တက္ကသိုလ်ဘုန်းနိုင်ကျွန်တော် ဂျာနယ်လစ်ဇင်သင်တန်း တက်စဉ်က သတိပြုမိသည် တစ်ခုမှာ အသုံးအနှုန်းများ အရေးတကြီး အလေးထားရန် သင်တန်းဆရာများက ညွှန်ပြသည်။ အထူးသဖြင့် အစိုးရ အကြီးအကဲများ၏ အမည်နှင့် ဂုဏ်ထူးများကို မှန်ကန်တိကျ စေရမည်ဖြစ်ပြီး စာလုံးပေါင်းကအစ မမှားမိစေဖို့ အထူးသတိပေးသည်။ လူတစ်ယောက်ကို အင်တာဗျူးလုပ်လျှင်“ဆရာ့အမည် စာလုံးပေါင်းက ဒါလား ဆရာ”“ဆရာ့ကို ကျွန်တော် ဒီမှာရေးမယ်ဆိုရင် ဘယ်လိုဘွဲ့ထူး တပ်ပေးရမလဲ ဆရာ”စသဖြင့် တိကျစွာ မေးရပါသည်။သို့သော် တစ်ခါတစ်ခါတော့လည်း လွတ်သွားတတ်သည်။၁၉၈၀ ပြည့်နှစ်များက ကျွန်တော် မော်လမြိုင်ကောလိပ်တွင် ဆရာလုပ်သည်။ တက္ကသိုလ်ဘုန်းနိုင်က ကျောင်းအုပ်ကြီးဖြစ်သည်။အားကစားပွဲ တစ်ခုအတွက် ပို့စကတ်ထုတ်ရာတွင် ကဗျာအတွက် ဆရာ တက္ကသိုလ်ဘုန်းနိုင်ကို အကူအညီတောင်းသည်။ ဆရာကလည်း ရေးပေးပါသည်။ ထိုအတွက် အားကစားအတွင်းရေးမှူးကို ရန်ကုန်လွှတ်ကာ ပုံနှိပ်ဖို့ စေလွှတ်ရသည်။ထိုအတွင်းရေးမှူး ရန်ကုန်ရောက်ပြီး တစ်ရက်နှစ်ရက် အကြာတွင် ကျွန်တော့်ဆီ ဖုန်းဆက်သည်။“ဆရာ၊ ကျွန်တော် ရန်ကုန်မှာ အားလုံး အဆင်ပြေတယ်။ သိဒ္ဓိဗလ ပုံနှိပ်တိုက်မှာပဲ ပုံနှိပ်တယ်ဆရာ”“ကောင်းတာပေါ့”“ဒါနဲ့ဆရာ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာကို ဖတ်ကြည့်တာ အင်မတန်ကောင်းတာပဲ”“ကောင်းမှာပေါ့ကွာ၊ တက္ကသိုလ်ဘုန်းနိုင်လို့ ဆိုနေ”“ဟုတ်ကဲ့ဆရာ၊ ကျွန်တော် မသိလို့ မေးချင်တယ်ဆရာ၊ တက္ကသိုလ်ဘုန်းနိုင်ကို စာလုံးပေါင်းတာ ‘ဖအုပ်ထုပ်’ နဲ့လား၊ ‘ဘကုန်း’ နဲ့လား ဆရာတဲ့”ကျွန်တော်မျိုးကြီး သေသင့်ပါသည်။ဦးလည်မသုန်စာလုံးပေါင်း မမှားသင့်တာတွေ အများကြီးပါ။ ဦးမင်းဝန်ဆိုလျှင် ‘ဝန်’ ကို ဝသေးသေးတင် ‘ဝံ’ ဟုစာလုံးပေါင်းပါက ဘဝလုံးလုံး ပြောင်းသွားနိုင်သည်။စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကတော့ သူ့အမည်ကို သူအတော် အလေးထားသည်။‘ပုတီးကုန်း’ ကို ‘ပုတီးကုံး’ ဟုရေးပါက သူ၏ဒေသကို ဖော်ပြရာမရောက်ဘဲ စိပ်ပုတီးကို ဖော်ပြသကဲ့သို့ ဖြစ်နေနိုင်သည်။ထို့အပြင် ‘မာင်စိန်ဝင်း’ ကို ‘ဦးစိန်ဝင်း’ ဟု ရေးသားခေါ်ဆိုပါက အဆင်မပြေနိုင်တော့ပါ။ ဦးစိန်ဝင်းသည် များစွာသော ပုဂ္ဂိုလ်များ ဖြစ်နိုင်သည်။ သူ့ကို မောင်စိန်ဝင်းဟု ခေါ်ပါက စာရေးဆရာအမည်နှင့်ပို၍ နီးစပ်ပါသည်။ သို့သော် အချို့က လေးစားသမှုကို ပြသည့်အနေဖြင့် ‘ဦး’ တပ်ခြင်းဖြစ်သည်။မကြာသေးမီက မိတ်ဆွေတစ်ယောက် ပြောသည်ကို ကြားရဖူးသည်။သူ့သူငယ်ချင်း စာပေသည် ‘ဦးလည်မသုန်’ ဖြစ်သည်။ မြန်မာအင်္ဂလိပ် အဘိဓာန်တွင် Unhesitatingly ဟု အဓိပ္ပာယ် ဖော်ပြထားသည်။ နောက်မတွန့်သည့် သဘောကို ဆောင်ပါသည်။သို့သော် အရိုသေများသော သူက ‘ဦးလည်နှင့် ဒေါ်သုန်’ တို့ခင်ဗျားဟု ရေးကာ စာအုပ်မှာကြောင်း ပြောပြပါသည်။ဆရာမင်းသုဝဏ်ဆရာမင်းသုဝဏ်၏ အမည်ရင်းကတော့ ဦးဝန်ပါပဲ။ တစ်ရက်တွင် ဆရာ့နေအိမ် လှည်းတန်းဆီကို သူငယ်ချင်းတစ်ယောက် လာသည်။ ဘဲလ်တီးခေါ်တော့ ခြံတံခါးဝကို မိန်းကလေးတစ်ယောက် ထွက်လာသည်။ သူက ပြောသည်။“သမီးရေ ‘ကိုဝန်’ ရှိလား”“သမီးက အပျိုတော့်”“ဟင်၊ ဟိုကွာ ‘ဆရာဝန်’ ရှိလားလို့ မေးတာပါ”“ဒါ ဆေးခန်းမဟုတ်ဘူးရှင့်” တဲ့။မှတ်သားရပါသည်။ကျွန်တော်ကတော့ ကလောင်အမည်ကို ဒေါက်တာခင်မောင်ညိုဟု တပ်သည်။ အခြားစာရေးဆရာအချို့ အမည်သည်လည်း ခင်မောင်ညို ဖြစ်နေသောကြောင့် ဖြစ်သည်။ တစ်ခါ တစ်ခါတော့လည်း ဒေါက်တာခင်မောင်ညို (ဘောဂဗေဒ)ဟု အမည်တပ်ကြသေးသည်။သူတို့သည် ဂျာနယ်လစ်များ မဟုတ်သောကြောင့် အမည်များကို ဂရုမစိုက်ဟန် တူသည်။ဘိုကလေးတင့်အောင်မကြာသေးမီက ဧရာဝတီဂျာနယ် မှတ်ပုံတင်ရာတွင် ဂျာနယ်၏အမည်ကို ပြောင်းရန်ပြောကြောင်း သတင်းစာထဲတွင် ဖတ်လိုက်ရသည်။မြန်မာပြည်၏ မြစ်များ၏ ယခင်အမည်များကို ပြောင်းရာတွင် ဧရာဝတီလည်း ပါသည်။ ဧရာဝတီကို အင်္ဂလိပ်လို Irrawaddy ဟု ရေးခဲ့ကြသည်။ ထိုကြောင့် အမည်ပြောင်းခိုင်းခြင်း ဖြစ်သည်။
Rangoon University ကတော့ အစဉ်အလာရှိတဲ့ တက္ကသိုလ်လေ။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်တို့ကို မွေးထုတ်ပေးတဲ့ တက္ကသိုလ်ပဲပေါ့။ ကျွန်တော်က ဒီလို အပြောင်းအလဲတွေ လုပ်နေတာကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ သဘောတရားကို ဆင်ခြင်နိုင်အောင် ပြောပြတာပါ . . . . .
