အိန္ဒိယက ပဲအဆက်မပြတ် ဝယ်ယူနေသည့်အတွက် ပဲဈေးကောင်းနေပြီး ပဲသစ်အချို့လည်း စတင်ဝင်ရောက်နေ

အိန္ဒိယက ပဲအဆက်မပြတ် ဝယ်ယူနေသည့်အတွက် ပဲဈေးကောင်းနေပြီး ပဲသစ်အချို့လည်း စတင်ဝင်ရောက်နေ
Published 2 January 2015
အငယ်ထွေး၊ နီလာ

အိန္ဒိယနိုင်ငံ အနေဖြင့် နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ပဲအဝယ် ခေတ္တရပ်ဆိုင်းလေ့ ရှိသော်လည်း ယခုနှစ်တွင် ဆက်တိုက်ဝယ်ယူမှုကြောင့် ပဲဈေးများ ဆက်လက်ကောင်းမွန်နေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် ပဲစင်းငုံ အသစ်များ စတင်ဝင်ရောက်နေပြီး တစ်တန်လျှင် ကျပ် ၇၇၅၀၀၀ အထိ ဈေးရှိနေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ရရှိသော သတင်းများအရ သိရသည်။“ဒီနှစ်ကတော့ ပဲအားလုံးက ဈေးကောင်းနေပါတယ်။ ပထမအချက်က ပြည်တွင်းမှာ ပဲလက်ကျန် နည်းတယ်။ မတ်ပဲဆိုလည်း တန်ချိန် သုံးသောင်းလောက်ပဲ ကျန်တယ်။ ပဲစင်းငုံဆိုလည်း အဟောင်းပေါ့၊ ၂၀၁၄ မှာ ပေါ်လာတဲ့ပဲက တန်ချိန်တစ်သောင်းကျော်လောက်ပဲ ကျန်တယ်။ ဒုတိယအချက်က အိန္ဒိယပေါ့၊ အိန္ဒိယက များသောအားဖြင့် ဒီဇင်ဘာလောက်ဆို အဝယ်ရပ်သွားတတ်တယ်။ ဒီနှစ်မှာ တောက်လျှောက်ဝယ်သွားတယ်။ နောက်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ အဓိကကတော့ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ ဒီလတွေအတွက် ကြိုပြီးဝယ်နေကြတယ်။ လိုအပ်ချက်ရှိနေတော့ မတ်ပဲရော၊ ပဲစဉ်းငုံရော အဓိက ကြိုဝယ်တဲ့ အခါကျတော့ ဈေးနှုန်းအနေအထားက အမြင့်ဘက်ကိုပဲ အဓိက ဦးတည်နေတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။လက်ရှိအချိန်တွင် မတ်ပဲတစ်တန်လျှင် ကျပ် ၈၉၀၀၀၀ ဝန်းကျင်ရှိကြောင်း၊ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကျပ် ၈၆၀၀၀၀၊ ဝန်းကျင်သာ ရှိရာမှ ယခုအပတ်အတွင်း ကျပ် ၈၉၀၀၀၀ ရှိလာသည့်အတွက် ပဲဈေးဆက်၍ မြင့်တက်နေကြောင်း၊ ပဲစင်းငုံ အသစ်များမှာ ကျပ် ၇၉၀၀၀၀ ဝန်းကျင်သာ ရှိကြောင်း၊ ပဲစင်းငုံမှာလည်း ပြီးခဲ့သည့်အပတ်တွင် ၇၆၀၀၀၀၊ ၇၆၅၀၀၀ ဝန်းကျင်သာရှိရာမှ ၇၈၀၀၀၀ နှင့် ၇၉၀၀၀၀ အကြားအထိ ဈေးရှိလာကြောင်း သိရသည်။“ပဲသစ်တွေထဲမှာ ပဲစင်းငုံကစပြီး ပေါ်နေပြီ။ ကျန်တဲ့ ပဲတွေကတော့ သိပ်မပေါ်သေးပါဘူး။ ပဲစင်းငုံကတော့ ဈေးကွက်ထဲကို စဝင်ပြီ။ ကုန်စည်ဒိုင်မှာတော့ ဒီနေ့ (ဇန်နဝါရီ ၁ ရက်) ကစပြီး ပဲစင်းငုံအသစ်တွေ အရောင်းအဝယ်ဖြစ်တယ်။ တစ်တန်ကို ဒီနေ့ကုန်စည်ဒိုင် ပေါက်ဈေးက ၇၇၅၀၀၀ ဈေးရှိတယ်။ အရောင်းအဝယ်ကတော့ နည်းသေးတယ်။ အဟောင်းကတော့ တစ်တန်ကို ၁၀၀၀၀ လောက်ကွာတယ်။  ၇၇၄၀၀၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်တယ်။ ပဲဈေးကွက် အခြေအနေကတော့ ပြောဖို့ နည်းနည်းစောသေးတယ်။ ဈေးကွက်ထဲကိုလည်း လှိုင်လှိုင်မဝင်သေးဘူး။ ဒါပေမဲ့ ကျဖို့လည်း မရှိဘူးလို့ ထင်တယ်။ ပဲမျိုးစုံကတော့ လာမယ့်ဖေဖော်ဝါရီ လလယ်လောက်ကစပြီး ဈေးကွက်ထဲကို ဝင်မယ်လို့တော့ ခန့်မှန်းတယ်” ဟု ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောကြားသည်။“ကျွန်တော်တို့ဘက်မှာတော့ ဒီနှစ် အထွက်နောက်ကျမယ်။ ဘာကြောင့်လဲဆိုတော့ မိုးမိသွားတော့ ကျွန်တော်တို့က နှစ်ခါပြန် စိုက်ရတယ်။ ရွှေကျင်ဘက်မှာတော့ စထွက်နေပြီ။ အဲဒီဘက်က မြေမြင့်တဲ့အတွက် သူတို့က စောစောထွက်တယ်။ ကျွန်တော်တို့ဘက်မှာတော့ လာမယ့်ဇန်နဝါရီလကုန် ဖေဖော်ဝါရီလကုန်လောက်မှ ထွက်မယ်။ ပဲလက်ကျန်ကတော့ မရှိတော့ဘူး။ မျိုးပဲအတွက်တောင် မနည်းရှာရတယ်။ မထင်မှတ်ဘဲ ပဲဈေး တော်တော်ကောင်းသွားတယ်။ ဒီနှစ်တော့ ပဲတီစိမ်းကို များများစိုက်ပါတယ်။ ပဲလွမ်းဖြူတော့ သိပ်မစိုက်ဖြစ်ဘူး။ နည်းသွားတယ်။ ပဲတီစိမ်းကတော့ ဈေးကွက်ကို ရှိတယ်။ ကျန်တဲ့ပဲတွေကတော့ တစ်လိုင်းသွားလို ဖြစ်နေတယ်” ဟု ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့နယ်မှ တောင်သူဦးသိန်းမြင့်က ပြောကြားသည်။လက်ရှိအချိန်တွင် အထွက်စောသည့် ဒေသမှ ပဲသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်နေပြီး အချို့ဒေသများတွင် မိုးရွာသွန်းမှုကြောင့် နောက်တစ်ကြိမ် ပြန်စိုက်ရသည့်အတွက် အထွက်နောက်ကျနေကြောင်း၊ လာမည့် ဇန်နဝါရီ လလယ်လောက်တွင် လှိုင်လှိုင်ပေါ်လာတော့မည်ဖြစ်ကြောင်း သိရသည်။“အဓိကဝင်နေတာက အညာဘက်က မြန်မာပြည် အထက်ပိုင်းက ဝင်နေတာ။ မြင်းခြံ၊ ပခုက္ကူ၊ တောင်သာ၊ ကျောက်ပန်းတောင်းတို့ဘက်က ပဲစင်းငုံတွေဝင်နေတာ။ ပဲတီစိမ်းဆိုရင် စပေါ်နေတဲ့ဟာတွေက တစ်နိုင်ငံလုံးကပဲ ပြောရမှာပေါ့။ ရန်ကုန် ခရမ်းသုံးခွကတော့ မပေါ်သေးဘူး။ ဇန်နဝါရီ လကုန်လောက်မှ ပေါ်မှာ။ ပဲတီစိမ်းမှာ ပဲခူးအရှေ့ဘက်ကလည်း ဝင်နေပါပြီ” ဟု ဦးမင်းကိုဦးက ဆိုသည်။

Most Read

Most Recent