အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အောင်မြင်မှုများနှင့် ပတ်သက်၍ မည်သည့်အရာ အောင်မြင်သည် ဆိုသည်မှာ ပြောစရာမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အောင်မြင်မှုများနှင့် ပတ်သက်၍ မည်သည့်အရာ အောင်မြင်သည် ဆိုသည်မှာ ပြောစရာမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 30 December 2014

အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အောင်မြင်မှုများနှင့် ပတ်သက်၍ မည်သည့်အရာ အောင်မြင်သည် ဆိုသည်မှာ ပြောစရာမရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၃ဝ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။“ဦးသိန်းစိန်အစိုးရရဲ့ လေးနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ လုပ်ငန်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အောင်မြင်တယ်ဆိုတဲ့ လုပ်ငန်းတစ်ခုက ဘာများဖြစ်မလဲ” ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။အဆိုပါမေးခွန်းနှင့် ပတ်သက်၍ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်လုပ်ငန်းကတော့ အတိုင်းအတာတစ်ခုအထိ အောင်မြင်တယ်လို့ ထင်တယ်။ အတိုက်အခံအနေနဲ့ ပြောတာပါ။ အတိုက်အခံအနေနဲ့ ဆိုလို့ရှိရင် လွှတ်တော်အတွင်းမှာ NLD က တကယ့်ကို လူနည်းစုလေးဖြစ်တယ်။ လူနည်းစုလေး ဖြစ်ပေမယ့် လုံးဝ အလုပ်မဖြစ်တာတော့ မဟုတ်ဘူး။ အန်တီတို့ရဲ့ ကိုယ်စားလှယ်တွေ တင်သွင်းခဲ့တဲ့ အဆိုတွေမှာ အောင်မြင်ခဲ့တာရှိတယ်။ အောင်မြင်ခဲ့တယ်ဆိုတာ အခြားပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်တယ်။ အဲဒါကို ဘာဖြစ်လို့ အောင်မြင်မှုတစ်ခုလို့ သတ်မှတ်လဲဆိုတော့ ဘယ်လိုပဲပြောပြော အတိုက်အခံပါတီတွေ အချင်းချင်းမှာ နိုင်ငံအကျိုးအတွက် အတိုင်းအတာ တစ်ခုအထိ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလေ့လေးတွေတော့ ပေါ်လာပြီဆိုတာပြလို့ ဒီဟာကို အောင်မြင်မှုတစ်ခုလို့ သတ်မှတ်ပါတယ်။ နောက်တစ်ပိုင်းတစ်စ အောင်မြင်မှုပေါ့။ အောင်မြင်မှုတွေကတော့ အားလုံးလုံးဝဥဿုံ  ပြည့်စုံသေးတာ မဟုတ်သေးပါဘူး။ အခု ဒီလို သတင်းစာရှင်းလင်းပွဲ လုပ်နိုင်တာလည်း အောင်မြင်မှုတစ်ခုလို့ပဲ ပြောရမှာပဲ။ လာပြီး တက်ရောက်တဲ့ သတင်းထောက်တွေက ဘယ်လောက်လွတ်လွတ်လပ်လပ် တိတိကျကျ ရေးပိုင်ခွင့်ရှိတယ်၊ မရှိတယ်ဆိုတာ ကာယကံရှင်တွေက ပိုသိမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ဆက်လက်ပြီး သတင်းထောက်က “အုပ်ချုပ်ရေးပိုင်းနဲ့ ကျတော့ရော အုပ်ချုပ်ရေးပိုင်းနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ နေရာမှာ အတိုက်အခံအင်အားစု အနေနဲ့ အောင်မြင်လား၊ မအောင်မြင်ဘူးလား” ဟု မေးမြန်းခဲ့သည်။“အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဘယ်လိုဘယ်ဟာ အောင်မြင်လဲဆိုတော့ ကျွန်မသိပ်ဖြေရ ခက်တာပဲ။ စဉ်းစားလို့ မရဘူး။ ပြောကြပါ။ ဘယ်ဟာ အောင်မြင်လဲလို့။ ပြောလေ။ ဘယ်ဟာ အောင်မြင်သလဲဆိုတာ ပြောစရာ မရှိပါဘူး” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။အဆိုပါ သတင်းထောက်က “အဲဒါဆို အောင်မြင်တဲ့ဟာ တစ်ခုမှ မရှိတာလားခင်ဗျ” ဟု မေးမြန်းခဲ့ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “အဲဒီလိုဆို သားပြောလေ။ အောင်မြင်တာ ဘာရှိလဲ။ တခြားသူတွေက တစ်ယောက်မှမပြောဘူး။ အောင်မြင်မှုဘယ်ဟာလို့ သတ်မှတ်လဲ။ အတိုက်အခံခေါင်းဆောင် တစ်ယောက်အနေနဲ့ ဖြေစရာကို မရှိဘူး။ အဲဒီတော့ သတင်းထောက်တွေပဲ ကိုယ့်ဟာကိုယ် ကြည့်ဖြေပါတော့” ဟု ပြောကြားသည်။

Most Read

Most Recent