ကေအိုင်အေမှအပ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ကို ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်ရန် အစိုးရဖိတ်ကြား

ကေအိုင်အေမှအပ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ကို ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်ရန် အစိုးရဖိတ်ကြား
Published 25 December 2014
အောင်ဇော်ထွန်း

၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ကျ ရောက်မည့် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဗိုလ်ရှုခံအခမ်းအနားကို နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ ယင်းအခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ကို အစိုးရက ဖိတ်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။
အဆိုပါ ဖိတ်ကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တွင် အစိုးရ နှင့်အပစ်အခတ်ရပ်စဲရေး မလုပ်ဆောင်ရသေးသည့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေပါဝင်ခြင်း မရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ဖိတ်ထားတယ်။ ဖိတ်ကြားစာတွေပို့နေပြီ” ဟု ဒီဇင်ဘာ ၂၄ ရက်က အတည်ပြု ပြောကြားသည်။
လက်ရှိအစိုးရသစ် လက်ထက်တွင် အစိုးရနှင့် အပစ်ရပ်စဲရေး ဆောင်ရွက်ပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့ရှိပြီး ယင်းတို့မှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊]ဝ} ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့(UWSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)မိုင်းလားအဖွဲ့(NDAA)၊  ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) တို့ဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)နှင့် အပစ်ရပ်စဲရေး လက်မှတ်မရေးထိုး ရသေးသော်လည်း နှစ်ဖက်အကြား တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
ထို့ပြင် KIA သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တွင် ကိုယ်စားလှယ်ပါဝင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသည်။  
 

Most Read

Most Recent