ထိုကိစ္စနှင့် ပတ်သက်၍ မိတ်ဆွေရှေ့နေကို မေးရာ သူက မြစ်အမည်ကိုသာ ပြောင်းပြီးရေးဖို့ ကြေညာထားတာပါ။ ဂျာနယ်အမည်ကို ပြောင်းဖို့မပါပါဘူးဟု ဆိုသည်။“ဥပမာဗျာ၊ ခင်ဗျားတို့နေတဲ့ ‘ပန်းဘဲတန်း’ စာလုံးပေါင်းက ‘ပန်းပဲတန်း’ ဖြစ်မှ မှန်တယ်။ ဒီအတိုင်းပဲ။ ‘ဗိုလ်တထောင်’ ဆိုလည်း ‘ဗိုလ်တစ်ထောင်’ မှ မှန်မှာပေါ့”“ဟုတ်ကဲ့၊ စည်သူဒေါက်တာ ‘ဗိုလ်ကလေးတင့်အောင်’ ဆိုရင်လည်း ‘ဘိုကလေးတင့်အောင်’ လို့ သူနာမည်ကိုပေါင်းရင် ကန့်ကွက်တယ်”“ဘာကြောင့်လည်းသူက စစ်ဗိုလ်ဖြစ်ခဲ့လို့လား”“မဟုတ်ပါဘူး။ သူ့မြို့ရဲ့ စာလုံးပေါင်းအမှန်က ‘ဗိုလ်ကလေး’ ပါလို့ သူပြောတယ်။ ခုခေတ်လူတွေ မှားနေကြတာပါတဲ့”Mergui ကို မကွေး“နာမည်က လူတွေကို လွှမ်းမိုးထားတာ အများကြီးပါပဲ၊ တကယ့်တကယ် ၁၉၈၈ နောက်ပိုင်းမှာမှ ဒီလို မြို့အမည်တွေ ပြောင်းခဲ့တာပါ”“ဘာလို့ ပြောင်းတာလဲ”“အရေးအခင်းဖြစ်ပြီးတဲ့နောက် အရပ်ဘက်အုပ်ချုပ်ရေးတွေ ပျက်သွားတယ်။ မူလက Civil Administration မလုပ်တတ်သူတွေက အုပ်ချုပ်ရေးကို ရောက်လာတယ်။ အဲဒီအချိန်မှာ မြိတ်မြို့ မီးလောင်တယ်။ ဒီတော့ ကြေးနန်းရောက်လာတယ်။ ‘Merguie is on Fire’ ဆိုတာမျိုးပေါ့။ အဲဒီခေတ်က မြိတ်ကို Mergui လို့ သုံးတာကိုး”“အစဉ်အလာထဲက ဒီလိုသုံးတာပဲ”“ဒါပေမဲ့ လူသစ်တွေက Mergui ကို ‘မကွေး’ လို့ဖတ်ပြီး မကွေးမြို့ကြီး မီးလောင်နေတယ်ဆိုပြီး စာထုတ်တယ်”“မကွေးနဲ့ မြိတ် အဝေးကြီးပဲ”“ဟုတ်ပါတယ်။ ဒါပေမဲ့ စကားအသုံးအနှုန်းပေါ့လေ။ ကျိုက္ခမီကို Amherst ပဲခူးကို Pegu၊ မော်လမြိုင်ကို Moulmein လို့ ရေးတယ်။ ပုသိမ်ကို Bassein လို့ ရေးတာပဲ”Rangoon University“ကျွန်တော်တို့ ဘီလူးကျွန်း (Belugyun) ကိုတောင် Belgium နဲ့ မှားသေးတာပဲ”“ဘယ်လို”“ဘီလူးကျွန်းသားတစ်ယောက် အမေရိကန်ပြည်ထောင်စု ရောက်သွားတော့ သူ့ သူငယ်ချင်း ကွန်ဟလယ်ဆီ စာထည့်လိုက်တယ်။ ဒီစာဟာ ဘယ်ဂျီယံကို ရောက်သွားပြီး နိုင်ငံစုံ ရောက်သွားတယ်။ နောက်ဆုံးမှ ကွန်ဟလယ်ဆီ ရောက်သွားတယ်။ စာအိတ်ပေါ်မှာ There is no Kun-ha-le' here in Belgium ဆိုပြီး မှတ်ချက်တစ်ခု ရေးသားလေသတဲ့”“အတော်လေးတော့ မှားကြတာပဲလေ။ တစ်ခါတစ်ခါတော့လည်း အစဉ်အလာဆိုတာကို လေးစားရတယ်။ ဒါတွေရှိလည်း ဘာမှ မထူးဘူးပေါ့။ ဥပမာ Saigon ဆိုတဲ့မြို့ကို Hoe-chi-min City