သဘာဝအရင်းအမြစ်များပေါ် အမှီပြု၍ ရင်းနှီးမြှုပ်နှံသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမျိုးထက် ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် နည်းပညာ ကျန်ရှိခဲ့မည့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုများကိုသာ မြန်မာနိုင်ငံအနေဖြင့် ခွင့်ပြုပေးသင့်ကြောင်း ဒီဇင်ဘာ ၂၂ ရက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်နှိမ်နင်းမှုအပြီး နယ်ပယ်အသီးသီးက ဝေဖန်သုံးသပ်မှုများ ပေါ်ထွက်လာခဲ့သည်။ရရှိထားသော သတင်းများအရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်ခြင်းအား ဒီဇင်ဘာ ၂၃ ရက် နံနက်အစောပိုင်းမှ စတင်ကာ ဆည်တည်း၊ တုံ၊ ရွှေလှေ စသည့် ကျေးရွာများအနီးတွင် ပြုလုပ်ခဲ့ပြီး ရွာသားများက တားဆီးကြရာ ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်နှင့် ပစ်ခတ် လူစုခွဲမှုကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။အလားတူ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက မိုးကြိုးပြင် အလယ်ရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းသည် လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ ယင်းကဲ့သို့ ခြံစည်းရိုးခတ်သည့် မြေနေရာများသည် ဒေသခံတောင်သူများ အနေဖြင့် မြေယာနှင့် သီးနှံလျော်ကြေး တစ်စုံတစ်ရာ ရယူထားခြင်း မရှိသေးသည့်အတွက် ဒေသခံများဘက်မှ တားဆီးခြင်းဖြစ်ကြောင်း၊ ဒေသအာဏာပိုင်များနှင့် ကုမ္ပဏီများဘက်မှ လက်ခံခြင်းမရှိဘဲ စိုက်ပျိုးထားသည့် သီးနှံခင်းများအတွင်း ဇွတ်အတင်းဝင်ရောက်ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။သဘာ၀ သယံဇာတို့တွင် ရင်းနှီးမြှုပ်နှံမှု“၂၀၁၁ မတိုင်ခင်က တိုင်းပြည်မှာဝင်တဲ့ ရင်းနှီးမြှုပ်နှံမှု အများစုက သဘာဝအရင်းအမြစ်ကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။ ရေသယံဇာတကို အခြေခံတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ၊ စွမ်းအင်ကို အခြေခံတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့တွေ၊ သတ္တုအရင်းအမြစ်ကို အခြေခံတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့ပါတယ်။ အဓိက,က ရေအားလျှပ်စစ် ကဏ္ဍရယ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍရယ်၊ သတ္တုကဏ္ဍရယ် ဒီကဏ္ဍသုံးခုက ကျွန်တော်တို့တိုင်းပြည်ရဲ့ ၂၀၁၁ မတိုင်ခင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၈၅ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။လက်ရှိအချိန်တွင်မူ သဘာဝသယံဇာတအပေါ် ရင်းနှီးမြှုပ်နှံမှုထက် ထုတ်လုပ်မှုအပိုင်းကို ဦးစားပေးပြီး ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးနေသည် ဆိုသော်လည်း နောက်ထပ်ခွင့်ပြုပေးသော ရင်းနှီးမြှုပ်နှံမှုများသည် လုပ်ငန်းစတင်နိုင်ခြင်း မရှိသေးသည့် အချိန်တွင် ယခင်ခွင့်ပြုပေးထားသော သယံဇာတအပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှုပ်နှံမှုများ၌ ပြဿနာများ ပေါ်ပေါက်နေသည်ကို နိုင်ငံတော်အစိုးရ အနေဖြင့် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။MIC မဖြတ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောထားများ ရယူ၍ ခွင့်ပြုပေးသည် ဆိုသော်လည်း MIC အား မဖြတ်သည့် ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေ၏ အားနည်းချက်တစ်ရပ်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။“MIC အနေနဲ့ ဖွဲ့စည်းမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (institutional reform) ကို ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ၂၀၁၁ မတိုင်ခင်ကာလက ကြည့်လိုက်ရင် MIC ဆိုတာ အစိုးရက ပုဂ္ဂိုလ်များနှင့်သာ ဖွဲ့စည်းပါတယ်။ အစိုးရက ဝန်ကြီးတွေ ပါပါတယ်။ ဒုဝန်ကြီးတွေ ပါပါတယ်။ ဒီကနေ့ MIC ကို ပြန်ကြည့်လိုက်ရင် ပုဂ္ဂလိက ကဏ္ဍက ပုဂ္ဂိုလ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေ့ MIC မှာ ဖွဲ့စည်းမှုအရ အဖွဲ့ဝင် ၁၃ ယောက် ရှိပါတယ်။ ၁၃ ယောက်မှာ အစိုးရပိုင်းက ခြောက်ယောက် ပါပါတယ်။ ဝန်ကြီးတွေ ပါတယ်။ ဒုဝန်ကြီးတွေ ပါတယ်။ နောက် ကျွန်တော်က အတွင်းရေးမှူးအနေနဲ့ ပါတယ်။ ပုဂ္ဂလိကပိုင်း ဆိုင်ရာကတော့ စီးပွားရေး ပညာရှင်တွေက အဖွဲ့ဝင်အနေနဲ့ ပါတယ်။ အငြိမ်းစား သံအမတ်ကြီးတွေ ပါတယ်။ အငြိမ်းစား ဒုဝန်ကြီးတွေ ပါတယ်။ နောက်အသင်းအဖွဲ့တွေက ဥက္ကဋ္ဌတွေပါတယ်။ UMFCCI က ကိုယ်စားလှယ်တွေ ပါတယ်။ MIC မှာ တတ်တဲ့သိတဲ့ ပညာရှင်တွေ ပုဂ္ဂလိကကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို MIC မှာ ပါဝင်စေပြီးတော့မှ ဆုံးဖြတ်ချက်တွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ MIC မှာ ပုဂ္ဂလိက ခြောက်ယောက်၊ အစိုးရက ခြောက်ယောက်ရဲ့ အလည်ကောင်တည့်တည့်မှာ ရှေ့နေချုပ်ကြီးကလည်း အဖွဲ့ဝင်အနေနဲ့ ပါဝင်ပါတယ်။ ရှေ့နေချုပ်ကြီးကတော့ ဥပဒေနဲ့ ထိန်းကျောင်းပေးတာပေါ့။ MIC ရဲ့ လုပ်တဲ့ကိုင်တဲ့ ကိစ္စသည် ဥပဒေနဲ့ညီအောင် ရှေ့နေချုပ်က ထိန်းကျောင်းပေးတာပါ။ ဒါဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း သမိုင်းကြောင်းတစ်လျှောက်မှာ တစ်ခါမှ ခွင့်ပြုမထားတဲ့ အနေအထားလေးတွေပါ” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို စိစစ်ရာတွင် အဆိုပါ ၁၃ ဦး ပါဝင်သော အဖွဲ့က ကြီးကြပ်စိစစ်ပေးသည် ဆိုသော်လည်း MIC အား မဖြတ်သည့် ရင်းနှီးမြှုပ်နှံမှုများ ရှိနေကြောင်း၊ အထူးသဖြင့် သဘာဝသယံဇာတတွင် ရင်းနှီးမြှုပ်နှံမှုများသည် MIC အား ဖြတ်လေ့မရှိကြောင်း သိရသည်။ဥပမာအားဖြင့် အချို့ ရေအားလျှပ်စစ် စီမံကိန်းများ၊ ရွှေနှင့်သတ္တုတူးဖော်ရေး လုပ်ငန်းများအပြင် အိမ်ရာအဆောက်အအုံ ဆောက်လုပ်သည့် လုပ်ငန်းများတွင်ပါ MIC ကိုမဖြတ်သည့် လုပ်ငန်းများ ရှိနေခြင်းသည် ဥပဒေ၏ အားနည်းချက်တစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် သတ္တုတူးဖော်ရေး ကဏ္ဍများတွင် လုပ်ပိုင်ခွင့်အား ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုပေးလေ့ရှိကြောင်း သိရသည်။ စီးပွားရေး တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုမြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မှုနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ခဲ့သည်။မြန်မာနိုင်ငံတွင် ၂၀၁၀-၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာကြောင်း၊ ယင်းနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ ရှိနေပြီး ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်း တစ်ခုတည်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ တစ်ခုတည်းပင် ၄ ဒသမ ၃ ဘီလျံရှိကြောင်း၊ အဆိုပါ ၄ ဒသမ ၃ ဘီလျံအား ထည့်သွင်းတွက်ချက်ခြင်း မရှိပါက ကဏ္ဍပေါင်းစုံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု သန်း ၃၀၀ သာ ရှိခဲ့ကြောင်း၊ ထို့အတူ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၁ ဒသမ ၄၁၉ ဘီလျံ ရှိသည့်အတွက် ယခင်နှစ်ထက် ငါးဆနီးပါး တက်ခဲ့ကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ၄ ဒသမ ၁၀၇ ဘီလျံရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် သုံးဆ ထပ်တက်ခဲ့ကြောင်းနှင့် လက်ရှိဘဏ္ဍာနှစ်တွင် အောက်တိုဘာလကုန်အထိ ခုနစ်လတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၄ ဒသမ ၁၉၇ ဘီလျံသို့ ရောက်ရှိခဲ့ကြောင်း၊ MIC မှ ရရှိသော ကိန်းဂဏန်းများအရ သိရသည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အခန်း(၂)တွင်မူ တားမြစ်ကန့်သတ်ထားသည့် လုပ်ငန်းများအား ဖော်ပြထားပြီး သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေသော လုပ်ငန်းများ၊ ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသော လုပ်ငန်းများ၊ နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်သည့် လုပ်ငန်းများ စသည်သဖြင့် ဖော်ပြထားကြောင်း သိရသည်။ခေတ်ဟောင်းက ရင်းနှီးမြှုပ်နှံမှုများယင်းကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ကန့်သတ်ဖော်ပြထားသော်လည်း ယခင်အစိုးရ လက်ထက်မှ ခွင့်ပြုပေးထားသည့် အရင်းအမြစ်အပေါ် အမှီပြုသည့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ပြန်လည်စိစစ်ရန် လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်မှုအချို့လည်း ရှိသည်။
ဥပမာအားဖြင့် အချို့ ရေအားလျှပ်စစ် စီမံကိန်းများ၊ ရွှေနှင့်သတ္တုတူးဖော်ရေး လုပ်ငန်းများအပြင် အိမ်ရာအဆောက်အအုံ ဆောက်လုပ်သည့် လုပ်ငန်းများတွင်ပါ MIC ကိုမဖြတ်သည့် လုပ်ငန်းများ ရှိနေခြင်းသည် ဥပဒေ၏ အားနည်းချက်တစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် သတ္တုတူးဖော်ရေး ကဏ္ဍများတွင် လုပ်ပိုင်ခွင့်အား ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုပေးလေ့ရှိကြောင်း . . . . .
