အရည်အချင်းပြည့်ဝသည့် ပြည်သူများဖြစ်လာပါက အစိုးရကို ထိန်းနိုင်သည့် သဘောရှိသောကြောင့် တိုင်းပြည်ကံကြမ္မာကို ဦးဆောင်ပုံသွင်းနိုင်သည့် ပြည်သူများဖြစ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အရည်အချင်းပြည့်ဝသည့် ပြည်သူများဖြစ်လာပါက အစိုးရကို ထိန်းနိုင်သည့် သဘောရှိသောကြောင့် တိုင်းပြည်ကံကြမ္မာကို ဦးဆောင်ပုံသွင်းနိုင်သည့် ပြည်သူများဖြစ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 26 December 2014
ဝေယံဖြိုးဦး၊ အောင်ဇော်ထွန်း

အရည်အချင်း ပြည့်ဝသည့် ပြည်သူများ ဖြစ်လာပါက အစိုးရကို ထိန်းနိုင်သည့် သဘောရှိသောကြောင့် တိုင်းပြည်ကံကြမ္မာကို ဦးဆောင်ပုံသွင်းနိုင်သည့် ပြည်သူများ ဖြစ်လာရန် လိုအပ်သည်ဟု ဒီဇင်ဘာ ၂၆ ရက်က ကော့မှူးမြို့တွင် ပြုလုပ်သည့် ကော့မှူးမြို့တည် နှစ် (၅ဝ) ပြည့် ရွှေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အဆိုးဆုံးအစိုးရ ဆိုသည်မှာ ပြည်သူလူထုက ရွံရှာမုန်းတီးသည့် အစိုးရဖြစ်ကြောင်း၊ ယင်းထက် နည်းနည်းပိုသာသည့် အစိုးရမှာ ပြည်သူလူထုက ကြောက်ရသည့် အစိုးရဖြစ်ကြောင်း၊ အကောင်းဆုံး အစိုးရဆိုသည်မှာ ပြည်သူလူထုက ရှိမှန်းတောင် မသိရသည့် အစိုးရဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူလူထုက အစိုးရသိမှန်းတောင် မသိဘူးဆိုတာ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူလူထုကိုယ်တိုင်က အစိုးရ ဖြစ်နေလို့ပဲ။ ပြည်သူလူထုကိုယ်တိုင် အရည်အချင်း ပြည့်ပြည့်ဝဝနဲ့ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာကို ဦးဆောင်ပြီးတော့ ပုံစံသွင်းနိုင်တဲ့ ပြည်သူလူထု ဖြစ်နေဖို့ပဲလိုတယ်” ဟု ပြောကြားသည်။
“အစိုးရဆိုတာ ရှိရတာပဲ မရှိလို့ မဖြစ်ဘူး။ နိုင်ငံတစ်နိုင်ငံမှာ ဆိုလို့ရှိရင် အုပ်ချုပ်ရေး ယန္တရားဆိုတာ မရှိလို့မဖြစ်ဘူး။ ဒီအုပ်ချုပ်ရေး ယန္တရားကို ဦးဆောင်တာက အစိုးရပဲ။ ဒါနဲ့ ပြည်သူတွေက သိပ်ပြီးအရည်အချင်းနဲ့ ပြည့်စုံတဲ့အခါကျရင် ပြည်သူက အစိုးရကို ထိန်းထားတဲ့ သဘောရှိတယ်။ အစိုးရက ပြည်သူကို ထိန်းထားတာမဟုတ်ဘူး။ အဲဒါကြောင့် ပြည်သူလူထုက အရည်အချင်းနဲ့ ပြည့်ဝတဲ့အခါ အစိုးရဆိုတာ ရှိမှန်းတောင်သိဖို့မလိုဘူး။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်ဖန်တီးတဲ့ ပြည်သူလူထုကို ဖြစ်နိုင်ဖို့လိုတယ်။ အဲဒါကြောင့် ကျွန်မတို့ ကော့မှူးက ပြည်သူတွေလည်း ဒီအတိုင်းပဲ ဖြစ်စေချင်တယ်” ဟု ပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက် များစွာအရေးကြီးကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှသာ ပြည်သူများ လုံခြုံနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဥပဒေဆိုသည်မှာလည်း ပြည်သူများအား ထိန်းချုပ်ရန်အတွက် မဟုတ်ကြောင်း၊ မတရားသည့် ဥပဒေများ ရှိနေပါကလည်း ပြည်သူများ လုံခြုံမှုရှိမည်မဟုတ်ဟု ပြောကြားသည်။
ကော့မှူးမြို့အပါအဝင် မြန်မာနိုင်ငံရှိ မြို့နယ်အများစုသည် ဖွံ့ဖြိုးမှုနိမ့်ကျလျက် ရှိကြောင်း၊ မြန်မာနိုင်ငံသည်လည်း မဖွံ့ဖြိုးသေးသည့် နိုင်ငံဟု ပြော၍ရကြောင်း၊ ဖွံ့ဖြိုးမှု နိမ့်ကျနေသည့် အခြေအနေမှ မြှင့်တင်နိုင်ရန် မည်သည့်သယံဇာတမှ ရှိရန်မလိုကြောင်း၊ လက်ရှိအဖွံ့ဖြိုးဆုံး ထိပ်တန်းနိုင်ငံကြီးများတွင် သယံဇာတများစွာ မရှိကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကလိုအပ်ချက်မှာ ပြည်သူများ၏ စိတ်ဓာတ်သည်သာ အဓိကဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
 
 
 

Most Read

Most Recent