အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးထားသောငွေများကို SMEs များသို့ ဗဟိုဘဏ်က ရှစ်ရာခိုင်နှုန်းကျော်ဖြင့် ပြန်ချေးသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဗဟိုဘဏ် ပြောကြား

အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးထားသောငွေများကို SMEs များသို့ ဗဟိုဘဏ်က ရှစ်ရာခိုင်နှုန်းကျော်ဖြင့် ပြန်ချေးသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဗဟိုဘဏ် ပြောကြား
Published 23 December 2014
အငယ်ထွေး၊ နီလာ

ပြည်တွင်းရှိ အသေးစားနှင့်အလတ် စားစီးပွားရေးလုပ်ငန်း (SMEs) များကို ပြည်ပမှ ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် ချေး ယူထားသောငွေများကို ဗဟိုဘဏ်က ရှစ် ရာခိုင်နှုန်းကျော်ဖြင့် ပြန်ချေးသည်ဆိုခြင်းမှာ  မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။“ဟိုနေ့က ဂျာနယ်တစ်စောင်မှာ အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းနဲ့ ချေးတဲ့ငွေကို ဗဟိုဘဏ်ကနေပြီးတော့ ရှစ်ရာခိုင်နှုန်းကျော်နဲ့ SMEs ကဏ္ဍအတွက် ပြန်ပြီးတော့ ဘဏ်တွေကိုငွေချေးမယ်လို့ ရေးထားပါတယ်။ ဗဟိုဘဏ်က ဥပဒေအရ ဘယ်သူ့ကိုမှချေးလို့ မရပါဘူး။ ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်သည် နိုင်ငံတော်အစိုးရကိုပဲ ငွေချေးလို့ရပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဝန်ကြီးဌာနတွေကိုတောင် ချေးလို့မရပါဘူး။ ငွေချေးတယ်ဆိုရင်တောင် အစိုးရကနေပြီးတော့ Treasury Bill ကို အပေါင်ထားပြီးတော့ ချေးရတာပါ။ ဝန်ကြီးဌာနတစ်ခုခုကို အရမ်းချေးချင်တယ်ဆိုရင်တောင် ဥပဒေအရ ချေးလို့မရဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ တောင်းပန်ချင်တာ က Banking တို့  Financial market တို့ဆိုတာ တော်တော်လေးကျယ်ပြန့်ပါတယ်။ တကယ်လို့ ဂျာနယ်တွေမှာ ရေးမယ်ဆိုရင်လည်း သေသေချာချာလေးမေးမြန်းပြီးတော့မှ ရေးစေချင်ပါတယ်။ အဲလို မမေးလို့ရှိရင် နားလည်မှုလွဲတာတွေဖြစ်ပေါ်လာရင် မကောင်းပါဘူး”ဟု ဦးဆက်အောင်က ပြောကြားသည်။လက်ရှိအချိန်တွင် ပြည်တွင်းရှိအသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် စိန်ခေါ်မှုများ များစွာရှိနေပြီး ငွေကြေးရရှိမှုအခက်အခဲများရှိသကဲ့သို့ အခြားတစ်ဖက်တွင် အရည်အသွေးမီ ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိရေးတို့တွင်လည်း အခက်အခဲများစွာရှိနေကြောင်း သိရသည်။“မြန်မာနိုင်ငံမှာက SME တွေမှာ ငွေကြေးဆိုင်ရာအရင်းအမြစ် (Lack of Financial sources) မရှိပါဘူး။ SME တွေမှာ အပေါင်ပစ္စည်း မရှိကြပါဘူး။ ကျွန်တော်တို့ SME တွေ အကုန်လုံးက ငွေချေးဖို့ပဲသိပါတယ်။ ဘယ်ကနေချေးမှာလဲ။ မိတ်ဆွေအပေါင်းအသင်းဆီကနေ ချေးလို့ရတယ်။ ဘဏ်ကလည်းငွေချေးလို့ရတယ်။ Non-Bank Financial Institution တွေကလည်း ချေးလို့ရပါတယ်။ Bonds Market ကနေပြီးတော့လည်း Bonds တွေကို ထုတ်ရောင်းလို့ရပါတယ်။ နောက် စတော့ဈေးကွက်ကလည်း Stock တွေထုတ်ရောင်းပြီး ကိုယ်လိုချင်တဲ့ငွေကြေးကို ယူလို့ ရတယ်။ အဲလို ငွေရနိုင်တဲ့ပင်ရင်းတွေက ကျွန်တော်တို့လိုနိုင်ငံတွေအတွက်က တော်တော်နည်းပါတယ်။ ကျွန်တော်တို့ဆီမှာ Bonds တွေ ထုတ်ရောင်းပြီးတော့ ငွေရနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ Stock Market ဆိုတာလည်း ကျွန်တော်တို့ဆီမှာ အခုမှပဲစတာပါ။ တကယ်တမ်းမှာသူလည်း ၂ဝ၁၅ လောက်မှ စဖြစ်မှာပါ။ ဘဏ်မှာငွေချေးမယ်ဆိုပြန်တော့လည်း Demand က များနေပြီးတော့ Supply က မလိုက်နိုင်ပါဘူး။  ကျွန်တော်တို့ဆီမှာ ငွေရနိုင်တဲ့ပင်ရင်းတွေ အားနည်းပါတယ်”ဟု ဦးဆက်အောင် က ပြောကြားသည်။မြန်မာနိုင်ငံတွင် L\C စနစ် မထွန်းကားခြင်းသည်လည်း SMEs များကို အထောက်အပံ့ပေးရာတွင် အခက်အခဲတစ်ခုဖြစ်ကြောင်း၊ L\C စနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ပါက ဘဏ်မှ ငွေစိုက်ပေးထားသည့်အတွက် SMEs များအနေဖြင့် နှစ်ရင်း၊ သုံးရင်း ရင်းရန်မလိုကြောင်း၊ လက်ရှိအချိန်တွင် ယင်းစနစ်မရှိသေးသော်လည်း နောက်ပိုင်း နိုင်ငံတကာဘဏ်များ ဝင်လာပါကဖြစ်လာနိုင်ကြောင်း ၎င်းက ပြောကြားသည်။“ပြီးတော့အရမ်းကို ရိုးစင်းတဲ့လွယ်ကူ တဲ့ Financial Products တွေရှိပါတယ်။ ဒါကြောင့် SMEs ဆိုတာက ဘဏ်ကငွေချေးမှ မဟုတ်ဘူး။ ငွေမချေးဘဲနဲ့လည်း ဒီလိုမျိုး Financial Products တွေရှိတယ်ဆိုရင် လုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာ ခုချိန်မှာ အဲဒါတွေမရှိသေးပါဘူး။ ဒါကြောင့် SMEs ကြုံရတဲ့ပြဿနာတွေကတော့ အဲဒါတွေပါပဲ”ဟု ၎င်းက ပြောကြားသည်။၂ဝ၁၅ ခုနှစ်သည် SMEs များအတွက် စိန်ခေါ်နေသည့် ကာလတစ်ခုဖြစ်သော်လည်း လက်ရှိအချိန်အထိ SMEs Law ထွက်မလာသေးကြောင်း အဆိုပါမူကြမ်းအား ၂ဝ၁၂ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့ကြောင်း သိရသည်။ဒီဇင်ဘာ ၂၂ ရက်ထုတ် The Street View ဂျာနယ် အတွဲ ၃၊ အမှတ် ၄၉ တွင် “SME ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒသမ ဝ၁ ရာခိုင်နှုန်းနဲ့ရတဲ့ ချေးငွေကို မြန်မာနိုင်ငံဗဟိုဘဏ်က ရှစ်ရာခိုင်နှုန်းနဲ့ ပြန်ချေးနေတာကိုတော့ ပြန်စဉ်းစားပေးပါ” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြသော မှတ်တမ်းတင်ကောက်နုတ်ချက်ကဏ္ဍတွင် ဖော်ပြချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဠက ပြောကြားခဲ့ခြင်းဖြစ်သည်။

Most Recent