လက်ရှိ လက်ပံတောင်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် မြန်မာဝမ်ပေါင် ကုမ္ပဏီသည် မြန်မာနှင့်တရုတ် ဖက်စပ်ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီဖြစ်ပြီး ပြည်သူလူထု၏ ဆန့်ကျင်မှုအား ရင်ဆိုင်နေရသော ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်သည်။ သို့သော် အဆိုပါ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အချိုးအစားနှင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အချိုးအစားအား ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်မှုမရှိကြောင်း၊ သို့သော် ရရှိထားသော သတင်းအချက်အလက်များအရ ယင်းစီမံကိန်းတွင် မြန်မာဦးပိုင်လီမိတက် အနေဖြင့် ပါဝင်ပတ်သက်မှု ရှိနေကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှု စာချုပ်အား မည်သည့်အချိန်တွင် မည်ကဲ့သို့သော နားလည်မှုမျိုးဖြင့် စာချုပ်ချုပ်ဆိုထားသည်ကို အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ချပြန်ရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။သယံဇာတမှ ရင်းနှီးမြှုပ်နှံမှုတွေက အလုပ်အကိုင် ဖန်တီးပေးနိုင်မလား“နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေက တည်ဖို့လိုပါတယ်။ မတည်ဘူးဆိုရင် နောက်ထပ်ရင်းနှီးမြှုပ်နှံမှု မလာနိုင်ဘူးလို့ ပြောပေမယ့် အခုဖြစ်နေတဲ့ ပြဿနာတွေဟာ ဒေသခံတွေရဲ့ မြေတွေကို သိမ်းယူရာကဖြစ်တဲ့ ပြဿနာဆိုတော့ အဓိက အကြောင်းရင်းက တာဝန်သိ ရင်းနှီးမြှုပ်နှံမှု မဟုတ်တဲ့ အတွက်ကြောင့်ပါ။ ဥပမာ - သီလဝါနဲ့ လက်ပံတောင်းတောင် သိပ်မတူပါဘူး။ သီလဝါလည်း စက်မှုဇုန် အကောင်အထည်ဖော်တော့ ကျူးတွေကို ဖယ်ရတာ ရှိပါတယ်။ ကိစ္စဝိစ္စတွေ မပြတ်သေးပေမယ့် ကုမ္ပဏီရော အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ရောဒေသခံတွေပါ လျော်ကြေးကိစ္စတွေအပြင် ပတ်ဝန်းကျင်ကို ရိုက်ခတ်လာနိုင်တဲ့ သက်ရောက်မှုတွေ မကြာခဏ ဆွေးနွေးတာမျိုးတွေ တွေ့ရပါတယ်။ လက်ပံတောင်းက အဲဒီလိုပုံစံမျိုး မဟုတ်ပါဘူး။ ပွင့်လင်းမြင်သာမှုလည်း မရှိပါဘူး။ ဒီလို လက်ပံတောင်းတောင် စီမံကိန်းအပြင် နောက်ထပ်ပွင့်လင်းမြင်သာမှု မရှိတဲ့ MIC ကို မဖြတ်တဲ့ ကုမ္ပဏီတွေ ရှိနေပါသေးတယ်။ ဥပမာဆိုရင်က ဒူးဂနန်းဒေသမှာ ရုရှားကုမ္ပဏီတစ်ခုဖြစ်တဲ့ Noble Gold ရဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုရင်လည်း ပြည်သူကို ချမပြခဲ့ဘူး။ အဲဒီဒေသ တစ်ဝိုက်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အများကြီး ဖြစ်နေတယ်” ဟု အရပ်ဖက် လူမှုအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ သူတို့ရဲ့ မြေ။ သူတို့မြေကို ဝမ်ပေါင်က သိမ်းတယ်။ သူတို့က လျော်ကြေးမယူဘူး။ လျော်ကြေးမယူထားဘူးဆိုတော့ ဒါ သူတို့ ပိုင်နေတာပဲ။ မယူတာကို သူတို့က လျော်ကြေးအဖြစ် ၁၈ သိန်းပေးတယ်လို့တော့ ကြားတယ်။ ဒီမြေမှာ သီးနှံစိုက်ပျိုးထားတာတွေရှိတော့ ဒီငွေဟာ နည်းတယ်လို့လည်း သူတို့ မြင်ချင်မြင်မယ် . . . . .