ဆိုပြီး နာမည်ပြောင်းထားပေမယ့် အရင်ကမြို့လယ် (City Center) ကို Saigon လို့ပဲ အမည်ပေးထားတယ်။ ဥပမာ Malaya ကို Malaysia လို့ အမည်ပြောင်းလိုက်ပေမယ့် သူတို့ တက္ကသိုလ်ကိုတော့ Malaya University လို့ တရားဝင် ခေါ်နေဆဲပါပဲ”“ဒါဆိုရင် Rangoon University ဆိုတာမျိုး Rangoon Institute of Technology (RIT) ဆိုတာမျိုးတွေကို ဘယ်လိုသဘောထားမလဲ”“Rangoon University ကတော့ အစဉ်အလာရှိတဲ့ တက္ကသိုလ်လေ။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်တို့ကို မွေးထုတ်ပေးတဲ့ တက္ကသိုလ်ပဲပေါ့။ ကျွန်တော်က ဒီလို အပြောင်းအလဲတွေ လုပ်နေတာကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ သဘောတရားကို ဆင်ခြင်နိုင်အောင် ပြောပြတာပါ”“ကွယ်လွန်သွားတဲ့ ‘မေမြို့မိုးကြည်’ ဆိုလည်း သူ့ကို သက်ဆိုင်ရာက ‘ပြင်ဦးလွင် မိုးကြည်’ လို့ အမည်ပြောင်းဖို့ ပြောခဲ့တယ်တဲ့”“အမှန်တော့ အမည်ကို အစွဲမထားရဘူး ဆိုလားပဲ၊ ဇောတိကလမ်းက ဦးချမ်းသာလည်း မွဲချင်မွဲနေတာပါပဲ”နိဂုံးတစ်ချိန်က အင်္ဂလိပ်အမည်များကို အဟုတ်ထင်ကာ ပြောင်းတတ်ကြသေးသည်။ ဒါကို သရော်တဲ့ သီချင်းကတော့တောရွာက ‘ပေါတာ’၊ ရန်ကုန်မှာကွယ် ‘ဂျော်နီပေါတာ’။ တို့ရွာက ‘ကွက်ထော်’ ရန်ကုန်မှာကွယ် ‘မာဂရက်ကွက်ထော်’ခုခေတ်မှာတော့ ဂျပန်နာမည် သို့မဟုတ် ကိုးရီးယားနာမည်တွေကို သဘောကျသည်။ ဒါလည်း ကောင်းပါသည်။ကျွန်တော်တို့သည် မြည်းတစ်ကောင်နှင့် သားအဖနှစ်ယောက်လို ဖြစ်နေပြီလား။ သို့တည်းမဟုတ် အာဖံတီး ပုံပြင်ထဲကလို ဖြစ်နေတာလား။တစ်ရက်တွင် ခရီးတစ်ခုကိုသွားစဉ် ဘုရင်နှင့် မြို့တော်ဝန်တို့ အာဖံတီးကို ခေါ်သွားသည်။ လမ်းတွင် ပူနွေးလာကာ အနွေးထည်များ မလိုသောကြောင့် ဘုရင်နှင့် မြို့တော်ဝန်တို့သည် အနွေးထည်များကို ချွတ်ကာ အာဖံတီးကို သယ်ခိုင်းသည်။ထိုအခါ ဘုရင်က အာဖံတီးကို စ,လို၍ “မင်းကွာ မြည်းတစ်ကောင်လိုပဲ ဝန်စည်စလယ်တွေ သယ်နေရရှာတာကိုး” ဟု ပြောလိုက်ရာ အာဖံတီးက “တကယ်တော့ ကျွန်တော်မျိုး သယ်ဆောင်ရတာ မြည်းနှစ်ကောင်ရဲ့ ဝန်စည်စလယ်တွေပါ ဘုရား” ဟု လျှောက်တင်လိုက်လေသတည်း။မြည်းနှစ်ကောင်၏ ဝန်စည်စလယ်ကို သယ်နေရသော ပြည်သူများ ဆင်းရဲနေကြပါဦးမည်။