မြန်မာနိုင်ငံ၏အပြောင်းအလဲအောင်မြင်မည်ဟု အာမ,မခံနိုင်ကြောင်း အမေရိကန်သမ္မတအိုဘားမားပြောကြား

မြန်မာနိုင်ငံ၏အပြောင်းအလဲအောင်မြင်မည်ဟု အာမ,မခံနိုင်ကြောင်း အမေရိကန်သမ္မတအိုဘားမားပြောကြား
Published 1 January 2015

မြန်မာနိုင်ငံ၏အပြောင်းအလဲသည် အောင်မြင်မည်ဟု အာမမခံနိုင်ကြောင်း အမေရိကန်သမ္မတဘားရက်အိုဘားမားက အမေရိကန်မီဒီယာ NPR နှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားသည်။အမေရိကန်သမ္မတအိုဘားမားသည် NPR နှင့်အင်တာဗျူးတွင် ကျူးဘားနှင့်ဆက်ဆံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ ရွေးကောက်ပွဲနှင့် အရှေ့အလယ်ပိုင်းရှိ ဒီမိုကရေစီရေးအခြေအနေများနှင့်စပ်လျဉ်း၍ဖြေကြားရာတွင် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးအကြောင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။    မြန်မာနိုင်ငံ၏အပြောင်းအလဲသည် အောင်မြင်မည်ဟု အာမ,မခံနိုင်ကြောင်း၊ အောင်မြင်ရန် မြန်မာပြည်သူများနှင့် ခေါင်းဆောင်များ၏အပေါ်တွင်မူတည်ကြောင်း ၎င်းကပြောကြားသည်။မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် ပြင်ဆင်နေကြောင်း၊ ရွေးကောက်ပွဲများကျင်းပရန် ပြင်ဆင်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းနိုင်သည့်အခွင့်အလမ်းရှိခဲ့ပြီး အဆိုပါအခွင့်အရေးကို အမေရိကန်အနေဖြင့် အမိအရ ရယူရန်ကြိုးစားခဲ့ပြီး ယင်းအတွက်လည်း အမေရိကန်အနေဖြင့် ကျေနပ်မှုရှိကြောင်း အမေရိကန်သမ္မတအိုဘားမားက ပြောကြားသည်။    သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက်ခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် နိုဝင်ဘာလက လာရောက်ခဲ့သည်။အိုဘားမားသည် ၎င်း၏ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သီးခြားစီတွေ့ဆုံခဲ့သည်။သမ္မတအိုဘားမားအနေဖြင့်လည်း မြန်မာနိုင်ငံသို့ရောက်လျှင်ရောက်ချင်း မြန်မာအာဏာပိုင်များကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် နောက်သို့ပြန်ဆုတ်နေကြောင်း သတိပေးခဲ့သည်။၁၉၄၇ ခုနှစ်ကစတင်ခဲ့သည့် မြန်မာနိုင်ငံနှင့် အမေရိကန်တို့၏ နှစ်နိုင်ငံဆက်ဆံမှုသည် ၁၉၉၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများနှင့် ရွေးကောက်ပွဲအနိုင်ရသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီအား စစ်အစိုးရက အသိအမှတ်ပြု အာဏာလွှဲပြောင်းရန် ငြင်းဆန်သောကြောင့် သံတမန်ဆက်ဆံရေးလျှော့ချခဲ့သည်မှတစ်ဆင့် နောက်ပိုင်းတွင် အကူအညီပေးမှုများရပ်ဆိုင်းခဲ့သလို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများလည်း ပြုလုပ်ခဲ့သည်။    ၂၀၀၉ ခုနှစ်၌ သမ္မတအိုဘားမားအာဏာရလာသည့်နောက် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ဆက်ဆံရေးမူဝါဒများ ပြောင်းလဲလာခဲ့ကာ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့သောသံတမန်ဆက်ဆံရေးတစ်ရပ် ထူထောင်လာခဲ့သည်။

Most Read

Most Recent