အောက်တိုဘာလကုန်အထိ ပြုစုထားသော စာရင်းအရ တရုတ်နိုင်ငံသည် လုပ်ငန်းပေါင်း ၅၈ ခုတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၃၉၁ ဒသမ ၃၃၅ ဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ရပ်တည်နေကြောင်းနှင့် တရုတ်နိုင်ငံ အနေဖြင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကဲ့သို့ စီမံကိန်းများ၊ မဂ္ဂါဝပ် ၇၀၀၀ အထက်ရှိသော မိုင်းတုံရေအားလျှပ်စစ်ကဲ့သို့ စီမံကိန်းကြီးများ၊ မဂ္ဂါဝပ် ၁၂၀၀ အထက်ရှိသည့် နောင်ဖစီမံကိန်းကဲ့သို့ စီမံကိန်းများ၊ မဂ္ဂါ ဝပ် ၁၃၆၀ စက်တပ်ဆင်အားရှိသည့် ဟက်ကြီးရေအားလျှပ်စစ် စီမံကိန်းကဲ့သို့ စီမံကိန်းများ အပါအဝင် ရေအားလျှပ်စစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်း ရှစ်ခုဝန်းကျင် ရှိနေကြောင်းနှင့် အထူးသဖြင့် သဘာဝသယံဇာတ အရင်းအမြစ်များပေါ်တွင် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများသည် ထုတ်လုပ်မှု ကဏ္ဍကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်း အများအပြားလည်း ဖန်တီးပေးနိုင်မှု မရှိကြောင်းလည်း သိရသည်။ပြည်သူတွေရဲ့ အသံ“လက်ပံတောင်းပြဿနာမှာ အစိုးရအနေနဲ့ အခုထက်ပိုပြီး ပွင့်လင်းဖို့ လိုပါတယ်။ အခုဖြစ်နေတာက အစိုးရက မပွင့်လင်းတော့ ဒီစီမံကိန်းက နိုင်ငံတော်က လုပ်တယ်လို့ ပြည်သူက မခံစားရပါဘူး။ နိုင်ငံတော်က အကျိုးရှိတယ်လို့လည်း ဘယ်သူမှ မမြင်ဘူး။ လူတွေသိတာက ဦးပိုင်နဲ့ဝမ်ပေါင်လို့ပဲ မြင်နေတယ်။ မြင်နေတဲ့ အခါကျတော့ ဟိုနေ့က ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ တော်တော်ဝမ်းနည်းဖို့ ကောင်းပါတယ်။ တကယ်တမ်းကျတော့ ဒီမြေက ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ သူတို့ရဲ့ မြေ။ သူတို့မြေကို ဝမ်ပေါင်က သိမ်းတယ်။ သူတို့က လျော်ကြေးမယူဘူး။ လျော်ကြေးမယူထားဘူးဆိုတော့ ဒါ သူတို့ ပိုင်နေတာပဲ။ မယူတာကို သူတို့က လျော်ကြေးအဖြစ် ၁၈ သိန်းပေးတယ်လို့တော့ ကြားတယ်။ ဒီမြေမှာ သီးနှံစိုက်ပျိုးထားတာတွေရှိတော့ ဒီငွေဟာ နည်းတယ်လို့လည်း သူတို့ မြင်ချင်မြင်မယ်။ ဥပမာ-ထိုင်းမှာဆိုရင် ရထားလမ်း ဖောက်တဲ့အခါမှာ ပိုင်ရှင်ကျေနပ်လောက်အောင် ညှိပြီးပေးတာ ရှိတယ်။ အခု ဒီမှာ လက်ပံတောင်းမှာ ဖြစ်တဲ့ကိစ္စက နည်းနည်းထပ်ပြီး တိုးပေးပြီး ညှိလိုက်ရင် အဆင်ပြေသွားနိုင်တယ်။ အဲလို မလုပ်ခဲ့တဲ့အတွက် အလကားနီးပါး လိုချင်တဲ့အတွက် ဒီလိုကြေကွဲစရာ ဖြစ်ခဲ့တယ်။ ကြေကွဲစရာဖြစ်ရတဲ့ အထဲမှာမှ တရုတ်လူမျိုးတွေက ဝင်ပါနေတယ်။ မြန်မာပြည်မှလာပြီး တရုတ်လုံခြုံရေးတွေက နှိပ်ကွပ်နေသလို ဖြစ်တဲ့အခါ ဒေသခံတွေအတွက် ခံပြင်းစရာတွေ ဖြစ်လာတယ်။ အစိုးရအနေနဲ့ ဒီလိုမဖြစ်အောင် စီစဉ်ပေးသင့်တယ်။ ဥပမာ-အစိုးရက ပြည်သူကို ချပြသင့်တယ်။ နိုင်ငံအကျိုးအတွက် ဘယ်လောက်ဘယ်မျှ ရမယ်ဆိုတာမျိုး ချပြသင့်တယ်။ အခုတော့ ဘယ်သူက ဘယ်လောက်ရမှန်းလည်း မသိဘူး။ အဲဒီအချိန်မှာ အခုလို အသားလွတ်ကြီး ခံရတာမျိုးကျတော့ လူတွေက မကျေနပ်ကြဘူးပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ကြည့်တော့လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ လာဘ်သိပ်ထိုး လုပ်သလိုမျိုး ဖြစ်နေတယ်။ အဲဒီအတွက် မကောင်းဘူးလို့ပဲ မြင်ပါတယ်။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ကြားရတာလည်း စိတ်မကောင်း ဖြစ်ရပါတယ်” ဟု စာရေးဆရာ ဦးကောင်းသန့်က ပြောပြခဲ့သည်။လက်ပံတောင်းတောင် စီမံကိန်း လုပ်ငန်းခွင်မှ ယန္တရားများကို ၂၀၁၄ ခုနှစ် မေက တွေ့ရစဉ်
