(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားအတွက် တပ်မတော်က တင့်ကားများ၊ တိုက်လေယာဉ်များဖြင့် လေ့ကျင့်

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားအတွက် တပ်မတော်က တင့်ကားများ၊ တိုက်လေယာဉ်များဖြင့် လေ့ကျင့်
Published 26 December 2014
စိုးမင်းထိုက်

(၆၇) နှစ်မြောက်လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတွင် သမ္မတအား တက်ရောက် အလေးပြုရန်အတွက် တပ်မတော်မှ တင့်ကားများ၊ တိုက်လေယာဉ်များဖြင့် ဒီဇင် ဘာ ၂၆ ရက် နံနက်ပိုင်းက စတင်လေ့ကျင့်ခဲ့သည်။
ဒီဇင်ဘာ ၂၆ ရက်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ ကိုယ်စားပြုအဖွဲ့များ၊ တင့်ကားများ၊ တာဝေးပစ်အမြောက်များ၊ ဒုံးလက်နက်များ၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စတင်လေ့ကျင့်ခဲ့သည်။
၂ဝ၁၅ ခုနှစ် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားအတွက် ဒီဇင်ဘာ ၂၄ ရက်မှစကာ အကြိုလေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁ ရက်အထိ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ရှုခံအခမ်းအနားတွင် သမ္မတအား တက်ရောက်အလေးပြုရန်အတွက် တပ်မတော်မှ တင့်ကားများ၊ တိုက်လေယာဉ်များဖြင့် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက လေ့ကျင့်နေသည်ကို တွေ့ရစဉ်
ဗိုလ်ရှုခံအခမ်းအနားတွင် နိုင်ငံတော်သမ္မတအား တပ်မတော် ကြည်း၊ ရေ၊ လေမှ ကိုယ်စားပြုအဖွဲ့များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားပြုအဖွဲ့များ၊ ကင်းထောက်အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကိုယ်စားပြုအဖွဲ့များ စသည်ဖြင့် တက်ရောက်အလေးပြု ကြမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ်တွင်ကျင်းပမည့် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားမှာ ၁၉၆၂ ခုနှစ် နောက်ပိုင်း ပထမဆုံးကျင်းပမည့် အခမ်းအနားဖြစ်ကြောင်း သိရသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ၁၉၄၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။

ဗိုလ်ရှုခံအခမ်းအနားတွင် သမ္မတအား တက်ရောက်အလေးပြုရန်အတွက် တပ်မတော်မှ တင့်ကားများ၊ တိုက်လေယာဉ်များဖြင့် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက လေ့ကျင့်နေသည်ကို တွေ့ရစဉ်
၁၉၄၉ ခုနှစ်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား ကျင်းပခဲ့ကြောင်း၊ ၁၉၄၉ ခုနှစ်တွင် နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်နှင့် ဒေါက်တာဘဦးတို့ တက်ရောက်ခဲ့ကြောင်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ် ဗိုလ်ရှုခံအခမ်းအနားကို ပြည်လမ်းတွင် ကျင်းပခဲ့ရာ၌ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦးနှင့် သမ္မတ မန်းဝင်းမောင်တို့ တက်ရောက်ခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခြင်း မရှိတော့ကြောင်း၊ ၂ဝ၁၅ ခုနှစ် လွတ်လပ်ရေး ဗိုလ်ရှုခံအခမ်းအနား ပြန်လည်ကျင်းပသည်မှာ နှစ် ၅ဝ ကြာမှ ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။   

ဗိုလ်ရှုခံအခမ်းအနားတွင် သမ္မတအား တက်ရောက်အလေးပြုရန်အတွက် တပ်မတော်မှ တင့်ကားများ၊ တိုက်လေယာဉ်များဖြင့် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက လေ့ကျင့်နေသည်ကို တွေ့ရစဉ်
ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဗိုလ်ရှုခံအခမ်းအနား ကျင်းပရန် ရှိမရှိ မေးမြန်းခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ၏ သဘောထား အတိုင်းဖြစ်ကြောင်း ဖြေကြားခဲ့ကြောင်း သိရသည်။
လွတ်လပ်ရေးနေ့တွင် ကျင်းပတော့မည့် ဗိုလ်ရှုခံအခမ်းအနားသည် ယခင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကာ ပြီးခဲ့သည့် ငါးနှစ်အတွင်း တပ်မတော်နေ့ အခမ်းအနားများထက် ပိုမိုကြီးကျယ် ခမ်းနားဖွယ်ရှိကြောင်း သုံးသပ်မှုများအရ သိရသည်။      
 
 
 

Most Read

Most Recent