မြေယာပြဿနာကို မဖြေရှင်းပေးနိုင်လျှင် အများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရမည်ဖြစ်ပြီး အစိုးရနှင့်လွှတ်တော် ကျန်ရှိသက်တမ်းအတွင်း အပြီးဖြေရှင်းပေးရန်လိုဟု သူရဦးရွှေမန်း ပြောကြား

မြေယာပြဿနာကို မဖြေရှင်းပေးနိုင်လျှင် အများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရမည်ဖြစ်ပြီး အစိုးရနှင့်လွှတ်တော် ကျန်ရှိသက်တမ်းအတွင်း အပြီးဖြေရှင်းပေးရန်လိုဟု သူရဦးရွှေမန်း ပြောကြား
Published 26 December 2014

ယနေ့အချိန်ကာလတွင် မြေယာပြဿ နာကို မဖြေရှင်းပေးနိုင်လျှင် အများ၏ပြစ်တင်ရှုတ်ချခြင်းကို ခံရမည်ဖြစ်ပြီး လက်ရှိအစိုးရနှင့် လွှတ်တော်တို့၏ ကျန်ရှိသည့်သက်တမ်းအတွင်း အပြီးဖြေရှင်းပေးရန်လိုသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့တွင် ဒီဇင်ဘာ ၂၄ ရက်ကပြုလုပ်သည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း  ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ထားသည်။“တစ်နေရာနှင့် တစ်နေရာ မတူညီသော်လည်း ကြုံတွေ့နေရသည့်  မြေယာပြဿနာ များသည် လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝ ကျော်ကပင်  ဖြစ်ပေါ်ခဲ့သည့် ပြဿနာများပင်ဖြစ်ကြောင်း၊ ယနေ့အချိန်ကာလတွင် မြေယာပြ ဿနာများကို ဖြေရှင်းမပေးနိုင်ခဲ့လျှင် မိမိတို့ တာဝန်မကျေရာရောက်မည်ဖြစ်ပြီး အများ၏ပြစ်တင်ရှုတ်ချခြင်းကိုလည်း ခံရမည်ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရနှင့် လွှတ်တော်တို့၏ ကျန်ရှိသည့် တစ်နှစ်ကျော် သက်တမ်းကာလအတွင်း အပြီးဖြေရှင်းဆောင်ရွက်ပေးရန်လိုကြောင်း”ဟု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။အစိုးရအဖွဲ့အစည်းများအနေဖြင့် မြေယာပြဿနာဖြေရှင်းပေးမှုအရေအတွက်မှာ လွန်စွာနည်းပါးနေပြီး လက်ရှိဖြေရှင်းမှုနှုန်းနှင့်ဆိုလျှင် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်မည့်အခြေအနေ မရှိနိုင်ကြောင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်က (၁၁)ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အစီရင်ခံစာတင်ရာတွင် ထည့်သွင်းပြောကြားသည်။မြေယာစီမံခန့်ခွဲရေးဗဟိုကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊မြို့နယ်၊ ကျေးရွာအဆင့်ဆင့်မှ မြေယာစီမံခန့်ခွဲရေးကော်မတီများအား တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခဲ့ပြီး တာဝန်အရှိဆုံးမှာ ရပ်ကွက်၊ ကျေးရွာမြေယာစီမံခန့်ခွဲရေးကော်မတီများပင် ဖြစ်ပါကြောင်း၊ ယင်းတို့အနေဖြင့် မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဆိုသည်။သက်ဆိုင်ရာမှ ပြန်လည်စွန့်လွှတ်ထားသည့် လယ်ယာမြေများနှင့် ပတ်သက်၍ မူလ လက်ငုတ်လက်ရင်းလယ်သမားများထံ အမှန်တကယ် မရောက်ရှိမှုများရှိနေကြောင်း  လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့က ထိထိရောက်ရောက် ကြပ်မတ်ပေးရန်လိုကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။အစိုးရဌာနများအနေဖြင့် လိုအပ်ချက်ထက် ပိုမိုသိမ်းဆည်းပြီး အသုံးမပြုသောမြေကို သီးစားအငှားချထား၍ ဝန်ထမ်းသက်သာကိုအကြောင်းပြကာ ကိုယ်ကျိုးရှာနေမှုများလည်း တွေ့ရှိရကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်က ပြောကြားထားသည်။ယခု ၂ဝ၁၄ ခုနှစ်သည် လယ်ယာမြေပြဿနာနှင့် လယ်ယာမြေပဋိပက္ခများစွာ ဖြစ်ပွားသည့်နှစ်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားထားသည်။             

Most Read

Most Recent