ဖိတ်ကြားခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ ဗိုလ်ရှုခံ အခမ်းအနားသို့ တက်ရောက်ရန် မသေချာ

ဖိတ်ကြားခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ ဗိုလ်ရှုခံ အခမ်းအနားသို့ တက်ရောက်ရန် မသေချာ
Published 2 January 2015
အောင်ဇော်ထွန်း

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ဗိုလ်ရှုသဘင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ ယင်းအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ရန် အစိုးရက ဖိတ်ကြားထားရာ ဖိတ်ကြားခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့မှ ခေါင်းဆောင်များ အဆိုပါ ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ရန် မသေချာကြောင်း သတင်းရရှိသည်။ဗိုလ်ရှုခံ အခမ်းအနားသို့ တက်ရောက်ရန် ရှိမရှိနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံသို့ ဇန်နဝါရီ ၂ ရက်က ဆက်သွယ်ခဲ့ရာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်မည်ဟု ယင်းအဖွဲ့များထံမှ သိရသော်လည်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA) တို့မှ ခေါင်းဆောင်များ တက်ရောက်ရန် မသေချာသေးကြောင်း သတင်းရရှိသည်။ထို့ပြင် အစိုးရတပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) မှာလည်း ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ရန် မသေချာသေးကြောင်း သိရသည်။ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ရန်အတွက် မူလက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ပြီးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ကိုသာ ဖိတ်ကြားထားခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် အပစ်ရပ်စဲရေး မလုပ်ဆောင်ရသေးသည့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့ကိုပါ ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ရန် အစီအစဉ် ရှိမရှိနှင့် ပတ်သက်ပြီး KIO မှဗိုလ်မှူးကြီး ခွန်နောင်အား မေးမြန်းရာ ၎င်းက “ကျွန်တော်တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မဖြေကြားနိုင်တဲ့ အနေအထား ရှိပါတယ်။ ဦးလနန်တို့ကိုပဲမေးတာ ပိုအဆင်ပြေပါလိမ့်မယ်” ဟု ဇန်နဝါရီ ၂ ရက်က ပြန်လည်ဖြေကြားခဲ့ပြီး KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်သို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပါ။TNLA ဒုတိယဥက္ကဋ္ဌ တားဂျုတ်ဂျားကလည်း “မနက်ဖြန် ရှိတဲ့လူနဲ့ အစည်းအဝေးထိုင်ပြီးတော့ ဆုံးဖြတ်မှာပါ။ ဒီနေ့မှပဲ ဖိတ်စာက ရတာ။ ဖိတ်စာက ၂၉ ရက်၊ ၃ဝ ရက်လောက်က ရရင်တော့ နည်းနည်း ပြင်ဆင်မှုလုပ်လို့ ရတာပေါ့။ အခုဟာက ပြင်ဆင်ဖို့ အချိန်လည်း မရဘူး။ ခရီးလွန်နေတဲ့သူတွေလည်း ရှိနေတဲ့ အခါကျတော့ မတက်ဖြစ်ဖို့ များပါလိမ့်မယ်” ဟု ဇန်နဝါရီ ၂ ရက်က ပြောကြားသည်။
တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) မှာလည်း ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ရန် မသေချာ . . . . .

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က “ကျွန်တော်တို့ဆီက လူပုဂ္ဂိုလ်နှစ်ဦးကို ဖိတ်ထားတယ်ကြားတယ်။ တစ်ယောက်ကတော့ ခရီးလွန်နေတယ်။ တစ်ယောက်ကတော့ ရှိပေမယ့် သူလည်း မတက်နိုင်ဘူးလို့ ကြားတယ်ဗျ။ လူပုဂ္ဂိုလ်ကိုပဲဖိတ်တော့ အဖွဲ့အစည်းက တစ်ယောက်ကို အစားထိုးလွှတ်ဖို့ဆိုတဲ့ ကိစ္စကလည်း နည်းနည်း အခက်အခဲရှိသလို ဖြစ်သွားတယ်” ဟု ပြောကြားသည်။KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က “ဥက္ကဋ္ဌရယ်၊ အတွင်းရေးမှူးချုပ်ရယ်၊ စစ်ဦးစီးချုပ်ရယ် တက်မှာပါ” ဟု ပြောကြားသည်။အလားတူ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလကလည်း “ကျွန်တော်တို့ တက်မှာဖြစ်ပါတယ်။ ဒီဖိတ်ကြားချက်အတိုင်း ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ပါမယ်။ ကျွန်တော်ရယ် နောက်တစ်ယောက်ရယ်ပါ။ ဖိတ်ကြားတာက ကျွန်တော်တို့ ဥက္ကဋ္ဌကြီးကို ဖိတ်ကြားတာပါ။ ဥက္ကဋ္ဌကြီးကိုယ်စား ကျွန်တော် တက်ရောက်မှာပါ” ဟု ဆိုသည်။ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှလည်း ဥက္ကဋ္ဌခွန်မြင့်ထွန်းနှင့် အဖွဲ့၏နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ တက်ရောက်ရန် စီစဉ်ထားသည်။“ကျွန်တော် ခွန်မြင့်ထွန်းတက်မှာပါ။ ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ တက်ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော် ဆက်သွယ်လို့ မရသေးပါဘူး။ သူက ထိုင်းဘက်မှာပဲ ရှိနေသေးတယ်။ လမ်းပေါ်မှာများလား။ တက်မတက်တော့ ယတိပြတ်ပြောလို့ မရသေးဘူး။ ဒါပေမဲ့ သူတက်ဖို့တော့ များပါတယ်” ဟု PNLO ဥက္ကဋ္ဌခွန်မြင့်ထွန်းက ပြောကြားသည်။  ဗိုလ်ရှုသဘင် အခမ်းအနား ပြီးပါက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံမည့် အစီအစဉ်ရှိရာ ယင်းသို့ တွေ့ဆုံမှုသည် နိုင်ငံရေးအရ အရေးပါပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် အလားအလာကောင်း ဖြစ်လာနိုင်ကြောင်း၊ ဗိုလ်ရှုသဘင် အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး မဟုတ်သည့်တိုင် အများစု တက်ရောက်နိုင်ဖွယ် ရှိသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဇန်နဝါရီ ၁ ရက်တွင် ပြောကြားထားသည်။

Most Read

Most Recent