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြောင်းလဲလာတဲ့ခေတ်မှာ လက်ခံလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိသလို စစ်အစိုးရ လက်ထက်က ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဒီဘက်အစိုးရ လက်ထက်အထိ ပါလာတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ပြည်သူလူထုရဲ့ဘ၀ ပျက်ပြားသွားတဲ့ အခြေအနေတွေအတွက် အစိုးရအဟောင်း လက်ထက်မှာ သူတို့ဘာမှ ဖော်ထုတ်ခွင့် မရခဲ့ဘူး။ ဒီဘက်ခေတ်မှာတော့ ဒီလိုအနေအထားပေါ်မှာ ပြုပြင်ပေးဖို့ လူထုဘက်က တောင်းဆိုလာတာတွေ ရှိတယ်။ ဒါပေမဲ့ ဒီအခြေအနေပေါ်မှာ လက်ရှိအစိုးရဘက်ကနေပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မှုမှာ အားနည်းနေတာ တွေ့ရတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကိုလည်း ဆောင်ရွက်ပေးနိုင်မှု ပြည့်ပြည့်၀၀ မရှိဘူးလို့ မြင်တယ်။ အဲဒီလို ပြည့်ပြည့်၀၀ ဆောင်ရွက်ပေးနိုင်မှု မရှိဘဲနဲ့ တစ်ဖက်က အင်အားသုံးပြီး ဖြေရှင်းလာတာတွေက မဖြစ်သင့်ပါဘူး။ နောက်တစ်ခုက ဒီအပေါ်မှာ ဒါဟာ နိုင်ငံရေး ကစားကွင်းတစ်ခုလည်း မဖြစ်သင့်ပါဘူး။ မလုပ်သင့်ဘူးလို့ပဲ ကျွန်တော်မြင်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့ နေရာမှာ ပွင့်လင်းမြင်သာပြီး ပြည်သူလူထု လက်ခံနိုင်တဲ့ အခြေအနေမျိုးတွေကို ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့် အခု ဝမ်ပေါင်နဲ့ဖြစ်တဲ့ ကိစ္စမှာ လက်ရှိအစိုးရမှာ တာဝန်ရှိတယ်လို့ပဲ ပြောချင်ပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတာတွေနဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတိုင်း အားလုံးနီးပါး လိုလိုမှာ အစိုးရရဲ့ ဆောင်ရွက်မှုက ဒီအတိုင်းပဲ ဖြစ်နေပါတယ်။ ဒါဟာ စီမံကိန်းဧရိယာ ဖြစ်သွားပြီ။ သိမ်းဆည်းပြီးသွားပြီ။ ဘာမှ လုပ်ပေးစရာ မလိုတော့ဘူးဆိုတဲ့ စကားရပ်တွေနဲ့ပဲ တုံ့ပြန်လာတာမျိုးတွေပဲ တွေ့နေရတယ်။ ဒီအခြေအနေပေါ်မှာ လူထုရဲ့ မခံမရပ်နိုင်ဖြစ်မှု၊ သူတို့ရဲ့ဘ၀ ပျက်စီးမှုတွေကြောင့် သူတို့ရဲ့ တောင်းဆိုမှုတွေအပေါ်မှာ အခုလို လက်နက်သုံးပြီး ဖြိုခွဲတာဟာ မဖြစ်သင့်တဲ့ အနေအထား တစ်ခုပါ။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအတွေကို လက်ပံတောင်းတောင် အစီရင်ခံစာနဲ့အညီ ဖြေရှင်းပေးသင့်တယ်လို ပြဲမြင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဖြိုးမင်းသိန်းက ဆိုသည်။“လက်ပံတောင်းတောင်ကိစ္စက တကယ့်တကယ်မှာ အစီရင်ခံစာ ထွက်ပြီးကတည်းက လူတွေက နောက်ကလိုက်မလုပ်ကြဘူး။ လိုက်မလုပ်တော့ ပြဿနာတွေက နောက်ကွယ်မှာ အများကြီး ဖြစ်နေကြတယ်။ ဒါက အစိုးရက နဂိုကတည်းက ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စ။ မြစ်ဆုံကိစ္စမှာကျတော့ သမ္မတဦးသိန်းစိန် ဝင်ပြောလိုက်တဲ့အတွက် အဆင်ပြေသွားတယ်။ လက်ပံတောင်း ကိစ္စကျတော့ ဖြစ်နေတာကြာပြီ။ အထူးသဖြင့် မြေစာတွေလိုက်ပုံတဲ့ ကိစ္စ၊ လယ်တွေပျက်တယ်ဆိုပြီး ဖြစ်လာတယ်။ ဒါနဲ့ပတ်သက်ပြီး တစ်ခုခု ပွင့်လင်းမြင်သာစွာ ပြောသင့်တယ်။ ဒီနေရာမှာ လုပ်လို့မရရင် ဘယ်လိုလုပ်မယ်ဆိုတာ ညှိနှိုင်းသင့်တယ်။ အခုကျတော့ တစ်ယောက်နဲ့တစ်ယောက် ပြဿနာတွေဖြစ်တယ်။ ဖြစ်တယ်ဆိုတာက ပြည်သူအချင်းချင်း ဖြစ်နေရတာ အထက်က မပါဘူး။ ရသမျှ အကျိုးကျေးဇူးက အဲ့ဒီပြည်သူတွေရတာ မဟုတ်ဘူး။ အကျိုးကျေးဇူးက အထက်ကလူတွေ ရတာ။ တရုတ်ကလည်း ရတယ်။ မြန်မာကလည်း ရချင်ရမယ်။ သူတို့ပဲ ရကြပြီး ပြည်သူတွေက နစ်နာတဲ့အခါကျတော့ ဒါဟာ မှားယွင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာတယ်။ တိုင်းပြည်က ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ အင်မတန်နုနယ်တဲ့ အချိန်မှာ ပြဿနာတွေ ဖြစ်လာတယ်။ ဆိုတော့ အစိုးရရော၊ CSO အဖွဲ့တွေရော ကုမ္ပဏီဘက်ကရော၊ လွှတ်တော်ပိုင်းရော၊ ဒီနေရာတွေအထိ သွားပြီးတော့ ရှင်းလင်းကြဖို့ လိုတယ်။ မြင်ကွင်းကိုလည်း ပြပေးဖို့ လိုတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာ ပြဖို့လိုတယ်” ဟု စာရေးဆရာ ဒေါက်တာခင်မောင်ညိုက ပြောပြခဲ့သည်။“တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုတာက ပြုလုပ်တဲ့ နိုင်ငံအတွက် substainable ဖြစ်ရမယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကို အထောက်အကူပြုတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဲဒါကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှုလို့ နားလည်ပါတယ်။ လက်ပံတောင်းတို့ကျတော့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဟုတ်မဟုတ် ဆိုတာကို ရေရှည်အကျိုးစီးပွား ဘယ်လောက်ရှိမလဲ ဆိုတာနဲ့ အဲဒီလို ရေရှည်အကျိုးစီးပွားအတွက် အာမခံပေးနိုင်မယ့် စီမံကိန်းမျိုး ဆိုရင်တော့ တစ်မျိုး စဉ်းစားရမှာပေါ့။ နောက်တစ်ခုက သူ့အနေနဲ့ ပတ်ဝန်းကျင်က လူတွေကို ဘယ်လောက် အလုပ်အကိုင် ဖန်တီးပေးနိုင်မလဲ ကြည့်ရမယ်။ ခုလောလောဆယ်မှာ နားလည်နေတာကျတော့ ဒီစီမံကိန်းက ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်ဘူး မြင်နေကြတာရှိတယ်။အဲဒီလို မျိုးဖြစ်နေတဲ့အတွက် job creation ဆိုတဲ့ သဘောလေး ပျောက်နေတာတွေ့ရတယ်။ ဥပမာ-Technology ရနိုင်တဲ့ စီမံကိန်းမျိုး ဆိုရင်လည်း ဒါဟာ အကျိုးပြုနိုင်တဲ့ စီမံကိန်းမျိုးလို့ ပြောလို့ရတာပေါ့။ income generation ဖြစ်ရင်လည်း ကောင်းတယ်။ ဒါတွေနဲ့ ကိုက်ညီဖို့တော့ လိုတယ်။ အဲလို ကိုက်ညီရင်တော့ responsible investment ဖြစ်နိုင်တယ်၊ ဖြစ်တယ်မဖြစ်ဘူး ဆိုတာကတော့ case by case ပဲ စဉ်းစားရမှာပေါ့။ စဉ်းစားတဲ့အခါမှာလည်း ရေတိုရေရှည်အတွက် စဉ်းစားသင့်ပါတယ်လို့ ပြောချင်တယ်။ အခုချိန်မှာတော့ ဆရာမတို့လည်း သတင်းအတိအကျ ဘာမှမရသေးတဲ့အတွက် သေချာတပ်အပ်တော့ မပြောတတ်သေးပါဘူး” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အငြိမ်းစားပါမောက္ခ ဒေါ်လှမြင့်က ပြောကြားခဲ့သည်။