ပြည်သူများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာရန် အစိုးရ၌ အဓိကတာဝန်ရှိပြီး ပြည်သူအပေါ် တာဝန်မသိသည့် အစိုးရ တက်လာပါက ပြည်သူများသာ နစ်နာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာရန် အစိုးရ၌ အဓိကတာဝန်ရှိပြီး ပြည်သူအပေါ် တာဝန်မသိသည့် အစိုးရ တက်လာပါက ပြည်သူများသာ နစ်နာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 29 December 2014
ကျော်ဇင်ဝင်း

ပြည်သူများ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာရန် အစိုးရ၌ အဓိကတာဝန်ရှိပြီး ပြည်သူအပေါ် တာဝန်မသိသည့် အစိုးရ တက်လာပါက ပြည်သူများပင် နစ်နာလိမ့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ ကမ်းနားလမ်းရှိ ပွင့်သစ်ဦး စားသောက်ဆိုင်၌ ဒီဇင်ဘာ ၂၈ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ပြည်သူများ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခြင်း ဖြစ်သည်။လူ၏သက်တမ်းအား အသက်မည်မျှ ရှည်သည်ကို တိုင်းတာ၍မရဘဲ အများအကျိုးအတွက် မည်သို့ဆောင်ရွက်ပေးခဲ့သည်ကို အခြေခံ၍သာ လူများ၏ သက်တမ်းကို တိုင်းတာရကြောင်း၊ အသက်ရှင်စဉ်ကာလတွင် ကိုယ့်၏တာဝန်များအား ပြည့်ပြည့်၀၀ ထမ်းဆောင်သွားနိုင်ပါက လူတစ်ယောက်၏ အသက်သည် ပြည့်ဝပြည့်စုံမည် ဖြစ်ကြောင်း၊ အသက်မည်မျှပင်ရှည်ရှည် တာဝန်မကျေပါက ပြည့်စုံသည့်ဘဝဟု ပြော၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းအား ဥပမာပေး ပြောကြားသည်။  မိမိတို့ လူတစ်ဦးချင်းသည် ကိုယ့်တာဝန် ကိုကျေမှသာ နိုင်ငံတိုးတက်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ အားကိုးမနေသင့်ဘဲ ကိုယ့်ကိုယ်ကိုယ် အားကိုးရန် လိုကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အားကိုးသည့် ပြည်သူလူထု ဖြစ်လာမှသာလျှင် နိုင်ငံသည်လည်း တိုးတက်နိုင်မည့်အပြင် တခြားတန်ဖိုးထားနိုင်မည်ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှလည်း တခြားသူပေါ်မှာ မုဒိတာ ပွားနိုင်မည်ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပြည့်ဝသည့် ပြည်သူများ ဖြစ်မည်ဆိုပါက ပြည်သူလူထုကြားတွင် ပိုမိုသွေးစည်းမှု ခိုင်မာ၍ နိုင်ငံသည်လည်း ပိုမိုစည်းရုံး ညီညွတ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့အတွက် ဒါဟာ အစိုးရမှာလည်း တာဝန်တွေ အများကြီး ရှိပါတယ်။ အစိုးရလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ တာဝန်တွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားများဟာ ကျန်းမာရေးအရ၊ ပညာရေးအရ အခြေခံကောင်းတယ်ဆိုရင် စပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်။ ကျန်းမာရေးကလည်း မကောင်းဘူး။ ပညာကလည်း မပြည့်စုံဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက နည်းပါးလာတယ်။ အဲဒီတော့ ပြည်သူ့ပြည်သားများ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု ရှိနိုင်ဖို့အတွက် ဒီတာဝန်တွေကို အုပ်ချုပ်တဲ့ သူတွေက အဓိကစံထား ထမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။မြန်မာနိုင်ငံကို ၂၁ ရာစုနှစ်နှင့်အညီ ကိုက်ညီအောင် တိုးတက်စေချင်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်လောက်သည် အာဏာရှင်လက်အောက်၊ ကိုလိုနီ အစိုးရလက်အောက်၊ စစ်အာဏာရှင် လက်အောက်တွင်သာ နေထိုင်ခဲ့ရပြီး ပြည်သူ့အစိုးရဖြစ်သည့် ဒီမိုကရေစီ အစိုးရလက်အောက်တွင် နေခဲ့ရသည့် အချိန်မှာနည်းပါး၍ မိမိတို့ တိုးတက်မှုလည်း နည်းပါးခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသည်။  “ဒါပေမဲ့ ဘယ်လိုအစိုးရစနစ် ရှိလည်းဆိုတာ ပြည်သူလူထုပေါ်မှာလည်း တည်ပါတယ်။ တချို့က ဘာအစိုးရ တက်လာတက်လာ ကိုယ်နဲ့မဆိုင်သလိုဘဲ။ ဆိုင်ပါတယ်။ အဲဒါကို ခေါင်းထဲမှာ အများကြီးထားဖို့ လိုတယ်။ ပြည်သူပေါ်မှာ တာဝန်မသိတဲ့ အစိုးရတက်လာရင် ပြည်သူပဲ နာရတာပဲ။ ဒါကြောင့် ဒီကိစ္စတွေအားလုံး၊ နိုင်ငံရေးကိစ္စတွေ အားလုံး၊ အစိုးရနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အားလုံးဟာ ပြည်သူနဲ့ဆိုင်တယ်။ ပြည်သူမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတာကို ကျွန်မတို့ ပြည်သူတွေက စွဲစွဲမြဲမြဲ နှလုံးသွင်းထားဖို့ လိုပါတယ်။ ဒီမိုကရေစီဆိုတာ ဒါပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ပြည်သူလူထု ရွေးချယ်လိုက်သည့် အစိုးရများသည် ပြည်သူလူထု၏ ဆန္ဒကို လေးစားသည့် အစိုးရ၊ ပြည်သူလူထုအပေါ် စေတနာထားသည့် အစိုးရ၊ ပြည်သူလူထု၏ အကျိုးကို ထမ်းဆောင်နိုင်သည့် အရည်အချင်းရှိသော အစိုးရ၊ ပြည်သူလူထုအပေါ်တွင် ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံသည့် အစိုးရ ဖြစ်ရမည်ဖြစ်ပြီး ထိုသို့ အစိုးရမျိုး ဖြစ်ပေါ်ရန် ပြည်သူလူထု၌ တာဝန်ရှိကြောင်း၊ ပြည်သူလူထု အနေဖြင့် မိမိတို့ လိုချင်သည့် ပုံစံဖြစ်အောင် လုပ်မည်ဆိုသည့် စိတ်ဓာတ်မျိုးရှိမှသာ လိုချင်သည့်အစိုးရ ပေါ်လာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Most Read

Most Recent