျောင်းသားကျောင်းသူ ၁၀ ဦးကို ဆုတွေလည်း ချီးမြှင့်ပါတယ်။ ရင့်ကျက်ကြီးရင့်လာတဲ့ သူတို့ကိုကြည့်ပြီး ကိုယ်ဟာ ပိုအိုခဲ့ပါလားလို့ သတိဝင်ပေမယ့် တချို့လည်း ကိုယ့်ထက်ပင် ပိုပြီးအိုမင်း ကြီးရင့်သူတွေလည်း ပါရှိခဲ့ပါတယ်။ မြက်ခင်းပြင် ညစာစားပွဲတစ်ခွင်လုံး ကြည့်တော့လည်း ဒီမှာလည်း အမျိုးသမီးတွေပဲ ပိုများနေသလားလို့ တွေ့ပါတယ်။ ဟော- စင်မြင့်ပေါ်တက်ကာ သီချင်းတွေဆိုကြ၊ ကကြတော့ အမျိုးသမီး လူရည်ချွန်တွေ ပိုများတယ်ဆိုတာ ထင်ရှားသွားတယ်ဗျာ။ စင်ပေါ်မှာ စင်ရဲ့ရှေ့၊ စင်ရဲ့အောက်မှာပါ ကွေးနေအောင် ကခုန်ပျော်ရွှင်နေခဲ့ကြတာ သူတို့ရဲ့ ငယ်မူငယ်သွေးတွေနဲ့ နုပျိုခဲ့ကြတဲ့ ညချမ်းကလေးပါပဲ။ သူတို့အပျော် ကိုယ့်ဆီကူးပြီး သူတို့တွေလည်း ရှေ့ခရီး ရှင်သန်ဆက်နိုင်ကြပါစေလို့ ဆန္ဒမွန် ပြုမိပါတော့တယ်။(၄)ကဲ.. ခရစ်နှစ်သစ် လွတ်လပ်ရေးနေ့ အခါသမယဝန်းကျင်မှာ စိတ်ထဲဆွေးမြည့်တာတွေ ခိုးလိုးခုလု ဖြစ်ရတာတွေ ပျောက်ကင်းပြီး ခွန်သစ်အားသစ် စိတ်ဓာတ်ပြုပြင် အသစ်တွေနဲ့ မိခင်နှစ်၊ အမျိုးသမီးနှစ်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတော့တယ် ခင်ဗျာ။

Most Read

Most Recent